ဂျပန်နိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲနှင့် ရှေ့အလားအလာ (နိုင်ငံတကာ သုံးသပ်ဆောင်းပါး)

 98

တက္ကသိုလ် မောင်ရူပ (NP News)
(၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော်ရွေး ကောက်ပွဲမှာ ဝန်ကြီးချုပ် တာကာအိချိဆာနာအဲ ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(အယ်လ် ဒီပီ)က မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ အောက်လွှတ်တော်မှာ လွှတ်တော်အမတ် ဦးရေ (၄၆၅) ဦးရှိတဲ့အနက် (၂၈၉)ဦးကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတစ်ခုချင်းအလိုက် တိုက်ရိုက်မဲပေးရွေး ချယ်ပြီး ကျန် (၁၇၆) ဦးအတွက် သတ်မှတ်ထားတဲ့ဒေသကြီး (၁၁)ခုကနေ အချိုးကျကိုယ်စားပြုစနစ် (Proportional representation system) နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်မီက အောက်လွှတ်တော်မှာ အာဏာရ အယ်လ်ဒီပီပါတီနဲ့ သူ့မဟာမိတ် Japan Innovation Party က (၂၃၃)နေရာ၊ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ Constituti- onal Democratic Party of Japan နဲ့ Komeito ပါတီတို့ မကြာသေးမီက ပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့ Centrist Reform Alliance က (၁၇၂)နေရာ၊ Democratic Party for the People က (၂၆)နေရာနဲ့ (၃၄) နေရာက ကျန်ပါတီတွေနဲ့ တစ်သီးပုဂ္ဂလအမတ်တွေ အသီးသီးနေရာရရှိထားခဲ့တာဖြစ်ပါတယ်။
အောက်လွှတ်တော်အမတ်နေရာ (၄၆၅)နေရာအတွက် နိုင်ငံရေးပါတီ (၇)ပါတီက ကိုယ်စား လှယ်တွေနဲ့တစ်သီးပုဂ္ဂလကိုယ်စားလှယ်စုစုပေါင်း(၁၂၇၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဂျပန် နိုင်ငံမှာ အသက်(၁၈)နှစ်ပြည့်ပြီးတဲ့နိုင်ငံသားတိုင်းဟာ မဲပေးပိုင် ခွင့်ရှိပါတယ်။ မဲပေးရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တစ်ခုချင်းအလိုက် (Single-seat constituency) ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးချယ် တဲ့ မဲ(၁)မဲနဲ့ အချိုးကျကိုယ်စားပြုစနစ် (Proportional repre­sentation system) အရ နိုင်ငံရေးပါတီ ကိုပေးတဲ့မဲ ဆိုပြီး မဲ(၂)မဲပေးကြရပါတယ်။
ဂျပန်နိုင်ငံမှာ အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ဆိုပြီး လွှတ်တော်(၂)ရပ်ရှိတဲ့အနက် အောက်လွှတ်တော်ဟာ ပိုပြီးလုပ်ပိုင်ခွင့်ရှိပါတယ်။ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကို ရွေး ချယ်ခန့်အပ်နိုင်သလို အောက်လွှတ်တော်ကတင်ပြတဲ့ ဥပဒေမူကြမ်း (Bills) တွေကို အထက်လွှတ်တော် က ကန့်ကွက်ခဲ့ရင်တောင် အောက်လွှတ်တော်မှာ ပြန်လည်ဆွေးနွေးပြီး အောက်လွှတ်တော်အမတ် ဦးရေ ရဲ့သုံးပုံနှစ်ပုံကထောက်ခံရင် ဥပဒေအဖြစ်အတည်ပြုနိုင်တာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမတ် ဦး ရေအများဆုံးရရှိတဲ့ပါတီဟာ အာဏာရပါတီဖြစ်လာတဲ့အတွက် အောက်လွှတ်တော်ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အနေအထားမှာရှိပါတယ်။

ဂျပန်နိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးအနေအထား
အခုပြုလုပ်ခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲဟာ ဂျပန်နိုင်ငံမှာ မကြာသေးမီကဖြစ်ပေါ်လာ ခဲ့တဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေနဲ့အတူ အဓိကနိုင်ငံရေးပါတီကြီးတွေအကြား အင် အားပြန်လည်ထိန်းညှိမှုတွေ ဖြစ်ပွားလာပြီးနောက်ပိုင်း ပထမဆုံးကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။
(၂၀၂၃)ခုနှစ်အတွင်းမှာ အယ်လ်ဒီပီပါတီလွှတ် တော်အမတ်တွေရဲ့ ယန်း သန်းပေါင်း(၆၀ဝ)ကျော် နိုင်ငံရေးရန်ပုံငွေ ထိမ်ချန်ဖော်ပြမှုဖြစ်စဉ် ပေါ်ထွက် လာခဲ့ချိန်မှာ အယ်လ်ဒီပီပါတီအပေါ် ဂျပန် ပြည်သူ လူထုက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဂျပန်နိုင်ငံရေးလောကကိုလည်း အကြီးအ ကျယ် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ (၂၀ ၂၄) ခုနှစ် အောက်တိုဘာလ(၁)ရက်ကစပြီး ဂျပန် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ ရှီဂဲရုအီရှီဘာလက်ထက်မှာလည်း ဝန်ကြီးချုပ်အီရှီဘာက လွှတ်တော် အမတ် (၁၅) ဦးကို Gift Voucher အဖြစ် တစ်ယောက်ကို ယန်း (၁) သိန်းစီပေးအပ်ခဲ့တဲ့ဖြစ်စဉ် ထွက်ပေါ်လာခဲ့ တဲ့အတွက် ဝန်ကြီးချုပ် အီရှီဘာဦးဆောင်တဲ့ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှုနှုန်းထား ပိုမိုထိခိုက် ကျဆင်းခဲ့ရပါတယ်။ ဒါ့ပြင် နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းတွေ၊ အထူးသဖြင့် နိုင်ငံရဲ့ အဓိကစားသောက် ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာဟာ ဝန်ကြီးချုပ် အီရှီဘာအတွက် နောက်ထပ် ထိုးနှက် စရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ခပ်စိတ်စိတ်ကြုံတွေ့လာရမှု၊ သက်ကြီးရွယ်အို လူဦးရေ တိုးပွားများပြားလာမှု၊ အလုပ်လုပ်နိုင်တဲ့အင်အားစု လျော့ကျလာမှု၊ ကြွေးမြီပမာဏ များပြား လာမှုအပြင် ဆယ်စုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးရောက်ရှိနေမှု၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်မားလာမှု၊ နိုင်ငံခြားသားတွေ နိုင်ငံ တွင်း များပြားလာမှုစတဲ့ အခက် အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဝန်ကြီးချုပ် အီရှီဘာလက်ထက် မှာ အယ်လ်ဒီပီပါတီဟာ စွမ်းဆောင်ရည်ညံ့ဖျင်းတယ်လို့ဝေဖန်ခံရမှုတွေနဲ့အတူ ပြည်သူလူထုရဲ့ယုံကြည် မှုလည်း ကျဆင်းခဲ့ရပါတယ်။ ဒီအချက်ကို ဝန်ကြီးချုပ် အီရှီဘာ လက်ထက်ကျင်းပပြုလုပ်ခဲ့တဲ့ ရွေး ကောက်ပွဲ (၃)ခုလုံးမှာ အယ်လ်ဒီပီပါတီရရှိခဲ့တဲ့ရလဒ်တွေကဖော်ပြနေပါတယ်။ (၂၀၂၄)ခုနှစ် အောက် တိုဘာလ(၉)ရက်ကကျင်းပခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ အယ်လ်ဒီပီပါတီနဲ့ မဟာမိတ် ကိုမေးတိုးပါတီတို့ အမတ်နေရာအများစု လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အလားတူ (၂၀၂၅)ခုနှစ် ဇွန်လ (၂၂) ရက်ကကျင်းပခဲ့ တဲ့ တိုကျိုမြူနီစပါယ်ရွေးကောက်ပွဲမှာ အယ်လ်ဒီပီပါ တီနဲ့ မဟာမိတ် ကိုမေးတိုး ပါတီတို့အနေနဲ့ အမတ်နေရာအများအပြား ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့ပြင် (၂၀၂၅) ခုနှစ် ဇူလိုင်လ (၂၀)ရက်ကကျင်း ပပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲ မှာလည်း အယ်လ်ဒီပီပါတီနဲ့ မဟာမိတ် ကိုမေးတိုးပါ တီတို့အနေနဲ့ အမတ်နေရာအများစု လက်လွှတ်ဆုံး ရှုံးခဲ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် အီရှီဘာ ရာထူးကနုတ်ထွက်ခဲ့ရပြီး (၂၀၂၅)ခုနှစ် အောက်တိုဘာလ (၄)ရက်ကပြုလုပ်ခဲ့တဲ့ အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ရွေး ကောက်ပွဲမှာ တာကာဆာနာအဲ အနိုင်ရရှိခဲ့ပြီး ဂျပန် နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ မစ္စတာကာ ဆာနာအဲဟာ ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေးရဲ့လက်ထွက်တစ်ဦးဖြစ်ပြီး နိုင်ငံရေးအရ သဘောထားတင်းမာသူ တစ်ဦး ဖြစ်တယ်လို့ နာမည်ထွက်သူဖြစ်ပါတယ်။
မစ္စတာကာချိ ဆာနာအဲ ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ ပထမဆုံးထွက်ပေါ်လာတဲ့ နိုင်ငံရေး အပြောင်းအလဲက အယ်လ်ဒီပီပါတီနဲ့ (၁၉၉၉)ခုနှစ်ကတည်းက မဟာမိတ်ပါတီအဖြစ် (၂၆)နှစ် တိုင် တိုင်ရပ်တည်လာခဲ့တဲ့ ကိုမေးတိုးပါတီဟာ အယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ဖွဲ့စည်းထားမှုကို ရပ်စဲခဲ့တာဖြစ် ပါတယ်။ ကိုမေး တိုးပါတီဟာ အဖွဲ့ဝင် (၈)သန်းရှိတဲ့ Soka Gakkai ဘာသာရေးအဖွဲ့အစည်းရဲ့နောက်ခံနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အလယ်အလတ်သဘောထားရှိတဲ့ပါတီ ဖြစ်ပါတယ်။ မစ္စတာကာဆာနာအဲက သူရဲ့အစိုးရအဖွဲ့နဲ့ ပါတီထိပ်ပိုင်းရာထူးတွေမှာ ယခင် နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံမှာပါဝင်ခဲ့တဲ့ သူတွေ ကို နေရာပေး ခန့်အပ်ခဲ့ခြင်းအပါအဝင် မူဝါဒပိုင်းဆိုင်ရာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် အယ်လ် ဒီပီပါတီနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ကိုမေးတိုးပါတီဟာ အယ်လ်ဒီပီပါတီနဲ့ လမ်းခွဲ ခဲ့ပြီးနောက် အတိုက်အခံ Constitutional Demo- cratic Party နဲ့ပူးပေါင်းပြီး Centrist Reform Alliance ကို ဇန်နဝါရီလ(၁၉)ရက်က ဖွဲ့စည်းခဲ့ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ Centrist Reform Alliance က ပါတီမူဝါဒတွေကိုထုတ်ပြန်ခဲ့ရာမှာ ပြည်သူ လူထုကိုအခြေပြုတဲ့မူဝါဒတွေ အကောင်အထည်ဖော်သွားနိုင်ဖို့၊ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင် မှုနဲ့ သဘောထားကွဲလွဲမှုတွေ ကြီးထွားလာစေမယ့် မူဝါဒတွေအစား တူညီဆန္ဒကို ရယူအကောင်အထည် ဖော်နိုင်ရေး တွန်းအားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး အတွက် လူမှုဖူလုံရေးစနစ်သစ်တစ်ရပ်ကိုတည်ထောင်သွား ရေး၊ နိုင်ငံခြားရေးနဲ့ကာကွယ်ရေးမူဝါဒမှာ ဂျပန်-အ မေရိကန် မဟာမိတ်ဖွဲ့စည်းမှုနဲ့ ငြိမ်းချမ်းရေး သံခင်း တမန်ခင်းတို့ကို အခြေပြုဆောင်ရွက် သွားမယ်လို့ ဖော်ပြထားပါတယ်။ (အတိုက်အခံ Constitutional Democratic Party of Japan နှင့် ကိုမေးတိုးပါတီတို့ ပူးပေါင်းပြီး Centrist Reform Alliance ပါတီကို ဇန်နဝါရီလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်)
တစ်ဖက်မှာလည်း အောက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အများစုအနိုင် မရရှိ ထားတဲ့ တာကာအိချိ ဆာနာအဲ ဦးဆောင်တဲ့ အယ်လ်ဒီပီ ပါတီဟာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် အို ဆာကာမြို့အခြေစိုက် Nippon Ishin no Kai ခေါ် Japan Innovation Party နဲ့ မဟာ မိတ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီလို နိုင်ငံရေးပါတီကြီးတွေအကြား အင်အားထိန်းညှိကြတဲ့ နိုင်ငံရေးအရ အပြောင်းအလဲတွေဟာ ဂျပန်နိုင်ငံမှာ မကြာသေးမီအချိန်ကမှ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများအကြား မူဝါဒရေးရာကွဲပြားမှုများ
ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေအကြား အဓိက မဲဆွယ်စည်းရုံးကြ၊ ဆွေးနွေးငြင်းခုံ ကြရတဲ့ ခေါင်းစဉ်တွေကတော့ နိုင်ငံရဲ့စီးပွားရေး ပြန်လည်အားကောင်းလာစေရေးကိစ္စ၊ ဂျပန်ယန်းငွေ တန်ဖိုး ကျဆင်းမှုနဲ့ ကုန်ဈေးနှုန်းတွေ မြင့်မားနေတဲ့ကိစ္စ၊ ပြည်ပဆက်ဆံရေးအနေနဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးကိစ္စရပ်တွေပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီကြီးတွေအကြား ထူးထူးခြားခြား တူညီတဲ့ အဆို ပြုချက်တစ်ရပ် ကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ပြည်သူတွေ သက်သာရာ ရစေဖို့ စားသုံးသူအခွန် (Consumption Tax) ကို လျှော့ချရေးကိစ္စပဲဖြစ်ပါတယ်။ ဘယ်လောက်အတိုင်း အတာအထိ လျှော့ချမယ်၊ ကာလအကန့်အသတ်ဘယ် လောက်ထားရှိမယ် စတဲ့အချက်တွေအပေါ်မှာ သာ ကွဲလွဲကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် တာကာဆာ နာအဲဟာ အစားအသောက်တွေအပေါ် လက်ရှိ ကောက်ခံနေတဲ့ စားသုံးသူအခွန် (၈)ရာခိုင်နှုန်းကို (၂)နှစ် ကင်းလွတ်ခွင့်ပြုပေးသွားဖို့အဆိုပြုထားသလို နိုင်ငံတွင်း အလုပ်အ ကိုင်သစ်များ ဖန်တီးပေးနိုင်ရေး၊ ဝင်ငွေပိုမိုမြင့်မားလာစေရေးအတွက် ယန်း(၂၁.၃) ထရီလျံအထိ ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။
ဒါ့ပြင် အစိုးရငွေချေးစာချုပ် (Bonds) တွေထုတ်ဝေပြီး ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်သွားဖို့လည်း စီစဉ် လျက်ရှိပါတယ်။ ကာကွယ်ရေးကဏ္ဍမှာဆိုရင် အသုံး စရိတ်မြှင့်တင်ပြီး ကာကွယ်ရေးကဏ္ဍမြှင့် တင်ရေးကို ဦးစားပေးသွားဖို့ရှိပါတယ်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက်နဲ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့် (AI)နဲ့ semiconductors ထုတ်လုပ်ရေးအပါအဝင် မဟာ ဗျူဟာမြောက်ကဏ္ဍကြီး(၁၇)ရပ်မှာ ရင်းနှီးမြှုပ်နှံမှု တွေမြှင့်တင်သွားဖို့လည်း ပြောကြားထားပါ တယ်။
အကြီးဆုံး အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ Centrist Reform Alliance ပါတီကတော့ အစားအသောက်တွေအပေါ် လက်ရှိကောက်ခံနေတဲ့ စား သုံးသူအခွန်ကောက်ခံမှုကို လာမယ့် စက် တင်ဘာလကစပြီး လုံးဝပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း၊ ဒါ့ပြင် တစ်ပတ်ကို အလုပ်လုပ်ရက် (၄)ရက် သာထားရှိ သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း၊ အလားတူ နိုင်ငံတွင်း အဏုမြူလက်နက်ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း တွေကို တားမြစ်ထားတဲ့ ဂျပန်နိုင်ငံရေရှည်ကိုင်စွဲလာခဲ့တဲ့မူဝါဒတွေကို ဆက်လက်လိုက် နာသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ကာကွယ်ရေးကဏ္ဍမှာ အစဉ်အလာကျင့်သုံးခဲ့တဲ့ မိမိကိုယ်မိမိ ခုခံကာ ကွယ်ရေးမူဝါဒကိုသာ ထောက်ခံတဲ့ပါတီဖြစ်ပါတယ်။ အယ်လ် ဒီပီပါတီရဲ့ မဟာမိတ်ဖြစ်တဲ့ အိုဆာကာမြို့အခြေစိုက် Japan Innovation Party ကတော့ တိုကျိုမြို့မှာ မြေငလျင် အပါအဝင် သဘာဝဘေးအန္တ ရာယ်ကြီးကျရောက်လာခဲ့ရင် အိုဆာကာမြို့ကို ဂျပန် နိုင်ငံရဲ့ အရန် မြို့တော်အဖြစ်သတ်မှတ်နိုင်ရေး၊ အောက်လွှတ်တော်အမတ်ဦးရေကို လက်ရှိထက် (၁၀)ရာခိုင်နှုန်း လျှော့ချသွားရေးတို့ကို ဦးစားပေးဖော် ပြခဲ့ပါတယ်။ ဂျပန်ကွန်မြူနစ်အပါအဝင် ပါတီငယ်တချို့ကတော့ စားသုံးသူအခွန်ကောက်ခံမှုကို (၅)ရာ ခိုင်နှုန်း တစ်သမတ်တည်းထားရှိဖို့အဆိုပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲ၏အနေအထား
ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲဟာ အယ်လ်ဒီပီပါတီရဲ့ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တာဝန်တွေကို (၂၀၂၅) ခုနှစ် အောက်တိုဘာလကစတင်ပြီး ထမ်းဆောင်နေ တာဖြစ်ပါတယ်။ သူ ဝန်ကြီးချုပ်တာဝန် မထမ်းဆောင် မီအချိန်ကတည်းက အယ်လ်ဒီပီပါတီဟာ နိုင်ငံရေး ရန်ပုံငွေ အလွဲသုံးစားလုပ်မှု ဖြစ်စဉ် တွေ၊ နိုင်ငံတွင်း လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်မားလာမှုတွေကြောင့် ပြည်သူလူထုရဲ့ထောက်ခံမှု ကျဆင်းနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် အယ်လ်ဒီပီပါတီဟာ နိုင်ငံရေး ရန်ပုံငွေ ပြဿနာကြောင့် လူထုထောက်ခံမှုအကြီးအကျယ်ကျ ဆင်းခဲ့ပြီး (၂၀၂၄)ခုနှစ် အောက် တိုဘာလမှာပြုလုပ်ခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲနဲ့ (၂၀၂၅)ခုနှစ် ဇူလိုင်လမှာပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အများစုနေရာကို ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့ပြင် နိုင်ငံတွင်း တိုးပွားများပြားလာနေတဲ့နိုင် ငံခြားသားတွေကြောင့် ဒေသခံဂျပန်ပြည်သူ တွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအပေါ် ထိခိုက်မှုရှိလာ တယ်ဆိုပြီး နိုင်ငံခြားသားဆန့်ကျင်ရေး အမျိုး သားရေး လက်ယာစွန်းပါတီတွေလည်း ထွက်ပေါ်လာနေချိန် ဖြစ်ပါတယ်။ ဝန်ကြီးချုပ် တာကာအိချိဆာ နာအဲ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ (၂၀၂၅)ခုနှစ် အောက်တိုဘာလကစပြီး လူထုထောက်ခံမှုနှုန်းထား (၇၅) ရာခိုင်နှုန်းအထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။ ဒီလို မြင့်တက်လာရတဲ့ အကြောင်းရင်းများစွာ ရှိတဲ့အနက် သူရဲ့ စီးပွားရေးမူဝါဒတွေအပြင် ဝင်ငွေခွန်ကောက်ခံဖို့အတွက် အနည်းဆုံး နှစ်စဉ်ဝင်ငွေ ပမာဏကို ယန်း (၁.၆)သန်းကနေ ယန်း(၁.၇၈)သန်းအထိ တိုးမြှင့်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါ တယ်။ (၂၀၂၅) ခုနှစ် နိုဝင်ဘာလမှာ ဝန်ကြီးချုပ်တာကာဆာနာအဲဟာ ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက် နိုင်မယ့်နည်းလမ်းတစ်ခုအနေနဲ့ လျှပ်စစ်မီတာခ၊ ဂက်စ်ဖိုးကျသင့်ငွေများ လျှော့ချပေးခြင်း၊ ဒေသန္တရ အစိုးရတွေအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကလေးသူငယ်ရှိတဲ့မိသားစုတွေအတွက် ကလေးသူငယ် ထောက်ပံ့ကြေး ပေးအပ်ခြင်းတွေအပါအဝင် ဘက်စုံစီးပွားရေးအစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလအတွင်း ဝန်ကြီးချုပ် တာကာ ဆာနာအဲဟာ ထပ်တိုးရန်ပုံငွေ ယန်း (၁၈)ထရီ လျံ(ဒေါ်လာ ၁၁၄ ဘီလျံ)ရရှိဖို့ ဥပဒေပြဋ္ဌာန်းဆောင် ရွက်ခဲ့ပါတယ်။ ဒီထပ်တိုးရန်ပုံငွေရဲ့ (၆၀)ရာခိုင်နှုန်း ကို အစိုးရငွေချေးစာချုပ်တွေရောင်းချခြင်းကနေ ရရှိခဲ့ပါတယ်။
(ဝန်ကြီးချုပ်တာကာဦးဆောင်သော အစိုးရအ ဖွဲ့အပေါ် လူထုထောက်ခံမှုနှုန်းထား မြင့်မားလျက်ရှိ သော်လည်း အာဏာရ အယ်လ်ဒီပီပါတီအပေါ် လူထု ထောက်ခံမှုမှာ ကျဆင်းနေဆဲဖြစ်သည်)
ဝန်ကြီးချုပ်တာကာဆာနာအဲဟာ နိုင်ငံတွင်း မကျေနပ်မှုတွေများပြားလာနေတဲ့ နိုင်ငံခြား သားတွေ နဲ့ပတ်သက်ပြီးလည်း ကိုင်တွယ်ဆောင်ရွက်မှုတွေပြု လုပ်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ကလေး မွေးဖွားမှုနှုန်းကျ ဆင်းနေမှုနဲ့ သက်ကြီးရွယ်အိုလူဦးရေ တိုးပွားများပြား လာနေမှုကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ ပိုမို လိုအပ်နေတဲ့ဂျပန်နိုင်ငံဟာ ပြည်ပအလုပ်သမားခေါ် ယူမှုကို ရပ်ဆိုင်းဖြစ်ဖို့ မဖြစ် နိုင်ပါဘူး။ သို့သော်လည်း ဂျပန်နိုင်ငံတွင်းရှိနေတဲ့ နိုင်ငံခြားသားဦးရေဟာ နိုင်ငံ့ လူဦးရေရဲ့ ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိသာ ထားရှိဖို့၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမို တင်းကြပ်ဖို့၊ နိုင်ငံရဲ့ စည်းမျဉ်းဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိသူ၊ သက်တမ်းကျော်လွန်နေထိုင်သူတွေကို ပြည်နှင်ဖို့၊ နိုင်ငံခြားသားတွေရဲ့ အိမ်ရာဝယ်ယူမှုတွေကိုစောင့်ကြည့်ဖို့ စတဲ့ စည်းမျဉ်းကန့်သတ်မှုတွေကို ကိုင် တွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
ဝန်ကြီးချုပ် တာကာဆာနာအဲဟာ နိုင်ငံခြား သားတွေရဲ့ အိမ်ရာဝယ်ယူမှုတွေကို တားမြစ်နိုင် မယ့် ဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်လျက်ရှိသ လို နိုင်ငံတွင်းထုတ်လုပ်တဲ့ ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းတွေ ပြည်ပကို ပိုမိုတိုးချဲ့တင်ပို့နိုင်ဖို့ ကန့်သတ်ချက်တွေကို လျှော့ချသွားနိုင်ဖို့လည်း စီစဉ်လျက်ရှိပါတယ်။ ဒါကြောင့် သူရဲ့ရည်မှန်းချက်တွေကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့အတွက် အယ်လ်ဒီပီပါတီဟာ လွှတ်တော်အတွင်းမှာ အများစု နေရာပြန်လည်ရရှိ ခြင်း၊ အတိုက်အခံပါတီတချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိခြင်းကို လိုအပ်နေတာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်
ဖေဖော်ဝါရီလ (၈)ရက်ကပြုလုပ်ခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အယ်လ်ဒီပီပါတီ၊ အယ်လ်ဒီပီပါတီရဲ့မိတ်ဖက် Japan Innovation Party (JIP) ၊ အကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ Centrist Reform Alliance ygwD ၊ Democratic Party for the People (DPFP) ၊ Sanseito Party ၊ Reiwa Shinsengumi Party နဲ့ ဂျပန်ကွန်မြူနစ်ပါတီစတဲ့ နိုင်ငံရေးပါတီ (၇)ပါတီ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
(ရွေးကောက်ပွဲတွင် အာဏာရ အယ်လ်ဒီပီပါတီ သည် အမတ်ဦးရေ (၃) ပုံ (၂) ပုံ ကျော် အနိုင်ရရှိခဲ့ သည်)
ဖေဖော်ဝါရီလ (၉)ရက်မနက်ပိုင်းမှာထွက်ပေါ်လာခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲရလဒ် တွေအရ လက်ရှိအာဏာရ အယ်လ်ဒီပီပါတီက အမတ်နေရာ (၃၁၆)ဦးအထိအနိုင်ရရှိခဲ့ပြီး အယ်လ်ဒီပီ ပါတီရဲ့မိတ်ဖက် Japan Innovation Party (JIP) က (၃၆)နေရာ အနိုင်ရရှိခဲ့ပါတယ်။ အကြီးဆုံး အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ Centrist Reform Alliance ဟာ (၄၉)နေရာသာအနိုင်ရရှိခဲ့ပြီး အမတ် နေရာအများအပြား ဆုံးရှုံးခဲ့ရပါတယ်။ ဒီရလဒ်တွေအ ရ အယ်လ်ဒီပီပါတီဟာ သူ့တစ်ပါတီတည်းနဲ့တင် အများစုနေရာအနိုင်ရရှိခဲ့တဲ့အတွက် အောက်လွှတ် တော်တွင်းမှာရှိတဲ့ ရေးရာကော်မတီတွေမှာလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်တော့မှာဖြစ်ပါ တယ်။ အခုရွေးကောက်ပွဲရလဒ်ဟာ (၂၀၁၂) ခုနှစ် တုန်းက ရှင်ဇိုအာဘေးဦးဆောင်တဲ့ အယ်လ်ဒီပီပါတီ ဟာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ အများစု ပြန်လည်အနိုင်ရရှိခဲ့ပြီး အတိုက်အခံပါတီအဖြစ်က နေ အာဏာရပါတီအဖြစ် ပြန်လည်ရရှိခဲ့တဲ့ ရွေးကောက် ပွဲရလဒ်နဲ့နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။
အယ်လ်ဒီပီပါတီအနေနဲ့ သူရဲ့မိတ်ဖက် Japan Innovation Party (JIP) နဲ့ ဆက်လက် မဟာ မိတ်ဖွဲ့သွားမှာဖြစ်လို့ အောက်လွှတ်တော်အတွင်းမှာ အာ ဏာရညွန့်ပေါင်းပါတီဟာ အမတ်နေရာ (၃၅၂) နေရာအထိရရှိထားပါတယ်။ အကြီးဆုံး အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ Centrist Reform Alliance ဟာ အောက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီက အမတ်နေရာ(၁၆၇)နေရာရရှိထားခဲ့ပြီး ရွေးကောက်ပွဲ အပြီးမှာ (၄၉)နေရာသာအနိုင်ရရှိခဲ့တာကြောင့် အကြီးအကျယ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Centrist Reform Alliance ရဲ့ပူးတွဲခေါင်းဆောင် (၂)ဦးဖြစ်တဲ့Yoshihiko Noda နဲ့ Tetsuo Saito တို့ဟာ သူတို့ရာထူးတွေကနေ အသီးသီးနုတ်ထွက်ခဲ့ကြပါတယ်။

သုံးသပ်ချက်
အောက်လွှတ်တော်ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီလ(၁၈) ရက် နေ့မှာကျင်းပပြုလုပ်မယ့် လွှတ်တော်အထူးအစည်းအ ဝေးမှာ ဝန်ကြီးချုပ်ရာထူးကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ အနိုင်ရအယ်လ်ဒီပီပါတီရဲ့ဥက္ကဋ္ဌ တာကာဆာ နာအဲဟာ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်ခံရမှာ သေချာပါတယ်။ ဒါကြောင့် တာကာဆာနာအဲအနေနဲ့ သူရည်မှန်းထားတဲ့ နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွား ရေးမူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်သွားနိုင်ဖို့ လမ်းစထွက်ပေါ် လာစေခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်မီက တာကာအိချိ ဆာနာအဲ ကတိပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ်တိုး မြှင့်ခြင်းအပါအဝင် နိုင်ငံရဲ့ကာကွယ်ရေးစွမ်းဆောင်ရည်ကို ထိရောက်အောင်မြှင့်တင်ရေး၊ အစားအ သောက်တွေအပေါ်ကောက်ခံတဲ့ consumption tax (၈)ရာခိုင်နှုန်းကို (၂)နှစ်ဆိုင်းငံ့ထားရေးကိစ္စတွေ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်လုပ်ဆောင် လာဖို့ရှိလာနိုင်ပါတယ်။ တစ်ဖက်မှာလည်း အစားအသောက်တွေအပေါ်ကောက်ခံတဲ့ စားသုံးသူအခွန်ကို ကာလအတိုင်းအတာတစ်ရပ်အထိ မကောက်ခံခဲ့ရင် သို့မဟုတ် ကင်းလွတ်ခွင့်ပြုခဲ့ရင် ဂျပန်နိုင်ငံအတွက် ဝင်ငွေခွန် တစ်နှစ်ကို ယန်း (၅) ထရီလျံ (ဒေါ်လာ ၃၂ ဘီလျံ)လျော့နည်းသွားစေမှာဖြစ်ပါတယ်။ စားသုံး သူအခွန်ဟာ ဂျပန်နိုင်ငံရဲ့ လူမှုဖူလုံရေးလုပ်ငန်းတွေ အတွက် အဓိကအကျဆုံး ငွေကြေးအရင်းအမြစ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်း တွေအပေါ် ထိခိုက်မှုတွေရှိလာမှာ ကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
အလားတူ ကာကွယ်ရေးကဏ္ဍမှာလည်း (၂၀၂၇)ခုနှစ်အရောက်မှာ ကာကွယ်ရေးအသုံးစရိတ် ကို နိုင်ငံ့ဂျီဒီပီရဲ့ (၂)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲ သွားဖို့ကလည်းရှိနေတော့ ဒီအသုံးစရိတ်တွေကို ဘယ် အရင်းအမြစ်ကနေ ရယူသုံးစွဲမယ်ဆိုတဲ့အပေါ်မှာလည်း မေးခွန်းထုတ်နေကြပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ကြွေးမြီဟာ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေး နှစ်မှာ နိုင်ငံ့ဂျီဒီပီရဲ့ (၂၃၀)ရာခိုင်နှုန်း ကျော်လွန်သွား ဖို့ ရှိနေတာဖြစ်ပါတယ်။
(ရှင်ဇိုအာဘေး၏ လက်ထွက်တစ်ဦးဖြစ်သည့် တာကာအိချိ ဆာနာအဲသည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေးကိုလည်း ဆောင်ရွက်လာ ရန်ရှိသည်)
နောက်တစ်ချက်က ဂျပန်နိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေဝင်ရောက်မှုကို အကန့်အသတ်နဲ့ ထားရှိဖို့ ကိစ္စနဲ့ နိုင်ငံခြားသားတွေ ဂျပန်နိုင်ငံတွင်းမှာ မြေနဲ့ အဆောက်အအုံဝယ်ယူမှုတွေကို ပိုမိုစိစစ် သွားဖို့ကိုလည်း အလေးထားဆောင်ရွက်လာဖို့ရှိပါတယ်။ အခု လောလောဆယ်မှာပဲ ဂျပန်နိုင်ငံသား အဖြစ်ခံယူနိုင်ဖို့ နိုင်ငံတွင်းမှာ (၅)နှစ်နေထိုင်ခဲ့ရမယ်ဆိုတဲ့ ကန့် သတ်ချက်အစား (၁၀)နှစ်နေထိုင်ခဲ့ ရမယ်ဆိုပြီး တိုးမြှင့်ကန့်သတ်ဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။
နိုင်ငံခြားသားဆန့်ကျင်ရေးအမြင်ရှိပြီး “Japanese First” ဆိုတဲ့ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ Sanseito Party ဟာလည်း အရင်ကအောက်လွှတ်တော်မှာ အမတ်ဦးရေ (၂)ဦးသာရှိခဲ့ရာ က နေ အခုရွေးကောက်ပွဲအပြီးမှာ (၁၅)ဦးအထိရှိလာခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာနေထိုင်တဲ့ နိုင်ငံခြား သားဦးရေဟာ (၄)သန်းနီးပါးရှိနေပြီး တစ်နှစ်ကို နိုင်ငံခြားသားဦးရေ (၁၆၅,ဝဝဝ)ခန့် ဝင်ရောက်လာ နေတာကြောင့် (၂၀၆၇)ခုနှစ်အရောက်မှာ နိုင်ငံခြားသား ဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ (၁၀)ရာခိုင်နှုန်း ထက် ကျော်လွန်သွားဖို့ ရှိနေပါတယ်။
ဂျပန်ပြည်တွင်းမှာ ကလေးမွေးဖွားမှုနှုန်း နှစ်စဉ် ကျဆင်းနေပြီး အလုပ်လုပ်နိုင်တဲ့လူဦးရေ လျော့ နည်းလာမှုကြောင့် နိုင်ငံခြားသားအလုပ်သမားတွေ ပိုမိုလိုအပ်နေတဲ့ ဂျပန်နိုင်ငံဟာ ပြည်ပနိုင်ငတွေက အလုပ်သမားတွေကို ဆက်လက်ခေါ်ယူနေရဦးမှာဖြစ်ပေမယ့် နိုင်ငံခြားသားဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ရာခိုင်နှုန်းအတိုင်းအတာတစ်ခုထက်မကျော်လွန်ဖို့ကိုတော့ ကန့် သတ်မှုတွေရှိလာမှာဖြစ်ပါတယ်။ အရေး အကြီးဆုံးတစ်ခုကတော့ ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ လက်ထွက်ဖြစ်တဲ့ တာကာဆာနာအဲဟာ ရှင်ဇိုအာဘေး ယခင်လမ်းစဖော်ပေးသွားခဲ့တဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးလုပ် ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ရှိလာမှာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် အမေရိကန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာရေးဆွဲခဲ့ရတဲ့ နိုင်ငံ့ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ Article-9 မှာ စစ်ကိုဆန့် ကျင်ရှုတ်ချထားတဲ့အချက်တွေ ပါဝင်နေပါတယ်။ ကာ ကွယ်ရေးနဲ့ပတ်သက်ပြီးလည်း အမြဲတမ်းတပ်မတော် တည်ထောင်ခွင့်အစား မိမိကိုယ်မိမိ ခုခံကာကွယ် နိုင်ဖို့အတွက်သာဆိုပြီး Self-Defense Forces (SDF) ကို ဖွဲ့စည်းခွင့်ပြုထားတာဖြစ်ပါတယ်။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ အထက်/အောက်လွှတ်တော်(၂)ရပ်စလုံးမှာရှိတဲ့ လွှတ်တော်အ မတ်ဦး ရေ (၃) ပုံ (၂) ပုံရဲ့ ထောက်ခံမှုလိုအပ်တဲ့အပြင် ပြည် သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒခံယူမှု (National Referendum) ကိုပြုလုပ်ပြီးမှ အတည်ပြုချက်နဲ့ ပြင်ဆင် နိုင်တာဖြစ်ပါတယ်။ ရှင်ဇိုအာဘေး ဝန်ကြီးချုပ် အဖြစ် (၂၀၁၂)ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ (၈)နှစ် တာကာလ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ တောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါစာသားတွေကို အဓိပ္ပာယ် ပြန်လည်သတ်မှတ်ခြင်း (Reinter-pretation) ကိုသာဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ရေရှည်ဆောင်ရွက်သွားရမယ့်ကိစ္စဆိုတာကို သိတဲ့ အယ်လ်ဒီပီပါတီ၊ အထူးသဖြင့် ဝန်ကြီးချုပ်တာကာဟာ ပိုမိုလက်တွေ့ကျတဲ့နိုင်ငံရဲ့ ကာကွယ်ရေး ကဏ္ဍကို စွမ်းဆောင်ရည်ပိုမိုတိုးမြှင်ခြင်း၊ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်း၊ ကာကွယ်ရေးကဏ္ဍက ထုတ်လုပ်တဲ့စစ်လက်နက်ပစ္စည်းများ ပြည်ပနိုင်ငံတွေကို တိုးမြှင့်ရောင်းချနိုင်ရေးတို့ကို ပိုမိုအလေးထား လုပ်ဆောင်လာဖို့ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ ေအာက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲႏွင့္ ေရွ႕အလားအလာ
(ႏိုင္ငံတကာ သုံးသပ္ေဆာင္းပါး)
တကၠသိုလ္ ေမာင္႐ူပ (NP News)
(၂၀၂၆)ခုႏွစ္ ေဖေဖာ္ဝါရီလ(၈)ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ေအာက္လႊတ္ေတာ္ေ႐ြး ေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ တာကာအိခ်ိဆာနာအဲ ဦးေဆာင္တဲ့ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ(အယ္လ္ ဒီပီ)က မဲအျပတ္အသတ္နဲ႔အႏိုင္ရရွိသြားခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္မွာ လႊတ္ေတာ္အမတ္ ဦးေရ (၄၆၅) ဦးရွိတဲ့အနက္ (၂၈၉)ဦးကို သက္ဆိုင္ရာ မဲဆႏၵနယ္ေျမတစ္ခုခ်င္းအလိုက္ တိုက္႐ိုက္မဲေပးေ႐ြး ခ်ယ္ၿပီး က်န္ (၁၇၆) ဦးအတြက္ သတ္မွတ္ထားတဲ့ေဒသႀကီး (၁၁)ခုကေန အခ်ိဳးက်ကိုယ္စားျပဳစနစ္ (Proportional representation system) နဲ႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲမတိုင္မီက ေအာက္လႊတ္ေတာ္မွာ အာဏာရ အယ္လ္ဒီပီပါတီနဲ႔ သူ႔မဟာမိတ္ Japan Innovation Party က (၂၃၃)ေနရာ၊ အင္အားအႀကီးဆုံး အတိုက္အခံပါတီျဖစ္တဲ့ Constituti- onal Democratic Party of Japan နဲ႔ Komeito ပါတီတို႔ မၾကာေသးမီက ေပါင္းစပ္ဖြဲ႕စည္းခဲ့တဲ့ Centrist Reform Alliance က (၁၇၂)ေနရာ၊ Democratic Party for the People က (၂၆)ေနရာနဲ႔ (၃၄) ေနရာက က်န္ပါတီေတြနဲ႔ တစ္သီးပုဂၢလအမတ္ေတြ အသီးသီးေနရာရရွိထားခဲ့တာျဖစ္ပါတယ္။
ေအာက္လႊတ္ေတာ္အမတ္ေနရာ (၄၆၅)ေနရာအတြက္ ႏိုင္ငံေရးပါတီ (၇)ပါတီက ကိုယ္စား လွယ္ေတြနဲ႔တစ္သီးပုဂၢလကိုယ္စားလွယ္စုစုေပါင္း(၁၂၇၀) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ဂ်ပန္ ႏိုင္ငံမွာ အသက္(၁၈)ႏွစ္ျပည့္ၿပီးတဲ့ႏိုင္ငံသားတိုင္းဟာ မဲေပးပိုင္ ခြင့္ရွိပါတယ္။ မဲေပးရာမွာ သက္ဆိုင္ရာ မဲဆႏၵနယ္ေျမ တစ္ခုခ်င္းအလိုက္ (Single-seat constituency) ကိုယ္စားလွယ္ကို တိုက္႐ိုက္ေ႐ြးခ်ယ္ တဲ့ မဲ(၁)မဲနဲ႔ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (Proportional repre­sentation system) အရ ႏိုင္ငံေရးပါတီ ကိုေပးတဲ့မဲ ဆိုၿပီး မဲ(၂)မဲေပးၾကရပါတယ္။
ဂ်ပန္ႏိုင္ငံမွာ ေအာက္လႊတ္ေတာ္နဲ႔အထက္လႊတ္ေတာ္ဆိုၿပီး လႊတ္ေတာ္(၂)ရပ္ရွိတဲ့အနက္ ေအာက္လႊတ္ေတာ္ဟာ ပိုၿပီးလုပ္ပိုင္ခြင့္ရွိပါတယ္။ အစိုးရအဖြဲ႕အႀကီးအကဲျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ကို ေ႐ြး ခ်ယ္ခန႔္အပ္ႏိုင္သလို ေအာက္လႊတ္ေတာ္ကတင္ျပတဲ့ ဥပေဒမူၾကမ္း (Bills) ေတြကို အထက္လႊတ္ေတာ္ က ကန႔္ကြက္ခဲ့ရင္ေတာင္ ေအာက္လႊတ္ေတာ္မွာ ျပန္လည္ေဆြးေႏြးၿပီး ေအာက္လႊတ္ေတာ္အမတ္ ဦးေရ ရဲ႕သုံးပုံႏွစ္ပုံကေထာက္ခံရင္ ဥပေဒအျဖစ္အတည္ျပဳႏိုင္တာျဖစ္ပါတယ္။ ေအာက္လႊတ္ေတာ္မွာ အမတ္ ဦး ေရအမ်ားဆုံးရရွိတဲ့ပါတီဟာ အာဏာရပါတီျဖစ္လာတဲ့အတြက္ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲဟာ အေရးႀကီးတဲ့အေနအထားမွာရွိပါတယ္။

ဂ်ပန္ႏိုင္ငံ၏ ေျပာင္းလဲလာသည့္ ႏိုင္ငံေရးအေနအထား
အခုျပဳလုပ္ခဲ့တဲ့ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲဟာ ဂ်ပန္ႏိုင္ငံမွာ မၾကာေသးမီကျဖစ္ေပၚလာ ခဲ့တဲ့ ျပည္တြင္းႏိုင္ငံေရးအေျခအေန အေျပာင္းအလဲေတြနဲ႔အတူ အဓိကႏိုင္ငံေရးပါတီႀကီးေတြအၾကား အင္ အားျပန္လည္ထိန္းညႇိမႈေတြ ျဖစ္ပြားလာၿပီးေနာက္ပိုင္း ပထမဆုံးက်င္းပျပဳလုပ္တဲ့ေ႐ြးေကာက္ပြဲ ျဖစ္ပါတယ္။
(၂၀၂၃)ခုႏွစ္အတြင္းမွာ အယ္လ္ဒီပီပါတီလႊတ္ ေတာ္အမတ္ေတြရဲ႕ ယန္း သန္းေပါင္း(၆၀ဝ)ေက်ာ္ ႏိုင္ငံေရးရန္ပုံေငြ ထိမ္ခ်န္ေဖာ္ျပမႈျဖစ္စဥ္ ေပၚထြက္ လာခဲ့ခ်ိန္မွာ အယ္လ္ဒီပီပါတီအေပၚ ဂ်ပန္ ျပည္သူ လူထုက အျပင္းအထန္ေဝဖန္ခဲ့ၾကပါတယ္။ ဒီျဖစ္စဥ္ဟာ ဂ်ပန္ႏိုင္ငံေရးေလာကကိုလည္း အႀကီးအ က်ယ္ ႐ိုက္ခတ္မႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။ (၂၀ ၂၄) ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ကစၿပီး ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့တဲ့ ရွီဂဲ႐ုအီရွီဘာလက္ထက္မွာလည္း ဝန္ႀကီးခ်ဳပ္အီရွီဘာက လႊတ္ေတာ္ အမတ္ (၁၅) ဦးကို Gift Voucher အျဖစ္ တစ္ေယာက္ကို ယန္း (၁) သိန္းစီေပးအပ္ခဲ့တဲ့ျဖစ္စဥ္ ထြက္ေပၚလာခဲ့ တဲ့အတြက္ ဝန္ႀကီးခ်ဳပ္ အီရွီဘာဦးေဆာင္တဲ့ အစိုးရအဖြဲ႕အေပၚ လူထုေထာက္ခံမႈႏႈန္းထား ပိုမိုထိခိုက္ က်ဆင္းခဲ့ရပါတယ္။ ဒါ့ျပင္ ႏိုင္ငံအတြင္း လူသုံးကုန္ပစၥည္းေတြ၊ အထူးသျဖင့္ ႏိုင္ငံရဲ႕ အဓိကစားေသာက္ ကုန္ျဖစ္တဲ့ ဆန္ေဈးႏႈန္းေတြ ျမင့္တက္လာခဲ့တာဟာ ဝန္ႀကီးခ်ဳပ္ အီရွီဘာအတြက္ ေနာက္ထပ္ ထိုးႏွက္ စရာတစ္ခုျဖစ္လာေစခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံမွာ သဘာဝေဘးအႏၲရာယ္ေတြ ခပ္စိတ္စိတ္ႀကဳံေတြ႕လာရမႈ၊ သက္ႀကီး႐ြယ္အို လူဦးေရ တိုးပြားမ်ားျပားလာမႈ၊ အလုပ္လုပ္ႏိုင္တဲ့အင္အားစု ေလ်ာ့က်လာမႈ၊ ေႂကြးၿမီပမာဏ မ်ားျပား လာမႈအျပင္ ဆယ္စုႏွစ္အတြင္း ေငြေၾကးေဖာင္းပြမႈႏႈန္း အျမင့္ဆုံးေရာက္ရွိေနမႈ၊ အစားအေသာက္နဲ႔ လူသုံးကုန္ပစၥည္း ေဈးႏႈန္းေတြ ျမင့္မားလာမႈ၊ ႏိုင္ငံျခားသားေတြ ႏိုင္ငံ တြင္း မ်ားျပားလာမႈစတဲ့ အခက္ အခဲေတြကို ရင္ဆိုင္ေနရပါတယ္။ ဒီကိစၥေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ ဝန္ႀကီးခ်ဳပ္ အီရွီဘာလက္ထက္ မွာ အယ္လ္ဒီပီပါတီဟာ စြမ္းေဆာင္ရည္ညံ့ဖ်င္းတယ္လို႔ေဝဖန္ခံရမႈေတြနဲ႔အတူ ျပည္သူလူထုရဲ႕ယုံၾကည္ မႈလည္း က်ဆင္းခဲ့ရပါတယ္။ ဒီအခ်က္ကို ဝန္ႀကီးခ်ဳပ္ အီရွီဘာ လက္ထက္က်င္းပျပဳလုပ္ခဲ့တဲ့ ေ႐ြး ေကာက္ပြဲ (၃)ခုလုံးမွာ အယ္လ္ဒီပီပါတီရရွိခဲ့တဲ့ရလဒ္ေတြကေဖာ္ျပေနပါတယ္။ (၂၀၂၄)ခုႏွစ္ ေအာက္ တိုဘာလ(၉)ရက္ကက်င္းပခဲ့တဲ့ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ အယ္လ္ဒီပီပါတီနဲ႔ မဟာမိတ္ ကိုေမးတိုးပါတီတို႔ အမတ္ေနရာအမ်ားစု လက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။ အလားတူ (၂၀၂၅)ခုႏွစ္ ဇြန္လ (၂၂) ရက္ကက်င္းပခဲ့ တဲ့ တိုက်ိဳျမဴနီစပါယ္ေ႐ြးေကာက္ပြဲမွာ အယ္လ္ဒီပီပါ တီနဲ႔ မဟာမိတ္ ကိုေမးတိုး ပါတီတို႔အေနနဲ႔ အမတ္ေနရာအမ်ားအျပား ဆုံးရႈံးခဲ့ရပါတယ္။
ဒါ့ျပင္ (၂၀၂၅) ခုႏွစ္ ဇူလိုင္လ (၂၀)ရက္ကက်င္း ပျပဳလုပ္ခဲ့တဲ့ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲ မွာလည္း အယ္လ္ဒီပီပါတီနဲ႔ မဟာမိတ္ ကိုေမးတိုးပါ တီတို႔အေနနဲ႔ အမတ္ေနရာအမ်ားစု လက္လႊတ္ဆုံး ရႈံးခဲ့ရပါတယ္။ ဒါေၾကာင့္ ဝန္ႀကီးခ်ဳပ္ အီရွီဘာ ရာထူးကႏုတ္ထြက္ခဲ့ရၿပီး (၂၀၂၅)ခုႏွစ္ ေအာက္တိုဘာလ (၄)ရက္ကျပဳလုပ္ခဲ့တဲ့ အယ္လ္ဒီပီပါတီဥကၠ႒ ေ႐ြး ေကာက္ပြဲမွာ တာကာဆာနာအဲ အႏိုင္ရရွိခဲ့ၿပီး ဂ်ပန္ ႏိုင္ငံရဲ႕ ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။ မစၥတာကာ ဆာနာအဲဟာ ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွင္ဇိုအာေဘးရဲ႕လက္ထြက္တစ္ဦးျဖစ္ၿပီး ႏိုင္ငံေရးအရ သေဘာထားတင္းမာသူ တစ္ဦး ျဖစ္တယ္လို႔ နာမည္ထြက္သူျဖစ္ပါတယ္။
မစၥတာကာခ်ိ ဆာနာအဲ ဝန္ႀကီးခ်ဳပ္ျဖစ္လာခ်ိန္မွာ ပထမဆုံးထြက္ေပၚလာတဲ့ ႏိုင္ငံေရး အေျပာင္းအလဲက အယ္လ္ဒီပီပါတီနဲ႔ (၁၉၉၉)ခုႏွစ္ကတည္းက မဟာမိတ္ပါတီအျဖစ္ (၂၆)ႏွစ္ တိုင္ တိုင္ရပ္တည္လာခဲ့တဲ့ ကိုေမးတိုးပါတီဟာ အယ္လ္ဒီပီပါတီနဲ႔ မဟာမိတ္ဖြဲ႕စည္းထားမႈကို ရပ္စဲခဲ့တာျဖစ္ ပါတယ္။ ကိုေမး တိုးပါတီဟာ အဖြဲ႕ဝင္ (၈)သန္းရွိတဲ့ Soka Gakkai ဘာသာေရးအဖြဲ႕အစည္းရဲ႕ေနာက္ခံနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး အလယ္အလတ္သေဘာထားရွိတဲ့ပါတီ ျဖစ္ပါတယ္။ မစၥတာကာဆာနာအဲက သူရဲ႕အစိုးရအဖြဲ႕နဲ႔ ပါတီထိပ္ပိုင္းရာထူးေတြမွာ ယခင္ ႏိုင္ငံေရးရန္ပုံေငြ အရႈပ္ေတာ္ပုံမွာပါဝင္ခဲ့တဲ့ သူေတြ ကို ေနရာေပး ခန႔္အပ္ခဲ့ျခင္းအပါအဝင္ မူဝါဒပိုင္းဆိုင္ရာ သေဘာထား မတိုက္ဆိုင္မႈေတြေၾကာင့္ အယ္လ္ ဒီပီပါတီနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။
ကိုေမးတိုးပါတီဟာ အယ္လ္ဒီပီပါတီနဲ႔ လမ္းခြဲ ခဲ့ၿပီးေနာက္ အတိုက္အခံ Constitutional Demo- cratic Party နဲ႔ပူးေပါင္းၿပီး Centrist Reform Alliance ကို ဇန္နဝါရီလ(၁၉)ရက္က ဖြဲ႕စည္းခဲ့ပါတယ္။ အသစ္ဖြဲ႕စည္းလိုက္တဲ့ Centrist Reform Alliance က ပါတီမူဝါဒေတြကိုထုတ္ျပန္ခဲ့ရာမွာ ျပည္သူ လူထုကိုအေျချပဳတဲ့မူဝါဒေတြ အေကာင္အထည္ေဖာ္သြားႏိုင္ဖို႔၊ ႏိုင္ငံေရးအရ ထိပ္တိုက္ရင္ဆိုင္ မႈနဲ႔ သေဘာထားကြဲလြဲမႈေတြ ႀကီးထြားလာေစမယ့္ မူဝါဒေတြအစား တူညီဆႏၵကို ရယူအေကာင္အထည္ ေဖာ္ႏိုင္ေရး တြန္းအားေပးသြားမယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါ့ျပင္ စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ျပည္သူလူထုအေပၚ ဝန္ထုပ္ဝန္ပိုးမျဖစ္ေပၚေစေရး အတြက္ လူမႈဖူလုံေရးစနစ္သစ္တစ္ရပ္ကိုတည္ေထာင္သြား ေရး၊ ႏိုင္ငံျခားေရးနဲ႔ကာကြယ္ေရးမူဝါဒမွာ ဂ်ပန္-အ ေမရိကန္ မဟာမိတ္ဖြဲ႕စည္းမႈနဲ႔ ၿငိမ္းခ်မ္းေရး သံခင္း တမန္ခင္းတို႔ကို အေျချပဳေဆာင္႐ြက္ သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ (အတိုက္အခံ Constitutional Democratic Party of Japan ႏွင့္ ကိုေမးတိုးပါတီတို႔ ပူးေပါင္းၿပီး Centrist Reform Alliance ပါတီကို ဇန္နဝါရီလ ၁၉ ရက္ေန႔က ဖြဲ႕စည္းခဲ့သည္)
တစ္ဖက္မွာလည္း ေအာက္လႊတ္ေတာ္မွာေရာ၊ အထက္လႊတ္ေတာ္မွာပါ အမ်ားစုအႏိုင္ မရရွိ ထားတဲ့ တာကာအိခ်ိ ဆာနာအဲ ဦးေဆာင္တဲ့ အယ္လ္ဒီပီ ပါတီဟာ အစိုးရတစ္ရပ္ ဖြဲ႕စည္းႏိုင္ေရး အတြက္ အို ဆာကာၿမိဳ႕အေျခစိုက္ Nippon Ishin no Kai ေခၚ Japan Innovation Party နဲ႔ မဟာ မိတ္ဖြဲ႕စည္းခဲ့ပါတယ္။ ဒီလို ႏိုင္ငံေရးပါတီႀကီးေတြအၾကား အင္အားထိန္းညႇိၾကတဲ့ ႏိုင္ငံေရးအရ အေျပာင္းအလဲေတြဟာ ဂ်ပန္ႏိုင္ငံမွာ မၾကာေသးမီအခ်ိန္ကမွ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံေရးပါတီမ်ားအၾကား မူဝါဒေရးရာကြဲျပားမႈမ်ား
ေ႐ြးေကာက္ပြဲဝင္ၾကတဲ့ ႏိုင္ငံေရးပါတီေတြအၾကား အဓိက မဲဆြယ္စည္း႐ုံးၾက၊ ေဆြးေႏြးျငင္းခုံ ၾကရတဲ့ ေခါင္းစဥ္ေတြကေတာ့ ႏိုင္ငံရဲ႕စီးပြားေရး ျပန္လည္အားေကာင္းလာေစေရးကိစၥ၊ ဂ်ပန္ယန္းေငြ တန္ဖိုး က်ဆင္းမႈနဲ႔ ကုန္ေဈးႏႈန္းေတြ ျမင့္မားေနတဲ့ကိစၥ၊ ျပည္ပဆက္ဆံေရးအေနနဲ႔ ႏိုင္ငံျခားေရးနဲ႔ ကာကြယ္ ေရးကိစၥရပ္ေတြပဲျဖစ္ပါတယ္။ ႏိုင္ငံေရးပါတီႀကီးေတြအၾကား ထူးထူးျခားျခား တူညီတဲ့ အဆို ျပဳခ်က္တစ္ရပ္ ကေတာ့ ကုန္ေဈးႏႈန္းႀကီးျမင့္မႈေတြ ျဖစ္ေပၚေနတဲ့အခ်ိန္မွာ ျပည္သူေတြ သက္သာရာ ရေစဖို႔ စားသုံးသူအခြန္ (Consumption Tax) ကို ေလွ်ာ့ခ်ေရးကိစၥပဲျဖစ္ပါတယ္။ ဘယ္ေလာက္အတိုင္း အတာအထိ ေလွ်ာ့ခ်မယ္၊ ကာလအကန႔္အသတ္ဘယ္ ေလာက္ထားရွိမယ္ စတဲ့အခ်က္ေတြအေပၚမွာ သာ ကြဲလြဲၾကတာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ တာကာဆာ နာအဲဟာ အစားအေသာက္ေတြအေပၚ လက္ရွိ ေကာက္ခံေနတဲ့ စားသုံးသူအခြန္ (၈)ရာခိုင္ႏႈန္းကို (၂)ႏွစ္ ကင္းလြတ္ခြင့္ျပဳေပးသြားဖို႔အဆိုျပဳထားသလို ႏိုင္ငံတြင္း အလုပ္အ ကိုင္သစ္မ်ား ဖန္တီးေပးႏိုင္ေရး၊ ဝင္ေငြပိုမိုျမင့္မားလာေစေရးအတြက္ ယန္း(၂၁.၃) ထရီလ်ံအထိ ဘ႑ာေငြ အေျမာက္အျမား သုံးစြဲသြားဖို႔ စီစဥ္လ်က္ရွိေနပါတယ္။
ဒါ့ျပင္ အစိုးရေငြေခ်းစာခ်ဳပ္ (Bonds) ေတြထုတ္ေဝၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြျမႇင့္တင္သြားဖို႔လည္း စီစဥ္ လ်က္ရွိပါတယ္။ ကာကြယ္ေရးက႑မွာဆိုရင္ အသုံး စရိတ္ျမႇင့္တင္ၿပီး ကာကြယ္ေရးက႑ျမႇင့္ တင္ေရးကို ဦးစားေပးသြားဖို႔ရွိပါတယ္။ ႏိုင္ငံ့စီးပြားေရး ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္နဲ႔ ဂ်ပန္ႏိုင္ငံရဲ႕ ႏိုင္ငံတကာယွဥ္ၿပိဳင္ ႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္မယ့္ (AI)နဲ႔ semiconductors ထုတ္လုပ္ေရးအပါအဝင္ မဟာ ဗ်ဴဟာေျမာက္က႑ႀကီး(၁၇)ရပ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ေတြျမႇင့္တင္သြားဖို႔လည္း ေျပာၾကားထားပါ တယ္။
အႀကီးဆုံး အတိုက္အခံႏိုင္ငံေရးပါတီျဖစ္တဲ့ Centrist Reform Alliance ပါတီကေတာ့ အစားအေသာက္ေတြအေပၚ လက္ရွိေကာက္ခံေနတဲ့ စား သုံးသူအခြန္ေကာက္ခံမႈကို လာမယ့္ စက္ တင္ဘာလကစၿပီး လုံးဝပယ္ဖ်က္ေပးသြားမွာျဖစ္ေၾကာင္း၊ ဒါ့ျပင္ တစ္ပတ္ကို အလုပ္လုပ္ရက္ (၄)ရက္ သာထားရွိ သတ္မွတ္ေပးသြားမွာျဖစ္ေၾကာင္း၊ အလားတူ ႏိုင္ငံတြင္း အဏုျမဴလက္နက္ပိုင္ဆိုင္ျခင္း၊ ထုတ္လုပ္ျခင္း ေတြကို တားျမစ္ထားတဲ့ ဂ်ပန္ႏိုင္ငံေရရွည္ကိုင္စြဲလာခဲ့တဲ့မူဝါဒေတြကို ဆက္လက္လိုက္ နာသြားမွာျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။ ကာကြယ္ေရးက႑မွာ အစဥ္အလာက်င့္သုံးခဲ့တဲ့ မိမိကိုယ္မိမိ ခုခံကာ ကြယ္ေရးမူဝါဒကိုသာ ေထာက္ခံတဲ့ပါတီျဖစ္ပါတယ္။ အယ္လ္ ဒီပီပါတီရဲ႕ မဟာမိတ္ျဖစ္တဲ့ အိုဆာကာၿမိဳ႕အေျခစိုက္ Japan Innovation Party ကေတာ့ တိုက်ိဳၿမိဳ႕မွာ ေျမငလ်င္ အပါအဝင္ သဘာဝေဘးအႏၲ ရာယ္ႀကီးက်ေရာက္လာခဲ့ရင္ အိုဆာကာၿမိဳ႕ကို ဂ်ပန္ ႏိုင္ငံရဲ႕ အရန္ ၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ႏိုင္ေရး၊ ေအာက္လႊတ္ေတာ္အမတ္ဦးေရကို လက္ရွိထက္ (၁၀)ရာခိုင္ႏႈန္း ေလွ်ာ့ခ်သြားေရးတို႔ကို ဦးစားေပးေဖာ္ ျပခဲ့ပါတယ္။ ဂ်ပန္ကြန္ျမဴနစ္အပါအဝင္ ပါတီငယ္တခ်ိဳ႕ကေတာ့ စားသုံးသူအခြန္ေကာက္ခံမႈကို (၅)ရာ ခိုင္ႏႈန္း တစ္သမတ္တည္းထားရွိဖို႔အဆိုျပဳခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ တာကာအိခ်ိ ဆာနာအဲ၏အေနအထား
ဝန္ႀကီးခ်ဳပ္ တာကာအိခ်ိ ဆာနာအဲဟာ အယ္လ္ဒီပီပါတီရဲ႕ ဥကၠ႒နဲ႔ ဝန္ႀကီးခ်ဳပ္တာဝန္ေတြကို (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလကစတင္ၿပီး ထမ္းေဆာင္ေန တာျဖစ္ပါတယ္။ သူ ဝန္ႀကီးခ်ဳပ္တာဝန္ မထမ္းေဆာင္ မီအခ်ိန္ကတည္းက အယ္လ္ဒီပီပါတီဟာ ႏိုင္ငံေရး ရန္ပုံေငြ အလြဲသုံးစားလုပ္မႈ ျဖစ္စဥ္ ေတြ၊ ႏိုင္ငံတြင္း လူသုံးကုန္ပစၥည္းေတြ ေဈးႏႈန္းျမင့္မားလာမႈေတြေၾကာင့္ ျပည္သူလူထုရဲ႕ေထာက္ခံမႈ က်ဆင္းေနတဲ့ အေျခအေနေတြကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ အထူးသျဖင့္ အယ္လ္ဒီပီပါတီဟာ ႏိုင္ငံေရး ရန္ပုံေငြ ျပႆနာေၾကာင့္ လူထုေထာက္ခံမႈအႀကီးအက်ယ္က် ဆင္းခဲ့ၿပီး (၂၀၂၄)ခုႏွစ္ ေအာက္ တိုဘာလမွာျပဳလုပ္ခဲ့တဲ့ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲနဲ႔ (၂၀၂၅)ခုႏွစ္ ဇူလိုင္လမွာျပဳလုပ္ခဲ့တဲ့ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြမွာ အမ်ားစုေနရာကို ဆုံးရႈံးခဲ့ရပါတယ္။
ဒါ့ျပင္ ႏိုင္ငံတြင္း တိုးပြားမ်ားျပားလာေနတဲ့ႏိုင္ ငံျခားသားေတြေၾကာင့္ ေဒသခံဂ်ပန္ျပည္သူ ေတြရဲ႕ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံေတြအေပၚ ထိခိုက္မႈရွိလာ တယ္ဆိုၿပီး ႏိုင္ငံျခားသားဆန႔္က်င္ေရး အမ်ိဳး သားေရး လက္ယာစြန္းပါတီေတြလည္း ထြက္ေပၚလာေနခ်ိန္ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ တာကာအိခ်ိဆာ နာအဲ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ (၂၀၂၅)ခုႏွစ္ ေအာက္တိုဘာလကစၿပီး လူထုေထာက္ခံမႈႏႈန္းထား (၇၅) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတာကိုေတြ႕ရပါတယ္။ ဒီလို ျမင့္တက္လာရတဲ့ အေၾကာင္းရင္းမ်ားစြာ ရွိတဲ့အနက္ သူရဲ႕ စီးပြားေရးမူဝါဒေတြအျပင္ ဝင္ေငြခြန္ေကာက္ခံဖို႔အတြက္ အနည္းဆုံး ႏွစ္စဥ္ဝင္ေငြ ပမာဏကို ယန္း (၁.၆)သန္းကေန ယန္း(၁.၇၈)သန္းအထိ တိုးျမႇင့္ေပးလိုက္တဲ့အခ်က္လည္း ပါဝင္ပါ တယ္။ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလမွာ ဝန္ႀကီးခ်ဳပ္တာကာဆာနာအဲဟာ ေငြေၾကးေဖာင္းပြမႈကိုတိုက္ဖ်က္ ႏိုင္မယ့္နည္းလမ္းတစ္ခုအေနနဲ႔ လွ်ပ္စစ္မီတာခ၊ ဂက္စ္ဖိုးက်သင့္ေငြမ်ား ေလွ်ာ့ခ်ေပးျခင္း၊ ေဒသႏၲရ အစိုးရေတြအတြက္ ေထာက္ပံ့ေငြေပးအပ္ျခင္း၊ ကေလးသူငယ္ရွိတဲ့မိသားစုေတြအတြက္ ကေလးသူငယ္ ေထာက္ပံ့ေၾကး ေပးအပ္ျခင္းေတြအပါအဝင္ ဘက္စုံစီးပြားေရးအစီအစဥ္ တစ္ရပ္ကို အေကာင္အထည္ ေဖာ္ခဲ့ပါတယ္။ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလအတြင္း ဝန္ႀကီးခ်ဳပ္ တာကာ ဆာနာအဲဟာ ထပ္တိုးရန္ပုံေငြ ယန္း (၁၈)ထရီ လ်ံ(ေဒၚလာ ၁၁၄ ဘီလ်ံ)ရရွိဖို႔ ဥပေဒျပ႒ာန္းေဆာင္ ႐ြက္ခဲ့ပါတယ္။ ဒီထပ္တိုးရန္ပုံေငြရဲ႕ (၆၀)ရာခိုင္ႏႈန္း ကို အစိုးရေငြေခ်းစာခ်ဳပ္ေတြေရာင္းခ်ျခင္းကေန ရရွိခဲ့ပါတယ္။
(ဝန္ႀကီးခ်ဳပ္တာကာဦးေဆာင္ေသာ အစိုးရအ ဖြဲ႕အေပၚ လူထုေထာက္ခံမႈႏႈန္းထား ျမင့္မားလ်က္ရွိ ေသာ္လည္း အာဏာရ အယ္လ္ဒီပီပါတီအေပၚ လူထု ေထာက္ခံမႈမွာ က်ဆင္းေနဆဲျဖစ္သည္)
ဝန္ႀကီးခ်ဳပ္တာကာဆာနာအဲဟာ ႏိုင္ငံတြင္း မေက်နပ္မႈေတြမ်ားျပားလာေနတဲ့ ႏိုင္ငံျခား သားေတြ နဲ႔ပတ္သက္ၿပီးလည္း ကိုင္တြယ္ေဆာင္႐ြက္မႈေတြျပဳ လုပ္ခဲ့ပါတယ္။ ႏိုင္ငံတြင္းမွာ ကေလး ေမြးဖြားမႈႏႈန္းက် ဆင္းေနမႈနဲ႔ သက္ႀကီး႐ြယ္အိုလူဦးေရ တိုးပြားမ်ားျပား လာေနမႈေၾကာင့္ ႏိုင္ငံျခားသား အလုပ္သမားေတြ ပိုမို လိုအပ္ေနတဲ့ဂ်ပန္ႏိုင္ငံဟာ ျပည္ပအလုပ္သမားေခၚ ယူမႈကို ရပ္ဆိုင္းျဖစ္ဖို႔ မျဖစ္ ႏိုင္ပါဘူး။ သို႔ေသာ္လည္း ဂ်ပန္ႏိုင္ငံတြင္းရွိေနတဲ့ ႏိုင္ငံျခားသားဦးေရဟာ ႏိုင္ငံ့ လူဦးေရရဲ႕ ရာခိုင္ႏႈန္း အတိုင္းအတာတစ္ခုအထိသာ ထားရွိဖို႔၊ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းစဥ္ေတြမွာ ပိုမို တင္းၾကပ္ဖို႔၊ ႏိုင္ငံရဲ႕ စည္းမ်ဥ္းဥပေဒေတြကို ေလးစားလိုက္နာျခင္းမရွိသူ၊ သက္တမ္းေက်ာ္လြန္ေနထိုင္သူေတြကို ျပည္ႏွင္ဖို႔၊ ႏိုင္ငံျခားသားေတြရဲ႕ အိမ္ရာဝယ္ယူမႈေတြကိုေစာင့္ၾကည့္ဖို႔ စတဲ့ စည္းမ်ဥ္းကန႔္သတ္မႈေတြကို ကိုင္ တြယ္ေဆာင္႐ြက္ဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။
ဝန္ႀကီးခ်ဳပ္ တာကာဆာနာအဲဟာ ႏိုင္ငံျခား သားေတြရဲ႕ အိမ္ရာဝယ္ယူမႈေတြကို တားျမစ္ႏိုင္ မယ့္ ဥပေဒတစ္ရပ္ကိုလည္း ျပ႒ာန္းႏိုင္ဖို႔ စီစဥ္လ်က္ရွိသ လို ႏိုင္ငံတြင္းထုတ္လုပ္တဲ့ ကာကြယ္ေရး ဆိုင္ရာ ပစၥည္းေတြ ျပည္ပကို ပိုမိုတိုးခ်ဲ႕တင္ပို႔ႏိုင္ဖို႔ ကန႔္သတ္ခ်က္ေတြကို ေလွ်ာ့ခ်သြားႏိုင္ဖို႔လည္း စီစဥ္လ်က္ရွိပါတယ္။ ဒါေၾကာင့္ သူရဲ႕ရည္မွန္းခ်က္ေတြကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အယ္လ္ဒီပီပါတီဟာ လႊတ္ေတာ္အတြင္းမွာ အမ်ားစု ေနရာျပန္လည္ရရွိ ျခင္း၊ အတိုက္အခံပါတီတခ်ိဳ႕ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈရရွိျခင္းကို လိုအပ္ေနတာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲရလဒ္
ေဖေဖာ္ဝါရီလ (၈)ရက္ကျပဳလုပ္ခဲ့တဲ့ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ လက္ရွိအာဏာရ အယ္လ္ဒီပီပါတီ၊ အယ္လ္ဒီပီပါတီရဲ႕မိတ္ဖက္ Japan Innovation Party (JIP) ၊ အႀကီးဆုံး အတိုက္အခံ ႏိုင္ငံေရးပါတီျဖစ္တဲ့ Centrist Reform Alliance ygwD ၊ Democratic Party for the People (DPFP) ၊ Sanseito Party ၊ Reiwa Shinsengumi Party နဲ႔ ဂ်ပန္ကြန္ျမဴနစ္ပါတီစတဲ့ ႏိုင္ငံေရးပါတီ (၇)ပါတီ ဝင္ ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။
(ေ႐ြးေကာက္ပြဲတြင္ အာဏာရ အယ္လ္ဒီပီပါတီ သည္ အမတ္ဦးေရ (၃) ပုံ (၂) ပုံ ေက်ာ္ အႏိုင္ရရွိခဲ့ သည္)
ေဖေဖာ္ဝါရီလ (၉)ရက္မနက္ပိုင္းမွာထြက္ေပၚလာခဲ့တဲ့ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲရလဒ္ ေတြအရ လက္ရွိအာဏာရ အယ္လ္ဒီပီပါတီက အမတ္ေနရာ (၃၁၆)ဦးအထိအႏိုင္ရရွိခဲ့ၿပီး အယ္လ္ဒီပီ ပါတီရဲ႕မိတ္ဖက္ Japan Innovation Party (JIP) က (၃၆)ေနရာ အႏိုင္ရရွိခဲ့ပါတယ္။ အႀကီးဆုံး အတိုက္အခံႏိုင္ငံေရးပါတီျဖစ္တဲ့ Centrist Reform Alliance ဟာ (၄၉)ေနရာသာအႏိုင္ရရွိခဲ့ၿပီး အမတ္ ေနရာအမ်ားအျပား ဆုံးရႈံးခဲ့ရပါတယ္။ ဒီရလဒ္ေတြအ ရ အယ္လ္ဒီပီပါတီဟာ သူ႔တစ္ပါတီတည္းနဲ႔တင္ အမ်ားစုေနရာအႏိုင္ရရွိခဲ့တဲ့အတြက္ ေအာက္လႊတ္ ေတာ္တြင္းမွာရွိတဲ့ ေရးရာေကာ္မတီေတြမွာလည္း ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ေတာ့မွာျဖစ္ပါ တယ္။ အခုေ႐ြးေကာက္ပြဲရလဒ္ဟာ (၂၀၁၂) ခုႏွစ္ တုန္းက ရွင္ဇိုအာေဘးဦးေဆာင္တဲ့ အယ္လ္ဒီပီပါတီ ဟာ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ အမ်ားစု ျပန္လည္အႏိုင္ရရွိခဲ့ၿပီး အတိုက္အခံပါတီအျဖစ္က ေန အာဏာရပါတီအျဖစ္ ျပန္လည္ရရွိခဲ့တဲ့ ေ႐ြးေကာက္ ပြဲရလဒ္နဲ႔ႏႈိင္းယွဥ္ႏိုင္တဲ့ အေနအထားမွာရွိပါတယ္။
အယ္လ္ဒီပီပါတီအေနနဲ႔ သူရဲ႕မိတ္ဖက္ Japan Innovation Party (JIP) နဲ႔ ဆက္လက္ မဟာ မိတ္ဖြဲ႕သြားမွာျဖစ္လို႔ ေအာက္လႊတ္ေတာ္အတြင္းမွာ အာ ဏာရၫြန႔္ေပါင္းပါတီဟာ အမတ္ေနရာ (၃၅၂) ေနရာအထိရရွိထားပါတယ္။ အႀကီးဆုံး အတိုက္အခံႏိုင္ငံေရးပါတီျဖစ္တဲ့ Centrist Reform Alliance ဟာ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမတိုင္မီက အမတ္ေနရာ(၁၆၇)ေနရာရရွိထားခဲ့ၿပီး ေ႐ြးေကာက္ပြဲ အၿပီးမွာ (၄၉)ေနရာသာအႏိုင္ရရွိခဲ့တာေၾကာင့္ အႀကီးအက်ယ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ Centrist Reform Alliance ရဲ႕ပူးတြဲေခါင္းေဆာင္ (၂)ဦးျဖစ္တဲ့Yoshihiko Noda နဲ႔ Tetsuo Saito တို႔ဟာ သူတို႔ရာထူးေတြကေန အသီးသီးႏုတ္ထြက္ခဲ့ၾကပါတယ္။

သုံးသပ္ခ်က္
ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲရလဒ္ေတြ ထြက္ေပၚလာၿပီးေနာက္ ေဖေဖာ္ဝါရီလ(၁၈) ရက္ ေန႔မွာက်င္းပျပဳလုပ္မယ့္ လႊတ္ေတာ္အထူးအစည္းအ ေဝးမွာ ဝန္ႀကီးခ်ဳပ္ရာထူးကို ေ႐ြးခ်ယ္ၾကမွာ ျဖစ္ပါတယ္။ အႏိုင္ရအယ္လ္ဒီပီပါတီရဲ႕ဥကၠ႒ တာကာဆာ နာအဲဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ျပန္လည္ ေ႐ြးခ်ယ္ခံရမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ တာကာဆာနာအဲအေနနဲ႔ သူရည္မွန္းထားတဲ့ ႏိုင္ငံေရး၊ ကာကြယ္ေရး၊ စီးပြား ေရးမူဝါဒေတြကို ဆက္လက္အေကာင္အထည္ေဖာ္သြားႏိုင္ဖို႔ လမ္းစထြက္ေပၚ လာေစခဲ့ပါတယ္။
ေ႐ြးေကာက္ပြဲမတိုင္မီက တာကာအိခ်ိ ဆာနာအဲ ကတိျပဳထားတဲ့ ကာကြယ္ေရးအသုံးစရိတ္တိုး ျမႇင့္ျခင္းအပါအဝင္ ႏိုင္ငံရဲ႕ကာကြယ္ေရးစြမ္းေဆာင္ရည္ကို ထိေရာက္ေအာင္ျမႇင့္တင္ေရး၊ အစားအ ေသာက္ေတြအေပၚေကာက္ခံတဲ့ consumption tax (၈)ရာခိုင္ႏႈန္းကို (၂)ႏွစ္ဆိုင္းငံ့ထားေရးကိစၥေတြ အေကာင္အထည္ေဖာ္ႏိုင္ေရး ဆက္လက္လုပ္ေဆာင္ လာဖို႔ရွိလာႏိုင္ပါတယ္။ တစ္ဖက္မွာလည္း အစားအေသာက္ေတြအေပၚေကာက္ခံတဲ့ စားသုံးသူအခြန္ကို ကာလအတိုင္းအတာတစ္ရပ္အထိ မေကာက္ခံခဲ့ရင္ သို႔မဟုတ္ ကင္းလြတ္ခြင့္ျပဳခဲ့ရင္ ဂ်ပန္ႏိုင္ငံအတြက္ ဝင္ေငြခြန္ တစ္ႏွစ္ကို ယန္း (၅) ထရီလ်ံ (ေဒၚလာ ၃၂ ဘီလ်ံ)ေလ်ာ့နည္းသြားေစမွာျဖစ္ပါတယ္။ စားသုံး သူအခြန္ဟာ ဂ်ပန္ႏိုင္ငံရဲ႕ လူမႈဖူလုံေရးလုပ္ငန္းေတြ အတြက္ အဓိကအက်ဆုံး ေငြေၾကးအရင္းအျမစ္ျဖစ္တဲ့အတြက္ ဒီလုပ္ငန္း ေတြအေပၚ ထိခိုက္မႈေတြရွိလာမွာ ကိုလည္း စိုးရိမ္ပူပန္မႈေတြရွိေနပါတယ္။
အလားတူ ကာကြယ္ေရးက႑မွာလည္း (၂၀၂၇)ခုႏွစ္အေရာက္မွာ ကာကြယ္ေရးအသုံးစရိတ္ ကို ႏိုင္ငံ့ဂ်ီဒီပီရဲ႕ (၂)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲ သြားဖို႔ကလည္းရွိေနေတာ့ ဒီအသုံးစရိတ္ေတြကို ဘယ္ အရင္းအျမစ္ကေန ရယူသုံးစြဲမယ္ဆိုတဲ့အေပၚမွာလည္း ေမးခြန္းထုတ္ေနၾကပါတယ္။ အထူးသျဖင့္ ဂ်ပန္ႏိုင္ငံရဲ႕ေႂကြးၿမီဟာ (၂၀၂၅-၂၀၂၆)ဘ႑ာေရး ႏွစ္မွာ ႏိုင္ငံ့ဂ်ီဒီပီရဲ႕ (၂၃၀)ရာခိုင္ႏႈန္း ေက်ာ္လြန္သြား ဖို႔ ရွိေနတာျဖစ္ပါတယ္။
(ရွင္ဇိုအာေဘး၏ လက္ထြက္တစ္ဦးျဖစ္သည့္ တာကာအိခ်ိ ဆာနာအဲသည္ ႏိုင္ငံ၏ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးဆြဲေရးကိုလည္း ေဆာင္႐ြက္လာ ရန္ရွိသည္)
ေနာက္တစ္ခ်က္က ဂ်ပန္ႏိုင္ငံတြင္းမွာ ႏိုင္ငံျခားသားေတြဝင္ေရာက္မႈကို အကန႔္အသတ္နဲ႔ ထားရွိဖို႔ ကိစၥနဲ႔ ႏိုင္ငံျခားသားေတြ ဂ်ပန္ႏိုင္ငံတြင္းမွာ ေျမနဲ႔ အေဆာက္အအုံဝယ္ယူမႈေတြကို ပိုမိုစိစစ္ သြားဖို႔ကိုလည္း အေလးထားေဆာင္႐ြက္လာဖို႔ရွိပါတယ္။ အခု ေလာေလာဆယ္မွာပဲ ဂ်ပန္ႏိုင္ငံသား အျဖစ္ခံယူႏိုင္ဖို႔ ႏိုင္ငံတြင္းမွာ (၅)ႏွစ္ေနထိုင္ခဲ့ရမယ္ဆိုတဲ့ ကန႔္ သတ္ခ်က္အစား (၁၀)ႏွစ္ေနထိုင္ခဲ့ ရမယ္ဆိုၿပီး တိုးျမႇင့္ကန႔္သတ္ဖို႔ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။
ႏိုင္ငံျခားသားဆန႔္က်င္ေရးအျမင္ရွိၿပီး “Japanese First” ဆိုတဲ့ေႂကြးေၾကာ္သံနဲ႔ ေ႐ြးေကာက္ပြဲ ဝင္ခဲ့တဲ့ Sanseito Party ဟာလည္း အရင္ကေအာက္လႊတ္ေတာ္မွာ အမတ္ဦးေရ (၂)ဦးသာရွိခဲ့ရာ က ေန အခုေ႐ြးေကာက္ပြဲအၿပီးမွာ (၁၅)ဦးအထိရွိလာခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံတြင္းမွာေနထိုင္တဲ့ ႏိုင္ငံျခား သားဦးေရဟာ (၄)သန္းနီးပါးရွိေနၿပီး တစ္ႏွစ္ကို ႏိုင္ငံျခားသားဦးေရ (၁၆၅,ဝဝဝ)ခန႔္ ဝင္ေရာက္လာ ေနတာေၾကာင့္ (၂၀၆၇)ခုႏွစ္အေရာက္မွာ ႏိုင္ငံျခားသား ဦးေရဟာ ႏိုင္ငံ့လူဦးေရရဲ႕ (၁၀)ရာခိုင္ႏႈန္း ထက္ ေက်ာ္လြန္သြားဖို႔ ရွိေနပါတယ္။
ဂ်ပန္ျပည္တြင္းမွာ ကေလးေမြးဖြားမႈႏႈန္း ႏွစ္စဥ္ က်ဆင္းေနၿပီး အလုပ္လုပ္ႏိုင္တဲ့လူဦးေရ ေလ်ာ့ နည္းလာမႈေၾကာင့္ ႏိုင္ငံျခားသားအလုပ္သမားေတြ ပိုမိုလိုအပ္ေနတဲ့ ဂ်ပန္ႏိုင္ငံဟာ ျပည္ပႏိုင္ငေတြက အလုပ္သမားေတြကို ဆက္လက္ေခၚယူေနရဦးမွာျဖစ္ေပမယ့္ ႏိုင္ငံျခားသားဦးေရဟာ ႏိုင္ငံ့လူဦးေရရဲ႕ ရာခိုင္ႏႈန္းအတိုင္းအတာတစ္ခုထက္မေက်ာ္လြန္ဖို႔ကိုေတာ့ ကန႔္ သတ္မႈေတြရွိလာမွာျဖစ္ပါတယ္။ အေရး အႀကီးဆုံးတစ္ခုကေတာ့ ယခင္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးရဲ႕ လက္ထြက္ျဖစ္တဲ့ တာကာဆာနာအဲဟာ ရွင္ဇိုအာေဘး ယခင္လမ္းစေဖာ္ေပးသြားခဲ့တဲ့ ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဆြဲေရးလုပ္ ငန္းစဥ္ကို ဆက္လက္အေကာင္အထည္ေဖာ္သြားဖို႔ရွိလာမွာျဖစ္ပါတယ္။
ဒုတိယကမာၻစစ္ၿပီးဆုံးၿပီးေနာက္ အေမရိကန္ႏိုင္ငံရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာေရးဆြဲခဲ့ရတဲ့ ႏိုင္ငံ့ဖြဲ႕ စည္းပုံအေျခခံဥပေဒရဲ႕ Article-9 မွာ စစ္ကိုဆန႔္ က်င္ရႈတ္ခ်ထားတဲ့အခ်က္ေတြ ပါဝင္ေနပါတယ္။ ကာ ကြယ္ေရးနဲ႔ပတ္သက္ၿပီးလည္း အၿမဲတမ္းတပ္မေတာ္ တည္ေထာင္ခြင့္အစား မိမိကိုယ္မိမိ ခုခံကာကြယ္ ႏိုင္ဖို႔အတြက္သာဆိုၿပီး Self-Defense Forces (SDF) ကို ဖြဲ႕စည္းခြင့္ျပဳထားတာျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ဖို႔ဆိုတာ အထက္/ေအာက္လႊတ္ေတာ္(၂)ရပ္စလုံးမွာရွိတဲ့ လႊတ္ေတာ္အ မတ္ဦး ေရ (၃) ပုံ (၂) ပုံရဲ႕ ေထာက္ခံမႈလိုအပ္တဲ့အျပင္ ျပည္ သူလူထုတစ္ရပ္လုံးရဲ႕ဆႏၵခံယူမႈ (National Referendum) ကိုျပဳလုပ္ၿပီးမွ အတည္ျပဳခ်က္နဲ႔ ျပင္ဆင္ ႏိုင္တာျဖစ္ပါတယ္။ ရွင္ဇိုအာေဘး ဝန္ႀကီးခ်ဳပ္ အျဖစ္ (၂၀၁၂)ခုႏွစ္ကေန (၂၀၂၀)ျပည့္ႏွစ္အထိ (၈)ႏွစ္ တာကာလ တာဝန္ထမ္းေဆာင္ခဲ့တဲ့အခ်ိန္မွာ ေတာင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးထက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါစာသားေတြကို အဓိပၸာယ္ ျပန္လည္သတ္မွတ္ျခင္း (Reinter-pretation) ကိုသာေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဟာ ေရရွည္ေဆာင္႐ြက္သြားရမယ့္ကိစၥဆိုတာကို သိတဲ့ အယ္လ္ဒီပီပါတီ၊ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္တာကာဟာ ပိုမိုလက္ေတြ႕က်တဲ့ႏိုင္ငံရဲ႕ ကာကြယ္ေရး က႑ကို စြမ္းေဆာင္ရည္ပိုမိုတိုးျမႇင္ျခင္း၊ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ျခင္း၊ ကာကြယ္ေရးက႑က ထုတ္လုပ္တဲ့စစ္လက္နက္ပစၥည္းမ်ား ျပည္ပႏိုင္ငံေတြကို တိုးျမႇင့္ေရာင္းခ်ႏိုင္ေရးတို႔ကို ပိုမိုအေလးထား လုပ္ေဆာင္လာဖို႔ရွိေနပါေၾကာင္း တင္ျပလိုက္ရပါတယ္။

Related news

© 2021. All rights reserved.