ယခုရက်ပိုင်းမှစ၍ မိုဘိုင်းဖုန်းများတွင် ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြုမည်

803

သန့်ဇင်(NP News)-မတ် ၅
ယခုရက်ပိုင်းမှစ၍ မိုဘိုင်းဖုန်းများတွင် ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ယနေ့( မတ်လ ၅ ရက်)တွင် အသိပေးထုတ်ပြန် ထားသည်။
ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်းများ အပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI Code) ကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) ၌ မှတ်ပုံတင်စေ၍ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းလုပ်ငန်းစဉ် အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အများပြည်သူများ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများကိုလည်း အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက် အသုံးပြု နိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုစာရင်းတွင် ပါရှိနိုင်ရေးအတွက်လည်း ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT ၊ ATOM ၊ U9 ၊ Mytel) များ၏ SIM Card များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်ကြောင်းလည်း အသိပေးထားသည်။
မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများ အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက် များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်း ယာယီအသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ယင်းကာလ အတွင်း ကျသင့် အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ မိုဘိုင်း လက်ကိုင်ဖုန်း၏ မူရင်းအမှတ် အသား (International Mobile Equipment Identity - IMEI) ကို ထည့်သွင်းပြီး အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်း များဖြင့် ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန်ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါ ဒေသရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ ကြည့်ရှု၍ ဖြစ်စေ၊ CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း၍ဖြစ်စေ ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။

Zawgyi version:
ယခုရက္ပိုင္းမွစ၍ မိုဘိုင္းဖုန္းမ်ားတြင္ ဗဟိုမိုဘိုင္း စက္ပစၥည္းသက္ေသခံမွတ္ပုံတင္စနစ္ (CEIR) အား စတင္အသုံးျပဳ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း CEIR ႏွင့္ EIR စနစ္ စီမံကိန္းဦးစီးေကာ္မတီက ယေန႔( မတ္လ ၅ ရက္)တြင္ အသိေပးထုတ္ျပန္ ထားသည္။
ကမာၻ႔ႏိုင္ငံအခ်ိဳ႕တြင္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ား အပါအဝင္ မိုဘိုင္းကြန္ရက္သုံးဆက္သြယ္ေရး စက္ပစၥည္းမ်ား၏ မူရင္းအမွတ္အသား (International Mobile Equipment Identity - IMEI Code) ကို ဗဟိုမိုဘိုင္းစက္ပစၥည္းသက္ေသခံ မွတ္ပုံတင္စနစ္ (Central Equipment Identity Register- CEIR) ၌ မွတ္ပုံတင္ေစ၍ ႏိုင္ငံအတြင္းရွိ ဆက္သြယ္ေရး ကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္အသုံးျပဳျခင္းလုပ္ငန္းစဥ္ အား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္လည္း မိုဘိုင္းလက္ကိုင္ဖုန္းသုံးစြဲသူျပည္သူမ်ားအေနျဖင့္ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီၿပီး ႏိုင္ငံေတာ္သို႔ က်သင့္အခြန္မ်ား ေပးေဆာင္ထားသည့္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို ျပည္တြင္းတြင္ ယုံၾကည္စိတ္ခ်စြာ အသုံးျပဳႏိုင္ရန္ ၂၀၂၆ ခုႏွစ္၊ မတ္လ ပထမပတ္မွစ၍ ဗဟိုမိုဘိုင္း စက္ပစၥည္းသက္ေသခံမွတ္ပုံတင္စနစ္ (CEIR) အား စတင္အသုံးျပဳ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
အမ်ားျပည္သူမ်ား လက္ရွိအသုံးျပဳေနေသာ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကိုလည္း အခြန္ေပးေဆာင္ရန္ မလိုအပ္ဘဲ ဆက္လက္ အသုံးျပဳ ႏိုင္ရန္ CEIR စနစ္ရွိ ခြင့္ျပဳစာရင္းတြင္ အလိုအေလ်ာက္ထည့္သြင္း ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ခြင့္ျပဳစာရင္းတြင္ ပါရွိႏိုင္ေရးအတြက္လည္း ၂၀၂၆ ခုႏွစ္၊ မတ္လ (၃၁) ရက္ေန႔ ေနာက္ဆုံးထားၿပီး ဆက္သြယ္ေရးကြန္ရက္ (MPT ၊ ATOM ၊ U9 ၊ Mytel) မ်ား၏ SIM Card မ်ား ထည့္သြင္း၍ ဖြင့္လွစ္အသုံးျပဳထားရန္လိုအပ္ေၾကာင္းလည္း အသိေပးထားသည္။
မိုဘိုင္းလက္ကိုင္ဖုန္းမ်ားႏွင့္ မိုဘိုင္းကြန္ရက္သုံးဆက္သြယ္ေရးပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းလိုသည့္ကုမၸဏီမ်ား အေနျဖင့္လည္း လုပ္ထုံးလုပ္နည္းႏွင့္အညီ တင္သြင္းေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး က်သင့္အခြန္မ်ားကို ေပးေဆာင္ၿပီးပါက CEIR စနစ္ရွိ ခြင့္ျပဳစာရင္းတြင္ ထည့္သြင္းေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၂၀၂၆ ခုႏွစ္၊ ဧၿပီလ (၁) ရက္ေန႔မွစ၍ ခြင့္ျပဳစာရင္းတြင္မပါရွိသည့္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို မိုဘိုင္းဆက္သြယ္ေရး ကြန္ရက္ မ်ားႏွင့္ စတင္ခ်ိတ္ဆက္အသုံးျပဳခ်ိန္မွ ရက္ေပါင္း (၃၀) အတြင္း ယာယီအသုံးျပဳခြင့္ ရရွိမည္ျဖစ္ၿပီး ယင္းကာလ အတြင္း က်သင့္ အခြန္ႏွင့္ ဒဏ္ေၾကးမ်ား ေပးေဆာင္ၿပီးမွသာ ဆက္လက္အသုံးျပဳခြင့္ ရရွိမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အင္တာနက္စာမ်က္ႏွာတြင္ လႊင့္တင္ထားေသာ https://www.ceir.gov.mm ၌ မိုဘိုင္း လက္ကိုင္ဖုန္း၏ မူရင္းအမွတ္ အသား (International Mobile Equipment Identity - IMEI) ကို ထည့္သြင္းၿပီး အီလက္ထေရာနစ္ေငြေပးေခ်မႈနည္းလမ္း မ်ားျဖင့္ က်သင့္အခြန္ႏွင့္ဒဏ္ေၾကးမ်ားကို ေပးေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္စပ္ေဒသမ်ား၊ အင္တာနက္ရရွိရန္ခက္ခဲေသာေဒသမ်ားရွိ ျပည္သူမ်ားအတြက္ အဆိုပါ ေဒသရွိ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန႐ုံးမ်ားတြင္ျဖစ္ေစ၊ အေကာက္ခြန္ဦးစီးဌာန႐ုံးမ်ားတြင္ျဖစ္ေစ က်သင့္အခြန္ႏွင့္ဒဏ္ေၾကးမ်ားကို ေပးေဆာင္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
အထက္ပါ အေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ အေသးစိတ္သိရွိလိုပါက အင္တာနက္စာမ်က္ႏွာတြင္ လႊင့္တင္ထားေသာ https://www.ceir.gov.mm ၌ ၾကည့္ရႈ၍ ျဖစ္ေစ၊ CEIR Call Center နံပါတ္မ်ားျဖစ္သည့္ ၁၅၇၇ ႏွင့္ ၁၇၅၅ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္း၍ျဖစ္ေစ ေဆာင္႐ြက္ႏိုင္ပါေၾကာင္း သိရသည္။