ပါကစ္စတန်လေတပ်က တာလီဘန်ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၊ အဆောက်အအုံ မီးလောင်ပြာကျ

256

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၇
ပါကစ္စတန်လေတပ် (PAF) သည် အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီယာ (Paktia) ပြည်နယ်၊ ဂါဒက်ဇ် (Gardez) မြို့နယ်ရှိ တာလီဘန်ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အာဖဂန်-ပါကစ္စတန်နယ်စပ်တစ်လျှောက် နှစ်နိုင်ငံစစ်တပ်များအကြား တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာသော အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်လေတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် Operation Ghazab Lil Haq" ဟု အမည်ပေးထားသော အကြီးစားစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက စစ်ဆင်ရေးအတွင်း တာလီဘန်တပ်ရင်းဌာနချုပ်တစ်ခု၊ ကဏ္ဍအလိုက် ဌာနချုပ်တစ်ခုနှင့် လက်နက်ခဲယမ်းသိုလှောင်ရုံကြီးတစ်ခုတို့ကို ပါကစ္စတန်လေတပ်က ပစ်မှတ်ထား ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။
ပါကစ္စတန် နိုင်ငံပိုင် မီဒီယာများက အဆိုပါစစ်ဆင်ရေးအတွင်း အာဖဂန် စစ်သွေးကြွ (၅၈) ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အခြားသော အစိုးရသတင်းရင်းမြစ်များကမူ သေဆုံးသူ (၇၂) ဦးအထိ ရှိပြီး (၁၂၀) ကျော် ဒဏ်ရာရရှိထားသည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် တာလီဘန်တို့၏ စစ်စခန်း (၁၂) ခုမှ (၁၆) ခုအထိ အလုံးစုံ ပျက်စီးသွားခဲ့သလို၊ တင့်ကား၊ အမြောက်နှင့် သံချပ်ကာယာဉ်အစီး (၃၀) ကျော်မှ (၃၆) စီးအထိကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ပါကစ္စတန်အစိုးရက အတည်ပြုပြောကြားထားသည်။
ဖေဖော်ဝါရီ (၂၆) ရက်တွင် အာဖဂန်တာလီဘန်အစိုးရဘက်မှ ပါကစ္စတန် နယ်စပ်စခန်းများကို လာရောက် ထိုးစစ်ဆင်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အာဖဂန်ဘက်က ၎င်းတို့၏ တိုက်ခိုက်မှုအတွင်း ပါကစ္စတန်စစ်သား (၅၅) ဦး သေဆုံးခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ပါကစ္စတန်ဘက်ကမူ စစ်သား (၂) ဦးသာ ကျဆုံးခဲ့ကြောင်း ငြင်းဆိုထားကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်တလျှောက် အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း သိရသည်။

Zawgyi Version;
ပါကစၥတန္ေလတပ္က တာလီဘန္ဌာနခ်ဳပ္ကို ဗုံးႀကဲတိုက္ခိုက္၊ အေဆာက္အအုံ မီးေလာင္ျပာက်
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ပါကစၥတန္ေလတပ္ (PAF) သည္ အာဖဂန္နစၥတန္ႏိုင္ငံ၊ ပက္တီယာ (Paktia) ျပည္နယ္၊ ဂါဒက္ဇ္ (Gardez) ၿမိဳ႕နယ္ရွိ တာလီဘန္ဌာနခ်ဳပ္ကို ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ အေဆာက္အအုံတစ္ခုလုံး မီးေလာင္ျပာက်သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ခိုက္မႈသည္ အာဖဂန္-ပါကစၥတန္နယ္စပ္တစ္ေလွ်ာက္ ႏွစ္ႏိုင္ငံစစ္တပ္မ်ားအၾကား တင္းမာမႈမ်ား အထြတ္အထိပ္သို႔ ေရာက္ရွိေနခ်ိန္တြင္ ထြက္ေပၚလာေသာ အႀကီးမားဆုံး စစ္ေရးလႈပ္ရွားမႈတစ္ခုျဖစ္ေၾကာင္း သိရသည္။
ပါကစၥတန္ေလတပ္၏ ေလေၾကာင္းတိုက္ခိုက္မႈသည္ Operation Ghazab Lil Haq" ဟု အမည္ေပးထားေသာ အႀကီးစားစစ္ဆင္ေရး၏ တစ္စိတ္တစ္ပိုင္းျဖစ္သည္။ ပါကစၥတန္ဝန္ႀကီးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူက စစ္ဆင္ေရးအတြင္း တာလီဘန္တပ္ရင္းဌာနခ်ဳပ္တစ္ခု၊ က႑အလိုက္ ဌာနခ်ဳပ္တစ္ခုႏွင့္ လက္နက္ခဲယမ္းသိုေလွာင္႐ုံႀကီးတစ္ခုတို႔ကို ပါကစၥတန္ေလတပ္က ပစ္မွတ္ထား ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ေျပာသည္။
ပါကစၥတန္ ႏိုင္ငံပိုင္ မီဒီယာမ်ားက အဆိုပါစစ္ဆင္ေရးအတြင္း အာဖဂန္ စစ္ေသြးႂကြ (၅၈) ဦး ေသဆုံးခဲ့ၿပီး ၁၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အျခားေသာ အစိုးရသတင္းရင္းျမစ္မ်ားကမူ ေသဆုံးသူ (၇၂) ဦးအထိ ရွိၿပီး (၁၂၀) ေက်ာ္ ဒဏ္ရာရရွိထားသည္ဟု ထုတ္ျပန္ထားသည္။
ထို႔အျပင္ တာလီဘန္တို႔၏ စစ္စခန္း (၁၂) ခုမွ (၁၆) ခုအထိ အလုံးစုံ ပ်က္စီးသြားခဲ့သလို၊ တင့္ကား၊ အေျမာက္ႏွင့္ သံခ်ပ္ကာယာဥ္အစီး (၃၀) ေက်ာ္မွ (၃၆) စီးအထိကိုလည္း ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ပါကစၥတန္အစိုးရက အတည္ျပဳေျပာၾကားထားသည္။
ေဖေဖာ္ဝါရီ (၂၆) ရက္တြင္ အာဖဂန္တာလီဘန္အစိုးရဘက္မွ ပါကစၥတန္ နယ္စပ္စခန္းမ်ားကို လာေရာက္ ထိုးစစ္ဆင္ခဲ့ၿပီးေနာက္ ေပၚေပါက္လာျခင္းျဖစ္သည္။ အာဖဂန္ဘက္က ၎တို႔၏ တိုက္ခိုက္မႈအတြင္း ပါကစၥတန္စစ္သား (၅၅) ဦး ေသဆုံးခဲ့သည္ဟု ေျပာဆိုခဲ့ေသာ္လည္း ပါကစၥတန္ဘက္ကမူ စစ္သား (၂) ဦးသာ က်ဆုံးခဲ့ေၾကာင္း ျငင္းဆိုထားေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံ နယ္စပ္တေလွ်ာက္ အျပန္အလွန္ပစ္ခတ္မႈမ်ား ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေရးအေျခအေနမွာ အလြန္စိုးရိမ္ဖြယ္ရာျဖစ္ေနေၾကာင္း သိရသည္။