မြန်မာ့စာပေအမွေအနှစ်များကို ထိန်းသိမ်းမည့် ဒေါ်လာ ၃ သန်းကျော်တန် စာဆိုဗိမာန် အိန္ဒိယအကူအညီဖြင့် ရန်ကုန်၌ ဖွင့်လှစ်

205

ALynn (NP News)- မတ် ၄
မြန်မာ့စာပေအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စာပေလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အိန္ဒိယအစိုးရ၏ အမေရိကန်ဒေါ်လာ (၃.၇၇) သန်း ကူညီပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော သုံးထပ် စာဆိုဗိမာန် စာပေဗဟိုဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မတ်လ ၄ ရက်) တွင် ရန်ကုန်မြို့ရှိ စီမံကိန်းတည်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောက အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျေရှန်ကာက ဗီဒီယိုစနစ်ဖြင့် အထူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
“ဒီစာဆိုဗိမာန် ဗဟိုဌာနဟာ မြန်မာ့ဂန္ထဝင်စာပေတွေနဲ့ ကျေးလက်ရိုးရာစာပေတွေကို ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်သလို၊ စာပေလေ့လာတာ၊ ဘာသာပြန်တာ၊ မော်ကွန်းတိုက်လုပ်ငန်းတွေနဲ့ စာပေအသစ်တွေ ဖန်တီးတာတွေကိုလည်း ပံ့ပိုးပေးသွားမှာပါ။ ဒါ့ပြင် ပညာရှင်အချင်းချင်း အသိပညာဖလှယ်တာတွေကိုလည်း လုပ်ဆောင်ပေးမှာ ဖြစ်တဲ့အတွက် မြန်မာ့စာပေအမွေအနှစ်တွေကို မျိုးဆက်သစ်လူငယ်တွေနဲ့ လူအများအပြား ပိုပြီးတော့ ထိတွေ့လေ့လာနိုင်အောင် ဖော်ဆောင်ပေးမယ့် နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရာစုနှစ်ပေါင်းများစွာကတည်းက ဘာသာရေး၊ ယဉ်ကျေးမှုနှင့် စာပေများဖြင့် နီးကပ်စွာ ဆက်နွယ်ခဲ့ကြောင်း ၎င်း၏ မိန့်ခွန်းတွင် အသားပေးပြောကြားခဲ့သည်။ ၎င်းက "ဗုဒ္ဓဘာသာနဲ့ ပါဠိစာပေတွေဟာ တောင်အာရှတစ်ခွင် ပျံ့နှံ့သွားချိန်မှာ အသိပညာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုပါ ဖြန့်ဝေပေးသွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပါဠိစာပေ ကျွမ်းကျင်မှုဟာ ဒီနေ့အထိ မြန်မာပြည်သူတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ ကိုယ်ကျင့်တရားတွေကို လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်" ဟု ဆိုသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၏ ရာမာယဏ၊ ဘဂ္ဂဝါဂီတ နှင့် Thirukkural စသည့် ကျမ်းစာများ မြန်မာဘာသာသို့ ပြန်ဆိုမှုများသည်လည်း မြန်မာပြည်တွင် အလွန်ရေပန်းစားကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်ရှိချိန်တိုင်းတွင် အမြဲရပ်တည်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ကူညီခဲ့သည့် Operation Brahma အကြောင်းကို ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
"Operation Brahma ဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး ကူညီရေးပစ္စည်း တန်ချိန် (၁,၀၀၀) နီးပါး ပေးပို့ခဲ့သလို လူနာပေါင်း (၂,၅၀၀) ကျော်ကို ကုသပေးနိုင်ခဲ့တဲ့ ကွင်းဆင်းဆေးရုံကိုလည်း မန္တလေးမှာ တည်ထောင်ပေးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။
ယခုဖွင့်လှစ်လိုက်သည့် သုံးထပ် စာဆိုဗိမာန် အဆောက်အအုံတွင် ပုဂံခေတ်မှ ယနေ့ခေတ်အထိ စာပေဆင့်ကဲပြောင်းလဲမှုကို ပြသသည့် ပြခန်းများ၊ မော်ကွန်းတိုက်များ၊ ရုပ်ရှင်ရုံငယ်နှင့် စာပေဟောပြောပွဲခန်းမများ ပါဝင်သည်။
အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး Abhay Thakar၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးမောင်မောင်အုန်း၊ ဦးမျိုးသန့်၊ ဒေါက်တာကန်ဇော်၊ ဦးတင်ဦးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့အပြင် ထင်ရှားကျော်ကြားသော စာရေးဆရာများ၊ ပညာရှင်များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

Zawgyi Version:
ျမန္မာ့စာေပအေမြအႏွစ္မ်ားကို ထိန္းသိမ္းမည့္ ေဒၚလာ ၃ သန္းေက်ာ္တန္ စာဆိုဗိမာန္ အိႏၵိယအကူအညီျဖင့္ ရန္ကုန္၌ ဖြင့္လွစ္
ALynn (NP News)- မတ္ ၄
ျမန္မာ့စာေပအစဥ္အလာမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ႏွင့္ စာေပေလာက ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ အိႏၵိယအစိုးရ၏ အေမရိကန္ေဒၚလာ (၃.၇၇) သန္း ကူညီပံ့ပိုးမႈျဖင့္ တည္ေဆာက္ထားေသာ သုံးထပ္ စာဆိုဗိမာန္ စာေပဗဟိုဌာန ဖြင့္ပြဲအခမ္းအနားကို ယေန႔ (မတ္လ ၄ ရက္) တြင္ ရန္ကုန္ၿမိဳ႕ရွိ စီမံကိန္းတည္ေနရာ၌ က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါအခမ္းအနားသို႔ ျမန္မာႏိုင္ငံဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခဲ့ၿပီး အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ အက္စ္ ေဂ်ရွန္ကာက ဗီဒီယိုစနစ္ျဖင့္ အထူးႏႈတ္ခြန္းဆက္စကား ေျပာၾကားခဲ့သည္။
“ဒီစာဆိုဗိမာန္ ဗဟိုဌာနဟာ ျမန္မာ့ဂႏၴဝင္စာေပေတြနဲ႔ ေက်းလက္႐ိုးရာစာေပေတြကို ထိန္းသိမ္းေစာင့္ေရွာက္သြားမွာ ျဖစ္သလို၊ စာေပေလ့လာတာ၊ ဘာသာျပန္တာ၊ ေမာ္ကြန္းတိုက္လုပ္ငန္းေတြနဲ႔ စာေပအသစ္ေတြ ဖန္တီးတာေတြကိုလည္း ပံ့ပိုးေပးသြားမွာပါ။ ဒါ့ျပင္ ပညာရွင္အခ်င္းခ်င္း အသိပညာဖလွယ္တာေတြကိုလည္း လုပ္ေဆာင္ေပးမွာ ျဖစ္တဲ့အတြက္ ျမန္မာ့စာေပအေမြအႏွစ္ေတြကို မ်ိဳးဆက္သစ္လူငယ္ေတြနဲ႔ လူအမ်ားအျပား ပိုၿပီးေတာ့ ထိေတြ႕ေလ့လာႏိုင္ေအာင္ ေဖာ္ေဆာင္ေပးမယ့္ ေနရာတစ္ခု ျဖစ္လာပါလိမ့္မယ္” ဟု အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ၎၏ ဗီဒီယိုမိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
ႏိုင္ငံျခားေရးဝန္ႀကီး ေဂ်ရွန္ကာက အိႏၵိယႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ဘာသာေရး၊ ယဥ္ေက်းမႈႏွင့္ စာေပမ်ားျဖင့္ နီးကပ္စြာ ဆက္ႏြယ္ခဲ့ေၾကာင္း ၎၏ မိန႔္ခြန္းတြင္ အသားေပးေျပာၾကားခဲ့သည္။ ၎က "ဗုဒၶဘာသာနဲ႔ ပါဠိစာေပေတြဟာ ေတာင္အာရွတစ္ခြင္ ပ်ံ႕ႏွံ႔သြားခ်ိန္မွာ အသိပညာနဲ႔ ယဥ္ေက်းမႈ အေမြအႏွစ္ေတြကိုပါ ျဖန႔္ေဝေပးသြားခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ပါဠိစာေပ ကြၽမ္းက်င္မႈဟာ ဒီေန႔အထိ ျမန္မာျပည္သူေတြရဲ႕ ဓေလ့ထုံးတမ္းနဲ႔ ကိုယ္က်င့္တရားေတြကို လႊမ္းမိုးေနဆဲ ျဖစ္ပါတယ္" ဟု ဆိုသည္။
ထို႔အျပင္ အိႏၵိယႏိုင္ငံ၏ ရာမာယဏ၊ ဘဂၢဝါဂီတ ႏွင့္ Thirukkural စသည့္ က်မ္းစာမ်ား ျမန္မာဘာသာသို႔ ျပန္ဆိုမႈမ်ားသည္လည္း ျမန္မာျပည္တြင္ အလြန္ေရပန္းစားေၾကာင္း ၎က ေထာက္ျပခဲ့သည္။
ထို႔ျပင္ အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ လိုအပ္ခ်က္ရွိခ်ိန္တိုင္းတြင္ အၿမဲရပ္တည္ေပးခဲ့ေၾကာင္း ၎က ဆိုသည္။ အထူးသျဖင့္ ၂၀၂၅ ခုႏွစ္ မတ္လတြင္ မႏၲေလး၌ ျဖစ္ပြားခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ကူညီခဲ့သည့္ Operation Brahma အေၾကာင္းကို ၎က ထည့္သြင္းေျပာၾကားခဲ့သည္။
"Operation Brahma ဟာ အိႏၵိယရဲ႕ အႀကီးမားဆုံး ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြထဲက တစ္ခုျဖစ္ၿပီး ကူညီေရးပစၥည္း တန္ခ်ိန္ (၁,၀၀၀) နီးပါး ေပးပို႔ခဲ့သလို လူနာေပါင္း (၂,၅၀၀) ေက်ာ္ကို ကုသေပးႏိုင္ခဲ့တဲ့ ကြင္းဆင္းေဆး႐ုံကိုလည္း မႏၲေလးမွာ တည္ေထာင္ေပးခဲ့ပါတယ္" ဟု ၎က ဆိုသည္။
ယခုဖြင့္လွစ္လိုက္သည့္ သုံးထပ္ စာဆိုဗိမာန္ အေဆာက္အအုံတြင္ ပုဂံေခတ္မွ ယေန႔ေခတ္အထိ စာေပဆင့္ကဲေျပာင္းလဲမႈကို ျပသသည့္ ျပခန္းမ်ား၊ ေမာ္ကြန္းတိုက္မ်ား၊ ႐ုပ္ရွင္႐ုံငယ္ႏွင့္ စာေပေဟာေျပာပြဲခန္းမမ်ား ပါဝင္သည္။
အခမ္းအနားသို႔ အိႏၵိယသံအမတ္ႀကီး Abhay Thakar၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဖုန္းျမတ္၊ ဦးေမာင္ေမာင္အုန္း၊ ဦးမ်ိဳးသန႔္၊ ေဒါက္တာကန္ေဇာ္၊ ဦးတင္ဦးလြင္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းတို႔အျပင္ ထင္ရွားေက်ာ္ၾကားေသာ စာေရးဆရာမ်ား၊ ပညာရွင္မ်ားႏွင့္ အႏုပညာရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။