ယခုဘဏ္ဍာနှစ် ၁၀ လတာအတွင်းပုစွန်တန်ချိန် ကိုးထောင်နီးပါးပြည်ပသို့တင်ပို့ခဲ့

211

ကိုဖြိုး(NP News)- ဖေဖေါ်ဝါရီ ၂၅
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် တင်ပို့မှုပမာဏ မြင့်တက်လာကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဘဏ္ဍာနှစ် (၂၀၂၅) ခုနှစ် ဧပြီလ မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအထိ ပြည်ပသို့ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့သည့် တန်ချိန်ပမာဏမှာ ပိုမိုများပြားကြောင်း သိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၈,၁၃၅.၀၇) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃.၃၁၅) သန်း ရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၈၁၅.၇၉) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄.၄၅၄) သန်း ရရှိခဲ့သဖြင့် ပြည်ပသို့ စုစုပေါင်း ပုစွန်မက်ထရစ်တန် (၈,၉၅၀.၈၆) တန် တင်ပို့ကာ အမေရိကန်ဒေါ်လာ (၂၇.၇၆၉) သန်း ရရှိခဲ့ခြင်း ဖြစ်သည်။
"ဒီနှစ်မှာ ပြည်ပကို ပုစွန်တင်ပို့မှု မြင့်တက်လာတယ်လို့ ပြောရမယ်။ အဓိက တင်ပို့တာကတော့ ရေကြောင်းကပါ။ အရင်နှစ် ကာလတူတုန်းကတော့ တန်ချိန် (၇,၀၀၀) ကျော်လောက်ပဲ ပို့နိုင်ခဲ့ပါတယ်" ဟု ရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ပသို့ ပုစွန်တင်ပို့မှုမှာ မက်ထရစ်တန် (၇,၀၂၈.၄၁၈) တန်သာ ရှိခဲ့ရာ ယခုဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ပုစွန်မက်ထရစ်တန် (၁,၉၂၂.၄၄၂) တန် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးနှင့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိသည်။ အဆိုပါ တင်ပို့မှုများကို ရန်ကုန်မြို့မှတစ်ဆင့် ရေကြောင်းဖြင့် တင်ပို့ပြီး နယ်စပ်ဂိတ်များမှတဆင့်လည်း တိုက်ရိုက်တင်ပို့ကြသည်။
လက်ရှိ ပြည်တွင်းရေထွက်ကုန်ဈေးကွက်တွင် ပုစွန်ဈေးနှုန်းများ မြင့်တက်နေပြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် (၅၀,၀၀၀) အထက်တွင် ရှိနေကြောင်း သိရသည်။

Zawgyi version:
ျပည္ပသို႔ ေရထြက္ကုန္ပစၥည္း တင္ပို႔မႈအေနျဖင့္ ယခုဘ႑ာႏွစ္ ၁၀ လတာ ကာလအတြင္း ပုစြန္မက္ထရစ္တန္ ၉,၀၀၀ နီးပါး တင္ပို႔ႏိုင္ခဲ့ၿပီး ယခင္ႏွစ္ထက္ တင္ပို႔မႈပမာဏ ျမင့္တက္လာေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
ဘ႑ာႏွစ္ (၂၀၂၅) ခုႏွစ္ ဧၿပီလ မွ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလအထိ ျပည္ပသို႔ တင္ပို႔မႈတြင္ ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ တင္ပို႔သည့္ တန္ခ်ိန္ပမာဏမွာ ပိုမိုမ်ားျပားေၾကာင္း သိရသည္။
ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွ ပုစြန္မက္ထရစ္တန္ (၈,၁၃၅.၀၇) တန္ တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ (၂၃.၃၁၅) သန္း ရရွိခဲ့သည္။ နယ္စပ္ကုန္သြယ္မႈမွ ပုစြန္မက္ထရစ္တန္ (၈၁၅.၇၉) တန္ တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ (၄.၄၅၄) သန္း ရရွိခဲ့သျဖင့္ ျပည္ပသို႔ စုစုေပါင္း ပုစြန္မက္ထရစ္တန္ (၈,၉၅၀.၈၆) တန္ တင္ပို႔ကာ အေမရိကန္ေဒၚလာ (၂၇.၇၆၉) သန္း ရရွိခဲ့ျခင္း ျဖစ္သည္။
"ဒီႏွစ္မွာ ျပည္ပကို ပုစြန္တင္ပို႔မႈ ျမင့္တက္လာတယ္လို႔ ေျပာရမယ္။ အဓိက တင္ပို႔တာကေတာ့ ေရေၾကာင္းကပါ။ အရင္ႏွစ္ ကာလတူတုန္းကေတာ့ တန္ခ်ိန္ (၇,၀၀၀) ေက်ာ္ေလာက္ပဲ ပို႔ႏိုင္ခဲ့ပါတယ္" ဟု ေရထြက္ကုန္လုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ဘ႑ာႏွစ္က ျပည္ပသို႔ ပုစြန္တင္ပို႔မႈမွာ မက္ထရစ္တန္ (၇,၀၂၈.၄၁၈) တန္သာ ရွိခဲ့ရာ ယခုဘ႑ာႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ပုစြန္မက္ထရစ္တန္ (၁,၉၂၂.၄၄၂) တန္ ပိုမိုတင္ပို႔ႏိုင္ခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံမွ ပုစြန္အပါအဝင္ ငါးႏွင့္ ေရထြက္ကုန္ပစၥည္းမ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ႏွင့္ ဂ်ပန္ အပါအဝင္ ႏိုင္ငံေပါင္း (၄၀) ေက်ာ္သို႔ တင္ပို႔လ်က္ရွိသည္။ အဆိုပါ တင္ပို႔မႈမ်ားကို ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ေရေၾကာင္းျဖင့္ တင္ပို႔ၿပီး နယ္စပ္ဂိတ္မ်ားမွတဆင့္လည္း တိုက္႐ိုက္တင္ပို႔ၾကသည္။
လက္ရွိ ျပည္တြင္းေရထြက္ကုန္ေဈးကြက္တြင္ ပုစြန္ေဈးႏႈန္းမ်ား ျမင့္တက္ေနၿပီး အမ်ိဳးအစားအလိုက္ တစ္ပိႆာလွ်င္ က်ပ္ (၅၀,၀၀၀) အထက္တြင္ ရွိေနေၾကာင္း သိရသည္။