အီရန်အပေါ် အစ္စရေး-အမေရိကန် ပူးပေါင်း၍ လက်ဦးမှုယူတိုက်ခိုက်၊ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲတစ်ကျော့ပြန်စတင်

712

ALynn (NP News)- ဖေဖော်ဝါရီ ၂၈
အစ္စရေးသည် အီရန်နိုင်ငံအပေါ် လက်ဦးမှုယူသည့် တိုက်ခိုက်မှု (Preemptive attack) တစ်ရပ် ပြုလုပ်ခဲ့ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) ထုတ်ပြန်ခဲ့သည်။
New York Times သတင်းစာကမူ အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် အီရန်ခေါင်းဆောင် ခါမေနီသည် တီဟီရန်မြို့တွင် မရှိတော့ဘဲ လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသသည် စစ်ရေးပဋိပက္ခအတွင်းသို့ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့ပြီး အီရန်၏ နျူကလီးယားအရေးနှင့် ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များ ပိုမိုမှေးမှိန်သွားစေခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက အစ္စရေးနှင့် အီရန်တို့သည် (၁၂) ရက်ကြာ ဝေဟင်စစ်ပွဲ ဆင်နွှဲခဲ့ကြသည်။ အကယ်၍ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်နေပါက နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု အမေရိကန်နှင့် အစ္စရေးတို့က ထပ်တလဲလဲ သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က "အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေကို ကြိုတင်ကာကွယ်ဖို့အတွက် အီရန်အပေါ် တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်" ဟု ပြောကြားခဲ့သည်။ စနေနေ့တွင် တီဟီရန်မြို့၌ ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်မီဒီယာများကလည်း သတင်းဖော်ပြကြသည်။
ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေနိုင်သည့် စစ်ရေးပဋိပက္ခကို ရှောင်လွှဲရန်နှင့် ဆယ်စုနှစ်နှင့်ချီသော နျူကလီးယားပြဿနာကို ဖြေရှင်းရန် အမေရိကန်နှင့် အီရန်တို့သည် ဖေဖော်ဝါရီလတွင် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့သည်။
သို့သော် သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ အမေရိကန်နှင့် အီရန်တို့၏ မည်သည့်သဘောတူညီချက်တွင်မဆို နျူကလီးယားသန့်စင်မှုကို ရပ်တန့်ရုံဖြင့် မလုံလောက်ဘဲ အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကိုပါ ဖျက်သိမ်းရမည်ဟု အစ္စရေးက အခိုင်အမာဆိုသည်။ ထို့ပြင် အီရန်၏ ဒုံးကျည်စီမံကိန်းအပေါ် ကန့်သတ်ချက်များကိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းရန် အစ္စရေးက အမေရိကန်ကို တိုက်တွန်းခဲ့သည်။
အီရန်၏ ရပ်တည်ချက်မှာမူ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားကိစ္စကို ဆွေးနွေးရန် အသင့်ရှိသော်လည်း ဒုံးကျည်ကိစ္စကိုမူ ထည့်သွင်းဆွေးနွေးမည်မဟုတ်ကြောင်း ပယ်ချခဲ့သည်။
အီရန်က မိမိကိုယ်ကိုယ် ကာကွယ်သွားမည်ဟု ဆိုထားပြီး အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများကိုလည်း အမေရိကန်က တိုက်ခိုက်လာပါက လက်တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လကလည်း အီရန်နျူကလီးယား စခန်းများကို အစ္စရေးက စစ်ဆင်ရေးပြုလုပ်ရာတွင် အမေရိကန်က ပူးပေါင်းပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က အီရန်သည် ကာတာနိုင်ငံရှိ အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အမေရိကန် လေတပ်စခန်းဖြစ်သော Al Udeid ကို ဒုံးကျည်များဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။
အနောက်နိုင်ငံများကမူ အီရန်၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည်ဟု သတိပေးထားသော်လည်း အီရန်ကမူ ၎င်းတို့အနေဖြင့် အဏုမြူဗုံး ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

Zawgyi Version;
အီရန္အေပၚ အစၥေရး-အေမရိကန္ ပူးေပါင္း၍ လက္ဦးမႈယူတိုက္ခိုက္၊ အေရွ႕အလယ္ပိုင္းတြင္ စစ္ပြဲတစ္ေက်ာ့ျပန္စတင္
ALynn (NP News)- ေဖေဖာ္ဝါရီ ၂၈
အစၥေရးသည္ အီရန္ႏိုင္ငံအေပၚ လက္ဦးမႈယူသည့္ တိုက္ခိုက္မႈ (Preemptive attack) တစ္ရပ္ ျပဳလုပ္ခဲ့ေၾကာင္း ယေန႔ (ေဖေဖာ္ဝါရီလ ၂၈ ရက္) ထုတ္ျပန္ခဲ့သည္။
New York Times သတင္းစာကမူ အေမရိကန္အရာရွိတစ္ဦး၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး အီရန္အေပၚ အေမရိကန္၏ တိုက္ခိုက္မႈမ်ား စတင္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။
ထို႔ျပင္ အီရန္ေခါင္းေဆာင္ ခါေမနီသည္ တီဟီရန္ၿမိဳ႕တြင္ မရွိေတာ့ဘဲ လုံၿခဳံစိတ္ခ်ရေသာ ေနရာတစ္ခုသို႔ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ေၾကာင္း Reuters သတင္းဌာနက ေဖာ္ျပထားသည္။
အစၥေရးႏွင့္ အေမရိကန္တို႔၏ တိုက္ခိုက္မႈေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသသည္ စစ္ေရးပဋိပကၡအတြင္းသို႔ တစ္ေက်ာ့ျပန္ ေရာက္ရွိသြားခဲ့ၿပီး အီရန္၏ န်ဴကလီးယားအေရးႏွင့္ ပတ္သက္၍ သံတမန္နည္းလမ္းျဖင့္ ေျဖရွင္းႏိုင္မည့္ ေမွ်ာ္လင့္ခ်က္မ်ား ပိုမိုေမွးမွိန္သြားေစခဲ့သည္။
ၿပီးခဲ့သည့္ ဇြန္လအတြင္းက အစၥေရးႏွင့္ အီရန္တို႔သည္ (၁၂) ရက္ၾကာ ေဝဟင္စစ္ပြဲ ဆင္ႏႊဲခဲ့ၾကသည္။ အကယ္၍ အီရန္အေနျဖင့္ ၎၏ န်ဴကလီးယားႏွင့္ ပဲ့ထိန္းဒုံးက်ည္ စီမံကိန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနပါက ေနာက္ထပ္တိုက္ခိုက္မႈမ်ား ျပဳလုပ္မည္ဟု အေမရိကန္ႏွင့္ အစၥေရးတို႔က ထပ္တလဲလဲ သတိေပးခဲ့ၿပီးေနာက္ ယခုကဲ့သို႔တိုက္ခိုက္မႈ ေပၚေပါက္လာျခင္းျဖစ္သည္။
အစၥေရး ကာကြယ္ေရးဝန္ႀကီး Israel Katz က "အစၥေရးႏိုင္ငံအေပၚ ၿခိမ္းေျခာက္မႈေတြကို ႀကိဳတင္ကာကြယ္ဖို႔အတြက္ အီရန္အေပၚ တိုက္ခိုက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္" ဟု ေျပာၾကားခဲ့သည္။ စေနေန႔တြင္ တီဟီရန္ၿမိဳ႕၌ ေပါက္ကြဲသံမ်ား ၾကားခဲ့ရေၾကာင္း အီရန္မီဒီယာမ်ားကလည္း သတင္းေဖာ္ျပၾကသည္။
ေဒသတြင္း မတည္ၿငိမ္မႈကို ျဖစ္ေစႏိုင္သည့္ စစ္ေရးပဋိပကၡကို ေရွာင္လႊဲရန္ႏွင့္ ဆယ္စုႏွစ္ႏွင့္ခ်ီေသာ န်ဴကလီးယားျပႆနာကို ေျဖရွင္းရန္ အေမရိကန္ႏွင့္ အီရန္တို႔သည္ ေဖေဖာ္ဝါရီလတြင္ ေဆြးေႏြးမႈမ်ား ျပန္လည္စတင္ခဲ့သည္။
သို႔ေသာ္ သေဘာထားကြဲလြဲမႈမ်ား ရွိေနဆဲျဖစ္သည္။ အေမရိကန္ႏွင့္ အီရန္တို႔၏ မည္သည့္သေဘာတူညီခ်က္တြင္မဆို န်ဴကလီးယားသန႔္စင္မႈကို ရပ္တန႔္႐ုံျဖင့္ မလုံေလာက္ဘဲ အီရန္၏ န်ဴကလီးယား အေျခခံအေဆာက္အအုံမ်ားကိုပါ ဖ်က္သိမ္းရမည္ဟု အစၥေရးက အခိုင္အမာဆိုသည္။ ထို႔ျပင္ အီရန္၏ ဒုံးက်ည္စီမံကိန္းအေပၚ ကန႔္သတ္ခ်က္မ်ားကိုပါ ေဆြးေႏြးပြဲတြင္ ထည့္သြင္းရန္ အစၥေရးက အေမရိကန္ကို တိုက္တြန္းခဲ့သည္။
အီရန္၏ ရပ္တည္ခ်က္မွာမူ စီးပြားေရးပိတ္ဆို႔မႈမ်ား ဖယ္ရွားေပးမည္ဆိုပါက န်ဴကလီးယားကိစၥကို ေဆြးေႏြးရန္ အသင့္ရွိေသာ္လည္း ဒုံးက်ည္ကိစၥကိုမူ ထည့္သြင္းေဆြးေႏြးမည္မဟုတ္ေၾကာင္း ပယ္ခ်ခဲ့သည္။
အီရန္က မိမိကိုယ္ကိုယ္ ကာကြယ္သြားမည္ဟု ဆိုထားၿပီး အေမရိကန္တပ္ဖြဲ႕မ်ား အေျခစိုက္ထားသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကိုလည္း အေမရိကန္က တိုက္ခိုက္လာပါက လက္တုံ႔ျပန္သြားမည္ဟု သတိေပးထားသည္။
ၿပီးခဲ့သည့္ ဇြန္လကလည္း အီရန္န်ဴကလီးယား စခန္းမ်ားကို အစၥေရးက စစ္ဆင္ေရးျပဳလုပ္ရာတြင္ အေမရိကန္က ပူးေပါင္းပါဝင္ခဲ့ဖူးသည္။ ထိုစဥ္က အီရန္သည္ ကာတာႏိုင္ငံရွိ အေရွ႕အလယ္ပိုင္း၏ အႀကီးဆုံး အေမရိကန္ ေလတပ္စခန္းျဖစ္ေသာ Al Udeid ကို ဒုံးက်ည္မ်ားျဖင့္ လက္တုံ႔ျပန္ တိုက္ခိုက္ခဲ့သည္။
အေနာက္ႏိုင္ငံမ်ားကမူ အီရန္၏ ပဲ့ထိန္းဒုံးက်ည္စီမံကိန္းသည္ ေဒသတြင္း တည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနၿပီး န်ဴကလီးယားလက္နက္မ်ား သယ္ေဆာင္ႏိုင္သည္ဟု သတိေပးထားေသာ္လည္း အီရန္ကမူ ၎တို႔အေနျဖင့္ အဏုျမဴဗုံး ထုတ္လုပ္ရန္ ႀကိဳးပမ္းေနျခင္းမရွိေၾကာင္း ျငင္းဆိုထားသည္။