ခိုလှုံခွင့်တောင်းခံမှု များပြားခြင်းကြောင့် မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံကို ဗြိတိန် ကျောင်းဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်း

390

ALynn (NP News)- မတ် ၄
ခိုလှုံခွင့်တောင်းခံသူတွေကို တင်းကျပ်စွာ ကိုင်တွယ်တဲ့ အစီအစဉ်အရ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်း နှင့် ဆူဒန်နိုင်ငံသားများကို ကျောင်းဗီဇာ ထုတ်ပေးခြင်းနှင့် အာဖဂန်နိုင်ငံသားများကို အလုပ်ဗီဇာ ထုတ်ပေးခြင်းတို့အား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် ကြေညာခဲ့သည်။
ထိုနိုင်ငံများမှ ကျောင်းသားများ၏ ခိုလှုံခွင့် လျှောက်ထားမှု အရေအတွက်မှာ အဆမတန် မြင့်တက်လာကြောင်းနှင့် (၂၀၂၁_ ခုနှစ်မှစ၍ တရားဝင် လမ်းကြောင်းများကို အသုံးပြုကာ ဗြိတိန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း (၁၃၅,၀၀၀) နီးပါး ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
"ဗြိတိန်နိုင်ငံဟာ စစ်ဘေးနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို အမြဲတမ်း ခိုလှုံခွင့် ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဗီဇာစနစ်ကိုတော့ အလွဲသုံးစား မလုပ်သင့်ပါဘူး" ဟု ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
"ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ အဲဒီနိုင်ငံသားတွေကို ဗီဇာငြင်းပယ်ဖို့ ဆုံးဖြတ်ချက်ကို ကျွန်မ ချမှတ်လိုက်တာ ဖြစ်ပါတယ်" ဟု သူမက ဆက်လက်ပြောဆိုသည်။
(၂၀၂၁) ခုနှစ်နှင့် (၂၀၂၅) ခုနှစ်အတွင်း အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံသား ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်ထားမှု အရေအတွက်မှာ (၄၇၀) ရာခိုင်နှုန်းကျော်အထိ အလျင်အမြန်မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ဗြိတိန်နိုင်ငံရေးတွင် လူဝင်မှုကြီးကြပ်ရေးကိစ္စမှာ အဓိကပြဿနာတစ်ရပ် ဖြစ်လာခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်သည့် Reform UK ပါတီသည်လည်း လူထုဆန္ဒခံယူပွဲများတွင် ထောက်ခံမှု သိသိသာသာ မြင့်တက်လာလျက်ရှိသည်။
အစိုးရအဆက်ဆက်သည် ပြင်သစ်နိုင်ငံဘက်မှ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်များဖြင့် ဖြတ်ကျော်ဝင်ရောက်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ရသော်လည်း အခြားသော လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် ခိုလှုံခွင့်တောင်းခံသူ အရေအတွက်ကို လျှော့ချရန်အတွက်လည်း ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။
အစိုးရအနေဖြင့် "၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားများ၏ ခိုလှုံခွင့်တောင်းခံမှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သော်လည်း ပညာရေးဗီဇာဖြင့် ရောက်ရှိလာသူများမှာ ခိုလှုံခွင့်တောင်းခံမှု စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းအထိ ရှိနေသေးသည့်အတွက် နောက်ထပ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သည်" ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Zawgyi version:
ALynn (NP News)- မတ္ ၄
ခိုလႈံခြင့္ေတာင္းခံသူေတြကို တင္းက်ပ္စြာ ကိုင္တြယ္တဲ့ အစီအစဥ္အရ ျမန္မာ၊ အာဖဂန္နစၥတန္၊ ကင္မ႐ြန္း ႏွင့္ ဆူဒန္ႏိုင္ငံသားမ်ားကို ေက်ာင္းဗီဇာ ထုတ္ေပးျခင္းႏွင့္ အာဖဂန္ႏိုင္ငံသားမ်ားကို အလုပ္ဗီဇာ ထုတ္ေပးျခင္းတို႔အား ရပ္ဆိုင္းေတာ့မည္ျဖစ္ေၾကာင္း ၿဗိတိန္အစိုးရက အဂၤါေန႔ (မတ္လ ၃ ရက္) တြင္ ေၾကညာခဲ့သည္။
ထိုႏိုင္ငံမ်ားမွ ေက်ာင္းသားမ်ား၏ ခိုလႈံခြင့္ ေလွ်ာက္ထားမႈ အေရအတြက္မွာ အဆမတန္ ျမင့္တက္လာေၾကာင္းႏွင့္ (၂၀၂၁_ ခုႏွစ္မွစ၍ တရားဝင္ လမ္းေၾကာင္းမ်ားကို အသုံးျပဳကာ ၿဗိတိန္ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္လာသည့္ ခိုလႈံခြင့္ေတာင္းခံသူ စုစုေပါင္း (၁၃၅,၀၀၀) နီးပါး ရွိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ေဖာ္ျပခဲ့သည္။
"ၿဗိတိန္ႏိုင္ငံဟာ စစ္ေဘးနဲ႔ ဖိႏွိပ္မႈေတြေၾကာင့္ ထြက္ေျပးလာရသူေတြကို အၿမဲတမ္း ခိုလႈံခြင့္ ေပးသြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽႏ္ုပ္တို႔ရဲ႕ ဗီဇာစနစ္ကိုေတာ့ အလြဲသုံးစား မလုပ္သင့္ပါဘူး" ဟု ျပည္ထဲေရးဝန္ႀကီး ရွာဘာနာ မာမြတ္က ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
"ဒါေၾကာင့္မို႔လို႔ ကြၽႏ္ုပ္တို႔ရဲ႕ ရက္ေရာမႈကို အခြင့္ေကာင္းယူဖို႔ ႀကိဳးစားေနတဲ့ အဲဒီႏိုင္ငံသားေတြကို ဗီဇာျငင္းပယ္ဖို႔ ဆုံးျဖတ္ခ်က္ကို ကြၽန္မ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္" ဟု သူမက ဆက္လက္ေျပာဆိုသည္။
(၂၀၂၁) ခုႏွစ္ႏွင့္ (၂၀၂၅) ခုႏွစ္အတြင္း အာဖဂန္နစၥတန္၊ ကင္မ႐ြန္း၊ ျမန္မာႏွင့္ ဆူဒန္ႏိုင္ငံသား ေက်ာင္းသားမ်ား၏ ခိုလႈံခြင့္ေလွ်ာက္ထားမႈ အေရအတြက္မွာ (၄၇၀) ရာခိုင္ႏႈန္းေက်ာ္အထိ အလ်င္အျမန္ျမင့္တက္လာခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဆိုသည္။
ၿဗိတိန္ႏိုင္ငံေရးတြင္ လူဝင္မႈႀကီးၾကပ္ေရးကိစၥမွာ အဓိကျပႆနာတစ္ရပ္ ျဖစ္လာခဲ့ၿပီး လူဝင္မႈႀကီးၾကပ္ေရးကို ဆန႔္က်င္သည့္ Reform UK ပါတီသည္လည္း လူထုဆႏၵခံယူပြဲမ်ားတြင္ ေထာက္ခံမႈ သိသိသာသာ ျမင့္တက္လာလ်က္ရွိသည္။
အစိုးရအဆက္ဆက္သည္ ျပင္သစ္ႏိုင္ငံဘက္မွ အဂၤလိပ္ေရလက္ၾကားကို ေလွငယ္မ်ားျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ အမ်ားအျပားကို ထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းခဲ့ရေသာ္လည္း အျခားေသာ လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္လာသည့္ ခိုလႈံခြင့္ေတာင္းခံသူ အေရအတြက္ကို ေလွ်ာ့ခ်ရန္အတြက္လည္း ဖိအားေပးမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
အစိုးရအေနျဖင့္ "၂၀၂၅ ခုႏွစ္အတြင္း ေက်ာင္းသားမ်ား၏ ခိုလႈံခြင့္ေတာင္းခံမႈကို ၂၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏိုင္ခဲ့ေသာ္လည္း ပညာေရးဗီဇာျဖင့္ ေရာက္ရွိလာသူမ်ားမွာ ခိုလႈံခြင့္ေတာင္းခံမႈ စုစုေပါင္း၏ ၁၃ ရာခိုင္ႏႈန္းအထိ ရွိေနေသးသည့္အတြက္ ေနာက္ထပ္ အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္ရန္ လိုအပ္သည္" ဟု ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။