မဆုတ်တမ်း ခံတပ်ငယ်မှ ရဲတပ်ဖွဲ့ဝင် (၁၇) ဦး ၏ အောင်ပွဲ

357

သုတကျော် (NP News) - မတ် ၉
“သူသတ်တာ ခံမလား။ ပြန်သတ်မလား။ အဲဒီစိတ်ဓာတ်နဲ့”
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲကင်းစခန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်းတွင် PDF စုပေါင်းအဖွဲ့များက အပိုင်ဟုတွက်ကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့စဉ် ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ရှိခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်တို့သည် ခံစစ်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည့် အပြင် စစ်ကူလည်း ရောက်လာခဲ့ရာ PDF တို့မှာ ထိခိုက်မှု ကြီးမားစွာဖြင့် ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြရ၏။ ယင်း အခြေအနေများ နှင့် ပတ်သက်၍ ဦးဆောင်တိုက်ခိုက်ခဲ့သော လက်ဆည်ရဲကင်းစခန်းမှ ရဲအုပ် ဇော်မင်းထံ The Statesman ဂျာနယ်က ထိုစဉ်က အခြေအနေများကို ဆက်သွယ်မေးမြန်းခွင့် ရခဲ့ရာ စာဖတ်ပရိသတ်များအတွက် ဖော်ပြအပ်ပါသည်။
မေး - အရင်ဆုံး ပွင့်ဖြူမြို့နယ်က အခြေအနေကို အရင်ဆုံး ပြောပြပေးပါ။ သူတို့ အားကောင်းလာတာက ဘယ်အချိန်လောက်လဲ။
ဖြေ - သူတို့ အားကောင်းတာက ၂၀၂၄ ခုနှစ်မှာ အားကောင်းလာတာ ခင်ဗျ။
မေး - သူတို့ စဝင်ပြီးတဲ့နောက်မှာ ပြည်သူတွေ ဘယ်လိုအခက်အခဲစကြုံရလဲ။
ဖြေ - ဘယ်လို အခက်အခဲလည်း ဆိုတော့ အကြောက်တရားပေါ့ဗျာ။ အကြောက်တရား ဆိုတာ ဘာလဲ ဆိုတော့ ခြိမ်းခြောက်မှု။ ခြိမ်းခြောက်မှုကနေ တဖြေးဖြေး ဘာဖြစ်လာလည်း ဆိုတော့ ဒလန်ဆိုပြီးတော့ ဆွဲခေါ်တယ်။ ဆွဲခေါ်ပြီးတော့ တချို့ဆို သေလား၊ ရှင်လား မသိတာ ရှိတယ်။ တချို့ကိုကျတော့ ငွေယူပြီးတော့ ပြန်လွှတ်တယ်။
မေး - ပြန်ပေးဆွဲတယ်ဆိုတဲ့ အနေအထား အထိလား။
ဖြေ - ပြန်ပေးဆွဲတယ် ဆိုတဲ့ အနေအထား ဖြစ်နေတာ ခင်ဗျာ။ သိန်း ၂၀၊ သိန်း ၁၀၀ အဲဒီလိုမျိုး လူပြန်လွှတ်ဖို့ ပေးရတယ်။ ဟိုတလောက် ရွာသူ တစ်ယောက်ဆို ၄၂ သိန်း ပေးရတယ်။
မေး - ဆက်ကြေးတွေ ဘာတွေ ကော ဘယ်လိုကောက်လဲ။
ဖြေ - လစဉ်ကြေးကောက်တဲ့ အတိုင်းအတာက သူတို့ ရပ်တည်မှုက ရေနံမှော်တွေ ရှိတယ်။ ရေနံမှော်နဲ့ အသက်ဆက်ကြတယ်။ ရွာအလိုက် ဆန်ဘယ်နှအိတ်ပေး၊ ဆီဘယ်လောက်ပေး ကောက်တယ်။ ကြက်သွန်စိုက်ရင် ဝါးတကွက်ဆိုတာ ဒေသခံအခေါ်ပေါ့။ ဝါးတပြန်ပေါ့ဗျာ။ ဝါးတပြန် တကွက်ကို ကြက်သွန်စိုက်တယ် ဆိုရင် ကြက်သွန်ပေါ်တာနဲ့ ဘယ်လောက်ကောက်တယ်။
မေး - ပွင့်ဖြူမှာ လုံခြုံရေး တပ်ဖွဲ့တွေကို ဘယ်အချိန်လောက်မှာ စတိုက်လာလဲ။
ဖြေ - စပြီးတော့ လုပ်တာက ၂၀၂၄ မှာ စတယ်ဗျ။ နှစ်ကုန်ခါနီးမှာ အားကောင်းလာတယ်။ မိုင်းဆွဲတိုက်ခိုက်တယ် ခင်ဗျာ။ ရှော့တိုက်ဒုံးတွေ ပစ်တယ်ပေါ့။
မေး - တိုက်ခိုက်တဲ့ အခါ ရဲတပ်ဖွဲ့ဝင်တွေ ဘက်က ဘယ်လို ခုခံတိုက်ခိုက်ခဲ့ကြလဲ။
ဖြေ - ရဲတပ်ဖွဲ့ဝင်တွေကတော့ ခံစစ်သဘောဆိုတော့ နယ်မြေ ရှင်းလင်းရေး မလုပ်ဘူးပေါ့။ စခန်းထဲမှာပဲ နဂို ခံစစ် ပြင်ဆင်ပြီး လာတဲ့ အနေအထားကို စောင့်တယ်။ ၂၀၂၅၊ ဇူလိုင်လ ၂၇ ရက်၊ မနက် ၄ နာရီ ၂၀ မှာ ဒီကောင်တွေ PDO အဖွဲ့ရယ်။ ပေါက်ဘက်ကပေါ့ ခင်ဗျာ။ နောက်ပြီးတော့ စိန်ပန်းကုန်း ကျေးရွာဘက်က PDF တွေရယ်၊ စခန်းနဲ့ သုံးမိုင်လောက် ဝေးတဲ့ ရွာက ဗိုလ်မထား အဖွဲ့ရယ် ကျွန်တော်တို့ကို လာတိုက်တယ်။
မေး - ဒီလက်ဆည်ရဲကင်းစခန်းကိုပေါ့။
ဖြေ - ဟုတ်တယ် ခင်ဗျာ။ လက်ဆည်ရဲကင်းစခန်းကို လာတိုက်တယ်။ လာတိုက်တဲ့ အချိန်မှာ ၁+၁၆။ ၁၇ ဦးနဲ့ ပြန်လည် ခုခံတိုက်ခိုက်ခဲ့တယ်။ ရန်သူ အင်အားက ၂၀၀ လောက်လို့ ကြားတယ်။ ပထမ စည်းကတော့ စခန်း ဖွဲ့စည်းပုံက စခန်းက ကုန်းပေါ်မှာ ရှိတယ်။ ကုန်းအောက်မှာ လိုင်းခန်း တစ်ထပ် ရှိတယ်။ လိုင်းခန်းကိုတော့ ဒီကောင်တွေက ဖောက်ပြီးသွားပြီ။ ဖောက်ပြီးသွားပြီးတော့ လိုင်းခန်းကို ရပြီ ဆိုတာနဲ့ အပိုင်ပဲ ဆိုပြီးတော့ ကုန်းပေါ်တက်လာတာ။ သတ်ကွင်းပေးထားတာလေ။ သတ်ကွင်းပေးထားတော့ ဘန်ကာကလည်း ရှေ့တည့်တည့်မှာ သဲအိတ်ဘန်ကာထားတယ်လေ။ ကျွန်တော့်ဆီက အခုတော့ ဒုတပ်ကြပ်ဖြစ်သွားပါတယ်။ အဲဒီ ရဲဘော်လေးက အော်တိုဆွဲတော့ သုံးယောက် ထွေးကနဲကျသွားတယ်။ သူတို့ အလောင်းတွေ ပြန်ကောက်တယ်။ ပြန်ကောက်တော့ အဲဒီမှာ ကျန်ခဲ့တာက နဂါးပေါ့ဗျာ။ စစ်ရေးချုပ် တာဝန်ခံ ဘာညာ ယူထားတာပေါ့ဗျာ။ ဝါးလုံး အရှည်နဲ့ ဆွဲထုတ်တာ မရဘူး။ သူတို့ ထားခဲ့ရတယ်။ သူ့တစ်ယောက် ရတယ်။ Type 81 သေနတ် နှစ်လက် ရတယ်။ ကျည်ဘောက်တွေ ရတယ်။ Type 81 ဆိုတာ ကချင်ထုတ်ပေါ့ဗျာ စသည်ဖြင့် ရပါတယ်။
မေး - ခံစစ်ကို ရဲတပ်ဖွဲ့တွေပဲ အစ၊ အဆုံး တိုက်ခိုက်ခဲ့တာလား။
ဖြေ - ကျွန်တော်တို့ ၁၇ ဦးပဲ ချခဲ့တာ ခင်ဗျ။ စစ်ကူလည်းလာပါတယ်။
မေး - ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး၊ တရားဥပဒေ ထိန်းသိမ်းရေး အတွက် အထူးလေ့ကျင်ထားကြတာ ဖြစ်တယ်လို့ နားလည်ထားရပါတယ်။ တကယ် တိုက်ခိုက်ရတဲ့ အခါ စိုးရိမ်မှု ရှိလား။
ဖြေ - စိုးရိမ်မှုကတော့ မရှိဘူး။ စိတ်ဓာတ်ပေါ့ဗျာ။ ရဲဘော်တွေကို ပြောထားတာက ဆုတ်လမ်းမရှိဘူး။ ပတ်ပတ်လည်မှာ ဒီကောင်တွေ ရှိတယ်။ ဘုရင့်နောင် ဖောင်ဖျက် သူသတ်တာ ခံမလား။ ပြန်သတ်မလား။ အဲဒီစိတ်ဓာတ်နဲ့။ လက်နက် တစ်လက်စီ ရှိပါတယ်။ ကျည်ဆံကတော့ ပိုပိုလျှံလျှံ ရှိပါတယ်။ ကိုယ်စီ လက်နက် ရှိပါတယ်။
မေး - အရင်ကကော တိုက်ပွဲ အတွေ့အကြုံ ရှိဖူးလား။ အခုမှသာ အပြင်းအထန် တိုက်ခိုက်ရတာလား။
ဖြေ - အမှန်အတိုင်း ဝန်ခံရရင် ဒါ ပထမဆုံး တိုက်ပွဲ ပါပဲ ခင်ဗျာ။
မေး - တိုက်ပွဲအချိန်က ဘယ်လောက်ကြာလဲ။ အမိန့်ပေးခဲ့တဲ့ ပုံစံ၊ စစ်ပရိယာယ်တွေကော ဘယ်လို စဉ်းစားခဲ့လဲ။
ဖြေ - အချိန်ကတော့ မနက် ၄ နာရီ ၂၀ က ဖြစ်တယ်။ ၆ နာရီ ၂၀ မှာ ဒီကောင်တွေက အပစ်ခတ် ရပ်သွားပါတယ်။ ကပစ ၂၂ ကလည်း လက်နက်ကြီးတွေ ပစ်ပေးပါတယ်။ တက်လုံးလို့လည်း မရ၊ မိုးလည်း လင်းလာပြီ။ ဒီကောင်တွေ ဆီက ပြန်ကြားရတာတော့ နောက်က ယောချောင်းက ဖြတ်ပြီး ပို့ပေးတဲ့ ထောက်ပို့ ကျည်တွေက မရောက်လာဘူး။ အဲဒီဟာ တစ်ခုတော့ ခံသာသွားတာပေါ့ ခင်ဗျာ။
မေး - အဲဒီလို တိုက်ခိုက်နေရတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်သားစိတ် ဝင်သွားတယ် ဆိုမလား။ ဒါမှမဟုတ် နောက်မဆုတ်တော့ဘူး ဆိုတဲ့ စိတ်က အပြည့်အဝ လွှမ်းမိုးခဲ့တယ် ထင်လား။
ဖြေ - ကျွန်တော်တို့က အဲဒီအချိန်မှာ ရဲဆိုတာ ပျောက်သွားတယ် ခင်ဗျာ။ ရဲစိတ်မရှိတော့ဘူး။ ကိုယ့်ကိုကိုယ် ငါတို့က စစ်သားတစ်ပိုင်း၊ ရဲတစ်ပိုင်းလို့ ခံယူထားပြီးသား။ အဲဒီတော့ ရဲနဲ့ ပတ်သက်တဲ့ရုံးလုပ်ငန်းလည်း လူကြီးတွေက မခိုင်းပါဘူး။ လုံခြုံရေးပဲ ယူထားတယ်။ ယူထားတော့ ခံစစ်ကို သေချာပြင်တယ်။ လာနိုင်တဲ့ နေရာကို အလယ်ထားပြီးတော့မှ ကျွန်တော်တို့ သဲအိတ်ဘန်ကာတွေ တည်ဆောက်ထားတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ အခါ တစ်နှစ်ကျော်တည်းက ကျွန်တော်က ပစ်ပိုင် ပေးထားတယ် ခင်ဗျာ။ ဒါ မင်းပစ်ပိုင်၊ ပစ်ပိုင်း အတွင်းမှာ ပစ်။ ဖြစ်လာတဲ့ အချိန်မှာ ယောက်ယက်မခတ်ဘူး။ ဖြစ်လာတဲ့ အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြီးတော့ တုံ့ပြန်နိုင်တယ်။ ကျွန်တော်ကတော့ ရွေ့လျားကစားပေါ့။
မေး - ရဲတပ်ဖွဲ့ အရာရှိတစ်ယောက် အနေနဲ့ အဲဒီလို တိုက်ပွဲ အတွင်း ကွပ်ကဲစဉ်မှာ စိတ်ဝေဝါး ထွေပြားသွားတာကော ရှိလား။ ကိုယ့်လူတွေ အပေါ်ကော ယုံကြည်မှု မြင့်မြင့်မားမား ရှိနေခဲ့လား။
ဖြေ - ကျွန်တော့်စိတ်ထဲမှာ ဝေဝါးမှု မရှိဘူး။ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေ ဗဟုသုတရအောင် တစ်ခု ပြောပြပါ့မယ်။ ဒီကောင်တွေက အသံနဲ့ ဇာတ်လမ်းဆင်တာ။ နောက်ပြီးတော့ ဒီကောင်တွေက ခရာသုံးတယ်။ ခရာတစ်ချက် မှုတ်လိုက်တာနဲ့ ပစ်တယ်။ ခရာတစ်ချက် မှုတ်လိုက်တာနဲ့ နားတယ်ပေါ့။ ခရာပဲ သုံးတာ။ အသံလုံးဝ မကြားရဘူး။ ဒီကောင်တွေ စနစ်က။ သူတို့ စပစ်တဲ့ အချိန်မှာ ဘယ်လို လုပ်လဲ ဆိုတော့ အသံနဲ့ သရုပ်ဆောင်တယ် ပေါ့ဗျာ။ ဟေ့ကောင်တွေ မင်းတို့ လူတွေ ဖမ်းမိထားပြီ။ လက်နက်ချတော့ ဘာညာ လုပ်တာ။ ကျွန်တော်တောင်မှ နည်းနည်း ဝေဝါးသွားတယ် ခင်ဗျာ။ ဟာ ငါ့လူ ပါသွားပြီလား၊ မိသွားပြီလား ပေါ့။ ပစ်ခတ်နေရင်း လူလိုက်စစ်တော့ ဒီကောင်တွေ ဆိုက်ဝါးပဲ ဆိုတာ သိလိုက်ရတယ်။ ကြောက်ပါပြီဗျ၊ မသတ်ပါနဲ့ အဲဒီလိုမျိုး။ ကျွန်တော် ဆက်ပြောရရင် ကျန်တာ ဝေဝါးတာ မရှိတာပါဘူး။ ဘာလို့လည်း ဆိုတော့ ကြိုပြီး တွေးထားပြီးသားလေ။ ဆုတ်လမ်းမရှိတဲ့ အနေအထားမျိုးမှာ လာခဲ့။ မနိုင်ရင်တောင် လုပ်သွားမယ် ဆိုတဲ့ စိတ်ဓာတ်ပေါ့ဗျာ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေမှာလည်း ကြောက်ရွံ့မှု ဆိုတာ မရှိဘူး။ ဒေါသတရားတွေပဲ ရှိတယ်။ သူဆဲ၊ ကိုယ်ဆဲပေါ့ဗျာ။
မေး - လူတွေ မထိခိုက်အောင် ဦးဆောင်ပေးနိုင်ခဲ့တာပေါ့။
ဖြေ - ဟုတ်ကဲ့ ကံနည်းနည်း ဆိုးသွားတာက တပ်ကြပ်ကြီးတစ်ယောက်တော့ ပါးဖောက်ပြီး ထင်သွားတယ် ခင်ဗျ။ ခေါင်းကို မထိပဲ ဖောက်ထွက်သွားတာ။ ဘန်ကာထဲက ပစ်ပြီးတော့ ရှောင်လိုက်တဲ့ အချိန်မှာ စနိုက်ပါ ပါတယ် ထင်တယ် ခင်ဗျ။ ခေါင်းမကွယ်ခင်မှာ ပစ်လိုက်တာပါ။ အသက်ဆုံးရှုံးတာ မရှိပါဘူး ခင်ဗျာ။ အဲဒါလေးပဲ ဆုံးရှုံးမှု ရှိပါတယ်။ သူတို့ တင်ထားတဲ့ ဘယ်နှယောက်သေတယ် ဆိုတာ မဟုတ်ပါဘူး။ ဒဏ်ရာ တစ်ယောက်ပဲ ရပါတယ်။
မေး - ဒီမတိုင်ခင်က ရန်သူကို သတ်ကွင်းဘယ်လို ဖော်မယ်။ ဘယ်အထိ စစ်မြှားမယ်၊ ဘယ်နေရာမှာ စပစ်မယ် ဆိုတာ အကုန်လုံး ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့တာလား။
ဖြေ - ကျွန်တော်တို့က ဒီနယ်မှာ စခန်း ထီးထီးရပ်တည်နေတာ။ ဘေးပတ်ဝန်းကျင်မှာ သူတို့ စိမ့်ဝင်နေတာ။ ခံစစ်ကြီးလို နေရတာ။ တံခါး အထပ်ထပ်နေရတာ။ တိုက်ကွက်သွားဖော်ဖို့က နောက်ကျောမလုံဘူး။ လာရင် ချမယ် ဆိုတဲ့ အနေအထားနဲ့ ရပ်တည်တာပါ။
မေး - ခုခံဖို့ တိုက်ကွက်ဖော်တာကကော ကိုယ်တိုင်ပဲ ဆုံးဖြတ်ချမှတ်ခဲ့တာလား။
ဖြေ - ဒါ ကျွန်တော်သင်တန်းကျောင်းမှာ သင်ခဲ့တဲ့ဟာတွေ၊ ကျွန်တော့် အတွေးလေးနဲ့ သဲအိတ်ဘန်ကောတွေ၊ ဆက်သွယ်ရေး မြောင်းတွေ၊ ဒါ လိုအပ်တယ်၊ ဒါကတော့ ခံရမယ် စသည်ဖြင့် တွေးပြီး လုပ်ခဲ့တာပါ။
မေး - သူတို့ဘက်က သေဆုံး အခြေအနေက ဘယ်လို ရှိပါသလဲ။
မေး - သူတို့ ဘက်မှာ မိန်းကလေးတစ်ယောက်၊ ယောကျာ်းလေး ငါးယောက်၊ ခြောက်ယောက်။ ချက်ချင်းပေါ့။ ဒဏ်ရာ၊ ရတဲ့သူတွေလည်း ရှိတယ်။ ခြောက်ဘီးကားနဲ့ တိုက်သွားတယ်လို့ သတင်းပြန်ရပါတယ်။ တော်တော် အထိနာသွားပါတယ်။
မေး - တိုက်ရင်းကနေ ဖြေးဖြေးချင်း စိမ့်ဝင်လာနေတုန်းမှာ စောင့်နေတုန်း ပစ်ချင်စိတ် ဖြစ်မနေဘူးလား။
ဖြေ - ဒေါသတရားပဲ ရှိတယ်။ မင်းတို့ ကောင်တွေ လာစမ်းကွာ အမှိုက်တွေ ဆိုပြီး အကုန်လုံးက ဒေါသတရားတွေပဲ ပြောင်းသွားတာ။ ငါတို့ မသေမချင်း မင်းတို့ ဒီစခန်းကို မရစေရဘူး ဆိုပြီးတော့။
မေး - လူ ၁၇ ယောက် ရှိခဲ့ကြတယ်။ သာလွန်အင်အား နဲ့ လာတိုက်ချိန်မှာ အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တာက စိတ်ဓာတ်လို့ ပြောနိုင်မလား။ စည်းစနစ် ကျနမှုလား။
ဖြေ - နှစ်ခုလုံး ပြောလို့ ရပါတယ်။ နံပတ်တစ်က စိတ်ဓာတ်။ နောက်တစ်ခုက နည်းစနစ် ကျနမှု၊ အမိန့်နာခံမှုပါ။
မေး - တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သူတွေက ဒီတိုက်ပွဲ အပြီးမှာ ပိုပြီး စည်းလုံး လာကြမှာပေါ့။
မေး - ပိုပြီး စည်းလုံးလာပါတယ်။ ဘယ်လို ခေါ်မလဲ သေမတူ၊ ရှင်မကွာ စိတ်ဓာတ်တွေ ပိုပြင်းထန်လာပါတယ်။ ကျွန်တော်က အရာရှိဆိုပေမယ့် သူတို့ နဲ့ လက်ရည်တပြင်တည်း၊ တပူးတတွဲတည်း ညီအစ်ကို အရင်းတွေထက် ချစ်ခင်လာကြပါတယ်။
မေး - တိုက်ခိုက်နေကြချိန်မှာ မိသားစု စိုးရိမ်မှုက ဘယ်လို ရှိမလဲ။
ဖြေ - မိသားစုဝင်တွေကို ၂၀၂၃ ခုနှစ်တည်းက တခြားနေရာကို ရွေ့ထားပါတယ်။ တပ်ဖွဲ့ဝင် ယောကျာ်းသားတွေချည်းပဲ ကျန်ခဲ့တော့ နောက်ဆံမတင်းပဲနဲ့ တိုက်ပွဲဝင်နိုင်တယ်။ ဇနီးမယား၊ သားသမီးတွေက စိုးရိမ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောမှ သူတို့က သိရတာ။ တစ်ခုကောင်းတာက လူပျိုလူလွတ်များတယ်။ အိမ်ထောင်သည် နည်းတယ် ခင်ဗျာ။
မေး - မိသားစုဝင်တွေကိုကော ကြုံသမျှ ပြန်ပြောဖြစ်လား။
ဖြေ - ကျွန်တော့် အနေနဲ့ကတော့ သမီးကို ပြောပြဖြစ်တယ်။ ဒါပေမယ့် ဒီလိုမျိုး အသေးစိတ် မပြောပြဘူး။ ငါတို့ကို လာချတယ်၊ ငါတို့ ပြန်ချတယ်၊ အလောင်းရတယ်။ နိုင်ငံတော်က ငါတို့ကို ဆုချတယ် အဲဒီလိုတော့ ပြောတယ်။ အသေးစိတ်တော့ မပြောပါဘူး။
မေး - စိုးရိမ်စိတ် ဖြစ်မှာ စိုးလို့လား။
ဖြေ - ဟုတ်တယ် စိုးရိမ်စိတ်ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ က ပေါ့ပေါ့ပါးပါးပဲ ပြောကြတာပေါ့ခင်ဗျာ။ သူတို့ ခဗျာ အဝေးမှာ စိတ်ပင်ပန်းမှာလေ။
မေး - နောက်ပိုင်းကော စခန်းကို သူတို့ ထပ်လုံးတာ ရှိသေးလား။
ဖြေ - အဲဒီနောက်ပိုင်းက စပြီးတော့ မရှိတော့ဘူး။ Drop bomb လာချတာတော့ ရှိတယ်။ လူကြီးကလည်း ဒရုန်း ဖြတ်စက် ချပေးထားပါတယ်။
မေး - ရဲတပ်ဖွဲ့ဝင်တွေရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ရမယ့် တိုက်ပွဲ အတွက် ဆုချီးမြှင့်ခံရတယ်လို့ သိရပါတယ်။
ဖြေ - ဟုတ်ကဲ့ ခင်ဗျာ။ ကျွန်တော်တို့ကို တဆင့်တိုး ရာထူးတွေ ပေးပါတယ် ခင်ဗျာ။ ပြီးတော့ ရဲတပ်ဖွဲ့နေ့မှာ တိုင်းရုံးမှာ ကျွန်တော်တို့ကို ဆုချီးမြှင့်ပါတယ်ခင်ဗျာ။ မနှစ်ကလည်း မကွေးတိုင်းဒေသကြီး အစိုးရကလည်း ဂုဏ်ထူးဆောင် ဆုတွေ ပေးပါတယ် ခင်ဗျာ။
မေး - ရဲတပ်ဖွဲ့ဝင်တွေကို အခုလို တိုက်ခိုက်ဖို့ အတွက် အဓိက စိတ်ဝင်စေခဲ့တာက ဘာလို့ ထင်ပါသလဲ။
ဖြေ - နိုင်ငံ့ချစ်စိတ်။
မေး - နိုင်ငံ့ချစ်စိတ်နဲ့ တိုက်ခိုက်ခဲ့ကြတာပေါ့။
ဖြေ - ဟုတ်တယ် ခင်ဗျာ။ နိုင်ငံ့ချစ်စိတ်၊ တပ်ဖွဲ့ အပေါ်မှာ သစ္စာ စောင့်သိမှု။ ကျွန်တော်တို့ မယိမ်းယိုင်ဘူး။ ကျွန်တော်တို့ အလံဖြူ မထောင်ဘူး။ အဲဒီလို စိတ်ဓာတ်ပါ။ ဒါကို ရဲရဲ ပြောရဲပါတယ်။ ကိုယ့်လူတွေ အတွက်လည်း အာမခံရဲတယ်။
မေး - ခေါင်းဆောင်တစ်ယောက်အနေနဲ့ တခြား တပ်ဖွဲ့ဝင်တွေကို ဘာများ ပြောချင်လဲ။
ဖြေ - တပ်ဖွဲ့ အပေါ်မှာ စေတနာထားပါ။ နိုင်ငံ့အပေါ်မှာ စေတနာထားပါ၊ သစ္စာ ရှိပါ။ မြူတမှုန့်မှ မဖောက်ပါစေနဲ့။ အဲဒီအတွက် သစ္စာနဲ့ စေတနာက အကျိုးပေးပါတယ်။ အသက်အန္တရာယ်လည်း ကာကွယ်ပါတယ်။ စိတ်ဓာတ်ကို မယိမ်းယိုင်းပါနဲ့။ ကျွန်တော်တို့လည်း အသက်နဲ့၊ သူတို့လည်း အသက်နဲ့။ ကိုယ့်ဘက်က မာပြရင် သူတို့ဘက်က လန်သွားပါတယ် ခင်ဗျာ။ အဓိက ပြောချင်တာက သစ္စာတရား။ သစ္စာတရားရှိရင် နတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်ပါတယ် ခင်ဗျာ။
မေး - အဓိက တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ ရှိဖို့ပေါ့။
ဖြေ - မှန်တယ် ခင်ဗျာ။ သစ္စာ မဖောက်မိစေနဲ့။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version;
မဆုတ္တမ္း ခံတပ္ငယ္မွ ရဲတပ္ဖြဲ႕ဝင္ (၁၇) ဦး ၏ ေအာင္ပြဲ
သုတေက်ာ္ (NP News) - မတ္ ၉
“သူသတ္တာ ခံမလား။ ျပန္သတ္မလား။ အဲဒီစိတ္ဓာတ္နဲ႔”
မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္၊ လက္ဆည္ရဲကင္းစခန္းကို ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၂၁ ရက္ နံနက္အေစာပိုင္းတြင္ PDF စုေပါင္းအဖြဲ႕မ်ားက အပိုင္ဟုတြက္ကာ သာလြန္အင္အားျဖင့္ တိုက္ခိုက္ခဲ့စဥ္ ရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္ ၁၇ ဦး ရွိခဲ့သည္။ သို႔ေသာ္ ရဲတပ္ဖြဲ႕ဝင္တို႔သည္ ခံစစ္ျဖင့္ ျပန္လည္ တိုက္ခိုက္ခဲ့သည့္ အျပင္ စစ္ကူလည္း ေရာက္လာခဲ့ရာ PDF တို႔မွာ ထိခိုက္မႈ ႀကီးမားစြာျဖင့္ ျပန္လည္ ဆုတ္ခြာ ထြက္ေျပးသြားခဲ့ၾကရ၏။ ယင္း အေျခအေနမ်ား ႏွင့္ ပတ္သက္၍ ဦးေဆာင္တိုက္ခိုက္ခဲ့ေသာ လက္ဆည္ရဲကင္းစခန္းမွ ရဲအုပ္ ေဇာ္မင္းထံ The Statesman ဂ်ာနယ္က ထိုစဥ္က အေျခအေနမ်ားကို ဆက္သြယ္ေမးျမန္းခြင့္ ရခဲ့ရာ စာဖတ္ပရိသတ္မ်ားအတြက္ ေဖာ္ျပအပ္ပါသည္။
ေမး - အရင္ဆုံး ပြင့္ျဖဴၿမိဳ႕နယ္က အေျခအေနကို အရင္ဆုံး ေျပာျပေပးပါ။ သူတို႔ အားေကာင္းလာတာက ဘယ္အခ်ိန္ေလာက္လဲ။
ေျဖ - သူတို႔ အားေကာင္းတာက ၂၀၂၄ ခုႏွစ္မွာ အားေကာင္းလာတာ ခင္ဗ်။
ေမး - သူတို႔ စဝင္ၿပီးတဲ့ေနာက္မွာ ျပည္သူေတြ ဘယ္လိုအခက္အခဲစႀကဳံရလဲ။
ေျဖ - ဘယ္လို အခက္အခဲလည္း ဆိုေတာ့ အေၾကာက္တရားေပါ့ဗ်ာ။ အေၾကာက္တရား ဆိုတာ ဘာလဲ ဆိုေတာ့ ၿခိမ္းေျခာက္မႈ။ ၿခိမ္းေျခာက္မႈကေန တေျဖးေျဖး ဘာျဖစ္လာလည္း ဆိုေတာ့ ဒလန္ဆိုၿပီးေတာ့ ဆြဲေခၚတယ္။ ဆြဲေခၚၿပီးေတာ့ တခ်ိဳ႕ဆို ေသလား၊ ရွင္လား မသိတာ ရွိတယ္။ တခ်ိဳ႕ကိုက်ေတာ့ ေငြယူၿပီးေတာ့ ျပန္လႊတ္တယ္။
ေမး - ျပန္ေပးဆြဲတယ္ဆိုတဲ့ အေနအထား အထိလား။
ေျဖ - ျပန္ေပးဆြဲတယ္ ဆိုတဲ့ အေနအထား ျဖစ္ေနတာ ခင္ဗ်ာ။ သိန္း ၂၀၊ သိန္း ၁၀၀ အဲဒီလိုမ်ိဳး လူျပန္လႊတ္ဖို႔ ေပးရတယ္။ ဟိုတေလာက္ ႐ြာသူ တစ္ေယာက္ဆို ၄၂ သိန္း ေပးရတယ္။
ေမး - ဆက္ေၾကးေတြ ဘာေတြ ေကာ ဘယ္လိုေကာက္လဲ။
ေျဖ - လစဥ္ေၾကးေကာက္တဲ့ အတိုင္းအတာက သူတို႔ ရပ္တည္မႈက ေရနံေမွာ္ေတြ ရွိတယ္။ ေရနံေမွာ္နဲ႔ အသက္ဆက္ၾကတယ္။ ႐ြာအလိုက္ ဆန္ဘယ္ႏွအိတ္ေပး၊ ဆီဘယ္ေလာက္ေပး ေကာက္တယ္။ ၾကက္သြန္စိုက္ရင္ ဝါးတကြက္ဆိုတာ ေဒသခံအေခၚေပါ့။ ဝါးတျပန္ေပါ့ဗ်ာ။ ဝါးတျပန္ တကြက္ကို ၾကက္သြန္စိုက္တယ္ ဆိုရင္ ၾကက္သြန္ေပၚတာနဲ႔ ဘယ္ေလာက္ေကာက္တယ္။
ေမး - ပြင့္ျဖဴမွာ လုံၿခဳံေရး တပ္ဖြဲ႕ေတြကို ဘယ္အခ်ိန္ေလာက္မွာ စတိုက္လာလဲ။
ေျဖ - စၿပီးေတာ့ လုပ္တာက ၂၀၂၄ မွာ စတယ္ဗ်။ ႏွစ္ကုန္ခါနီးမွာ အားေကာင္းလာတယ္။ မိုင္းဆြဲတိုက္ခိုက္တယ္ ခင္ဗ်ာ။ ေရွာ့တိုက္ဒုံးေတြ ပစ္တယ္ေပါ့။
ေမး - တိုက္ခိုက္တဲ့ အခါ ရဲတပ္ဖြဲ႕ဝင္ေတြ ဘက္က ဘယ္လို ခုခံတိုက္ခိုက္ခဲ့ၾကလဲ။
ေျဖ - ရဲတပ္ဖြဲ႕ဝင္ေတြကေတာ့ ခံစစ္သေဘာဆိုေတာ့ နယ္ေျမ ရွင္းလင္းေရး မလုပ္ဘူးေပါ့။ စခန္းထဲမွာပဲ နဂို ခံစစ္ ျပင္ဆင္ၿပီး လာတဲ့ အေနအထားကို ေစာင့္တယ္။ ၂၀၂၅၊ ဇူလိုင္လ ၂၇ ရက္၊ မနက္ ၄ နာရီ ၂၀ မွာ ဒီေကာင္ေတြ PDO အဖြဲ႕ရယ္။ ေပါက္ဘက္ကေပါ့ ခင္ဗ်ာ။ ေနာက္ၿပီးေတာ့ စိန္ပန္းကုန္း ေက်း႐ြာဘက္က PDF ေတြရယ္၊ စခန္းနဲ႔ သုံးမိုင္ေလာက္ ေဝးတဲ့ ႐ြာက ဗိုလ္မထား အဖြဲ႕ရယ္ ကြၽန္ေတာ္တို႔ကို လာတိုက္တယ္။
ေမး - ဒီလက္ဆည္ရဲကင္းစခန္းကိုေပါ့။
ေျဖ - ဟုတ္တယ္ ခင္ဗ်ာ။ လက္ဆည္ရဲကင္းစခန္းကို လာတိုက္တယ္။ လာတိုက္တဲ့ အခ်ိန္မွာ ၁+၁၆။ ၁၇ ဦးနဲ႔ ျပန္လည္ ခုခံတိုက္ခိုက္ခဲ့တယ္။ ရန္သူ အင္အားက ၂၀၀ ေလာက္လို႔ ၾကားတယ္။ ပထမ စည္းကေတာ့ စခန္း ဖြဲ႕စည္းပုံက စခန္းက ကုန္းေပၚမွာ ရွိတယ္။ ကုန္းေအာက္မွာ လိုင္းခန္း တစ္ထပ္ ရွိတယ္။ လိုင္းခန္းကိုေတာ့ ဒီေကာင္ေတြက ေဖာက္ၿပီးသြားၿပီ။ ေဖာက္ၿပီးသြားၿပီးေတာ့ လိုင္းခန္းကို ရၿပီ ဆိုတာနဲ႔ အပိုင္ပဲ ဆိုၿပီးေတာ့ ကုန္းေပၚတက္လာတာ။ သတ္ကြင္းေပးထားတာေလ။ သတ္ကြင္းေပးထားေတာ့ ဘန္ကာကလည္း ေရွ႕တည့္တည့္မွာ သဲအိတ္ဘန္ကာထားတယ္ေလ။ ကြၽန္ေတာ့္ဆီက အခုေတာ့ ဒုတပ္ၾကပ္ျဖစ္သြားပါတယ္။ အဲဒီ ရဲေဘာ္ေလးက ေအာ္တိုဆြဲေတာ့ သုံးေယာက္ ေထြးကနဲက်သြားတယ္။ သူတို႔ အေလာင္းေတြ ျပန္ေကာက္တယ္။ ျပန္ေကာက္ေတာ့ အဲဒီမွာ က်န္ခဲ့တာက နဂါးေပါ့ဗ်ာ။ စစ္ေရးခ်ဳပ္ တာဝန္ခံ ဘာညာ ယူထားတာေပါ့ဗ်ာ။ ဝါးလုံး အရွည္နဲ႔ ဆြဲထုတ္တာ မရဘူး။ သူတို႔ ထားခဲ့ရတယ္။ သူ႔တစ္ေယာက္ ရတယ္။ Type 81 ေသနတ္ ႏွစ္လက္ ရတယ္။ က်ည္ေဘာက္ေတြ ရတယ္။ Type 81 ဆိုတာ ကခ်င္ထုတ္ေပါ့ဗ်ာ စသည္ျဖင့္ ရပါတယ္။
ေမး - ခံစစ္ကို ရဲတပ္ဖြဲ႕ေတြပဲ အစ၊ အဆုံး တိုက္ခိုက္ခဲ့တာလား။
ေျဖ - ကြၽန္ေတာ္တို႔ ၁၇ ဦးပဲ ခ်ခဲ့တာ ခင္ဗ်။ စစ္ကူလည္းလာပါတယ္။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြဟာ လုံၿခဳံေရး၊ တရားဥပေဒ ထိန္းသိမ္းေရး အတြက္ အထူးေလ့က်င္ထားၾကတာ ျဖစ္တယ္လို႔ နားလည္ထားရပါတယ္။ တကယ္ တိုက္ခိုက္ရတဲ့ အခါ စိုးရိမ္မႈ ရွိလား။
ေျဖ - စိုးရိမ္မႈကေတာ့ မရွိဘူး။ စိတ္ဓာတ္ေပါ့ဗ်ာ။ ရဲေဘာ္ေတြကို ေျပာထားတာက ဆုတ္လမ္းမရွိဘူး။ ပတ္ပတ္လည္မွာ ဒီေကာင္ေတြ ရွိတယ္။ ဘုရင့္ေနာင္ ေဖာင္ဖ်က္ သူသတ္တာ ခံမလား။ ျပန္သတ္မလား။ အဲဒီစိတ္ဓာတ္နဲ႔။ လက္နက္ တစ္လက္စီ ရွိပါတယ္။ က်ည္ဆံကေတာ့ ပိုပိုလွ်ံလွ်ံ ရွိပါတယ္။ ကိုယ္စီ လက္နက္ ရွိပါတယ္။
ေမး - အရင္ကေကာ တိုက္ပြဲ အေတြ႕အႀကဳံ ရွိဖူးလား။ အခုမွသာ အျပင္းအထန္ တိုက္ခိုက္ရတာလား။
ေျဖ - အမွန္အတိုင္း ဝန္ခံရရင္ ဒါ ပထမဆုံး တိုက္ပြဲ ပါပဲ ခင္ဗ်ာ။
ေမး - တိုက္ပြဲအခ်ိန္က ဘယ္ေလာက္ၾကာလဲ။ အမိန႔္ေပးခဲ့တဲ့ ပုံစံ၊ စစ္ပရိယာယ္ေတြေကာ ဘယ္လို စဥ္းစားခဲ့လဲ။
ေျဖ - အခ်ိန္ကေတာ့ မနက္ ၄ နာရီ ၂၀ က ျဖစ္တယ္။ ၆ နာရီ ၂၀ မွာ ဒီေကာင္ေတြက အပစ္ခတ္ ရပ္သြားပါတယ္။ ကပစ ၂၂ ကလည္း လက္နက္ႀကီးေတြ ပစ္ေပးပါတယ္။ တက္လုံးလို႔လည္း မရ၊ မိုးလည္း လင္းလာၿပီ။ ဒီေကာင္ေတြ ဆီက ျပန္ၾကားရတာေတာ့ ေနာက္က ေယာေခ်ာင္းက ျဖတ္ၿပီး ပို႔ေပးတဲ့ ေထာက္ပို႔ က်ည္ေတြက မေရာက္လာဘူး။ အဲဒီဟာ တစ္ခုေတာ့ ခံသာသြားတာေပါ့ ခင္ဗ်ာ။
ေမး - အဲဒီလို တိုက္ခိုက္ေနရတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ဝင္ေတြ အေနနဲ႔ စစ္သားစိတ္ ဝင္သြားတယ္ ဆိုမလား။ ဒါမွမဟုတ္ ေနာက္မဆုတ္ေတာ့ဘူး ဆိုတဲ့ စိတ္က အျပည့္အဝ လႊမ္းမိုးခဲ့တယ္ ထင္လား။
ေျဖ - ကြၽန္ေတာ္တို႔က အဲဒီအခ်ိန္မွာ ရဲဆိုတာ ေပ်ာက္သြားတယ္ ခင္ဗ်ာ။ ရဲစိတ္မရွိေတာ့ဘူး။ ကိုယ့္ကိုကိုယ္ ငါတို႔က စစ္သားတစ္ပိုင္း၊ ရဲတစ္ပိုင္းလို႔ ခံယူထားၿပီးသား။ အဲဒီေတာ့ ရဲနဲ႔ ပတ္သက္တဲ့႐ုံးလုပ္ငန္းလည္း လူႀကီးေတြက မခိုင္းပါဘူး။ လုံၿခဳံေရးပဲ ယူထားတယ္။ ယူထားေတာ့ ခံစစ္ကို ေသခ်ာျပင္တယ္။ လာႏိုင္တဲ့ ေနရာကို အလယ္ထားၿပီးေတာ့မွ ကြၽန္ေတာ္တို႔ သဲအိတ္ဘန္ကာေတြ တည္ေဆာက္ထားတယ္ခင္ဗ်ာ။ ၿပီးခဲ့တဲ့ အခါ တစ္ႏွစ္ေက်ာ္တည္းက ကြၽန္ေတာ္က ပစ္ပိုင္ ေပးထားတယ္ ခင္ဗ်ာ။ ဒါ မင္းပစ္ပိုင္၊ ပစ္ပိုင္း အတြင္းမွာ ပစ္။ ျဖစ္လာတဲ့ အခ်ိန္မွာ ေယာက္ယက္မခတ္ဘူး။ ျဖစ္လာတဲ့ အခ်ိန္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္ၿပီးေတာ့ တုံ႔ျပန္ႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ ေ႐ြ႕လ်ားကစားေပါ့။
ေမး - ရဲတပ္ဖြဲ႕ အရာရွိတစ္ေယာက္ အေနနဲ႔ အဲဒီလို တိုက္ပြဲ အတြင္း ကြပ္ကဲစဥ္မွာ စိတ္ေဝဝါး ေထြျပားသြားတာေကာ ရွိလား။ ကိုယ့္လူေတြ အေပၚေကာ ယုံၾကည္မႈ ျမင့္ျမင့္မားမား ရွိေနခဲ့လား။
ေျဖ - ကြၽန္ေတာ့္စိတ္ထဲမွာ ေဝဝါးမႈ မရွိဘူး။ က်န္တဲ့ တပ္ဖြဲ႕ဝင္ေတြ ဗဟုသုတရေအာင္ တစ္ခု ေျပာျပပါ့မယ္။ ဒီေကာင္ေတြက အသံနဲ႔ ဇာတ္လမ္းဆင္တာ။ ေနာက္ၿပီးေတာ့ ဒီေကာင္ေတြက ခရာသုံးတယ္။ ခရာတစ္ခ်က္ မႈတ္လိုက္တာနဲ႔ ပစ္တယ္။ ခရာတစ္ခ်က္ မႈတ္လိုက္တာနဲ႔ နားတယ္ေပါ့။ ခရာပဲ သုံးတာ။ အသံလုံးဝ မၾကားရဘူး။ ဒီေကာင္ေတြ စနစ္က။ သူတို႔ စပစ္တဲ့ အခ်ိန္မွာ ဘယ္လို လုပ္လဲ ဆိုေတာ့ အသံနဲ႔ သ႐ုပ္ေဆာင္တယ္ ေပါ့ဗ်ာ။ ေဟ့ေကာင္ေတြ မင္းတို႔ လူေတြ ဖမ္းမိထားၿပီ။ လက္နက္ခ်ေတာ့ ဘာညာ လုပ္တာ။ ကြၽန္ေတာ္ေတာင္မွ နည္းနည္း ေဝဝါးသြားတယ္ ခင္ဗ်ာ။ ဟာ ငါ့လူ ပါသြားၿပီလား၊ မိသြားၿပီလား ေပါ့။ ပစ္ခတ္ေနရင္း လူလိုက္စစ္ေတာ့ ဒီေကာင္ေတြ ဆိုက္ဝါးပဲ ဆိုတာ သိလိုက္ရတယ္။ ေၾကာက္ပါၿပီဗ်၊ မသတ္ပါနဲ႔ အဲဒီလိုမ်ိဳး။ ကြၽန္ေတာ္ ဆက္ေျပာရရင္ က်န္တာ ေဝဝါးတာ မရွိတာပါဘူး။ ဘာလို႔လည္း ဆိုေတာ့ ႀကိဳၿပီး ေတြးထားၿပီးသားေလ။ ဆုတ္လမ္းမရွိတဲ့ အေနအထားမ်ိဳးမွာ လာခဲ့။ မႏိုင္ရင္ေတာင္ လုပ္သြားမယ္ ဆိုတဲ့ စိတ္ဓာတ္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ဝင္ေတြမွာလည္း ေၾကာက္႐ြံ႕မႈ ဆိုတာ မရွိဘူး။ ေဒါသတရားေတြပဲ ရွိတယ္။ သူဆဲ၊ ကိုယ္ဆဲေပါ့ဗ်ာ။
ေမး - လူေတြ မထိခိုက္ေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာေပါ့။
ေျဖ - ဟုတ္ကဲ့ ကံနည္းနည္း ဆိုးသြားတာက တပ္ၾကပ္ႀကီးတစ္ေယာက္ေတာ့ ပါးေဖာက္ၿပီး ထင္သြားတယ္ ခင္ဗ်။ ေခါင္းကို မထိပဲ ေဖာက္ထြက္သြားတာ။ ဘန္ကာထဲက ပစ္ၿပီးေတာ့ ေရွာင္လိုက္တဲ့ အခ်ိန္မွာ စႏိုက္ပါ ပါတယ္ ထင္တယ္ ခင္ဗ်။ ေခါင္းမကြယ္ခင္မွာ ပစ္လိုက္တာပါ။ အသက္ဆုံးရႈံးတာ မရွိပါဘူး ခင္ဗ်ာ။ အဲဒါေလးပဲ ဆုံးရႈံးမႈ ရွိပါတယ္။ သူတို႔ တင္ထားတဲ့ ဘယ္ႏွေယာက္ေသတယ္ ဆိုတာ မဟုတ္ပါဘူး။ ဒဏ္ရာ တစ္ေယာက္ပဲ ရပါတယ္။
ေမး - ဒီမတိုင္ခင္က ရန္သူကို သတ္ကြင္းဘယ္လို ေဖာ္မယ္။ ဘယ္အထိ စစ္ျမႇားမယ္၊ ဘယ္ေနရာမွာ စပစ္မယ္ ဆိုတာ အကုန္လုံး ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ဆုံးျဖတ္ခဲ့တာလား။
ေျဖ - ကြၽန္ေတာ္တို႔က ဒီနယ္မွာ စခန္း ထီးထီးရပ္တည္ေနတာ။ ေဘးပတ္ဝန္းက်င္မွာ သူတို႔ စိမ့္ဝင္ေနတာ။ ခံစစ္ႀကီးလို ေနရတာ။ တံခါး အထပ္ထပ္ေနရတာ။ တိုက္ကြက္သြားေဖာ္ဖို႔က ေနာက္ေက်ာမလုံဘူး။ လာရင္ ခ်မယ္ ဆိုတဲ့ အေနအထားနဲ႔ ရပ္တည္တာပါ။
ေမး - ခုခံဖို႔ တိုက္ကြက္ေဖာ္တာကေကာ ကိုယ္တိုင္ပဲ ဆုံးျဖတ္ခ်မွတ္ခဲ့တာလား။
ေျဖ - ဒါ ကြၽန္ေတာ္သင္တန္းေက်ာင္းမွာ သင္ခဲ့တဲ့ဟာေတြ၊ ကြၽန္ေတာ့္ အေတြးေလးနဲ႔ သဲအိတ္ဘန္ေကာေတြ၊ ဆက္သြယ္ေရး ေျမာင္းေတြ၊ ဒါ လိုအပ္တယ္၊ ဒါကေတာ့ ခံရမယ္ စသည္ျဖင့္ ေတြးၿပီး လုပ္ခဲ့တာပါ။
ေမး - သူတို႔ဘက္က ေသဆုံး အေျခအေနက ဘယ္လို ရွိပါသလဲ။
ေမး - သူတို႔ ဘက္မွာ မိန္းကေလးတစ္ေယာက္၊ ေယာက်ာ္းေလး ငါးေယာက္၊ ေျခာက္ေယာက္။ ခ်က္ခ်င္းေပါ့။ ဒဏ္ရာ၊ ရတဲ့သူေတြလည္း ရွိတယ္။ ေျခာက္ဘီးကားနဲ႔ တိုက္သြားတယ္လို႔ သတင္းျပန္ရပါတယ္။ ေတာ္ေတာ္ အထိနာသြားပါတယ္။
ေမး - တိုက္ရင္းကေန ေျဖးေျဖးခ်င္း စိမ့္ဝင္လာေနတုန္းမွာ ေစာင့္ေနတုန္း ပစ္ခ်င္စိတ္ ျဖစ္မေနဘူးလား။
ေျဖ - ေဒါသတရားပဲ ရွိတယ္။ မင္းတို႔ ေကာင္ေတြ လာစမ္းကြာ အမႈိက္ေတြ ဆိုၿပီး အကုန္လုံးက ေဒါသတရားေတြပဲ ေျပာင္းသြားတာ။ ငါတို႔ မေသမခ်င္း မင္းတို႔ ဒီစခန္းကို မရေစရဘူး ဆိုၿပီးေတာ့။
ေမး - လူ ၁၇ ေယာက္ ရွိခဲ့ၾကတယ္။ သာလြန္အင္အား နဲ႔ လာတိုက္ခ်ိန္မွာ ေအာင္ေအာင္ျမင္ျမင္ ခုခံႏိုင္ခဲ့တာက စိတ္ဓာတ္လို႔ ေျပာႏိုင္မလား။ စည္းစနစ္ က်နမႈလား။
ေျဖ - ႏွစ္ခုလုံး ေျပာလို႔ ရပါတယ္။ နံပတ္တစ္က စိတ္ဓာတ္။ ေနာက္တစ္ခုက နည္းစနစ္ က်နမႈ၊ အမိန႔္နာခံမႈပါ။
ေမး - တိုက္ပြဲမွာ ပါဝင္တိုက္ခိုက္ခဲ့သူေတြက ဒီတိုက္ပြဲ အၿပီးမွာ ပိုၿပီး စည္းလုံး လာၾကမွာေပါ့။
ေမး - ပိုၿပီး စည္းလုံးလာပါတယ္။ ဘယ္လို ေခၚမလဲ ေသမတူ၊ ရွင္မကြာ စိတ္ဓာတ္ေတြ ပိုျပင္းထန္လာပါတယ္။ ကြၽန္ေတာ္က အရာရွိဆိုေပမယ့္ သူတို႔ နဲ႔ လက္ရည္တျပင္တည္း၊ တပူးတတြဲတည္း ညီအစ္ကို အရင္းေတြထက္ ခ်စ္ခင္လာၾကပါတယ္။
ေမး - တိုက္ခိုက္ေနၾကခ်ိန္မွာ မိသားစု စိုးရိမ္မႈက ဘယ္လို ရွိမလဲ။
ေျဖ - မိသားစုဝင္ေတြကို ၂၀၂၃ ခုႏွစ္တည္းက တျခားေနရာကို ေ႐ြ႕ထားပါတယ္။ တပ္ဖြဲ႕ဝင္ ေယာက်ာ္းသားေတြခ်ည္းပဲ က်န္ခဲ့ေတာ့ ေနာက္ဆံမတင္းပဲနဲ႔ တိုက္ပြဲဝင္ႏိုင္တယ္။ ဇနီးမယား၊ သားသမီးေတြက စိုးရိမ္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေျပာမွ သူတို႔က သိရတာ။ တစ္ခုေကာင္းတာက လူပ်ိဳလူလြတ္မ်ားတယ္။ အိမ္ေထာင္သည္ နည္းတယ္ ခင္ဗ်ာ။
ေမး - မိသားစုဝင္ေတြကိုေကာ ႀကဳံသမွ် ျပန္ေျပာျဖစ္လား။
ေျဖ - ကြၽန္ေတာ့္ အေနနဲ႔ကေတာ့ သမီးကို ေျပာျပျဖစ္တယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး အေသးစိတ္ မေျပာျပဘူး။ ငါတို႔ကို လာခ်တယ္၊ ငါတို႔ ျပန္ခ်တယ္၊ အေလာင္းရတယ္။ ႏိုင္ငံေတာ္က ငါတို႔ကို ဆုခ်တယ္ အဲဒီလိုေတာ့ ေျပာတယ္။ အေသးစိတ္ေတာ့ မေျပာပါဘူး။
ေမး - စိုးရိမ္စိတ္ ျဖစ္မွာ စိုးလို႔လား။
ေျဖ - ဟုတ္တယ္ စိုးရိမ္စိတ္ျဖစ္သြားႏိုင္တယ္။ ကြၽန္ေတာ္တို႔ က ေပါ့ေပါ့ပါးပါးပဲ ေျပာၾကတာေပါ့ခင္ဗ်ာ။ သူတို႔ ခဗ်ာ အေဝးမွာ စိတ္ပင္ပန္းမွာေလ။
ေမး - ေနာက္ပိုင္းေကာ စခန္းကို သူတို႔ ထပ္လုံးတာ ရွိေသးလား။
ေျဖ - အဲဒီေနာက္ပိုင္းက စၿပီးေတာ့ မရွိေတာ့ဘူး။ Drop bomb လာခ်တာေတာ့ ရွိတယ္။ လူႀကီးကလည္း ဒ႐ုန္း ျဖတ္စက္ ခ်ေပးထားပါတယ္။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ သမိုင္းမွာ မွတ္ေက်ာက္တင္ရမယ့္ တိုက္ပြဲ အတြက္ ဆုခ်ီးျမႇင့္ခံရတယ္လို႔ သိရပါတယ္။
ေျဖ - ဟုတ္ကဲ့ ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ကို တဆင့္တိုး ရာထူးေတြ ေပးပါတယ္ ခင္ဗ်ာ။ ၿပီးေတာ့ ရဲတပ္ဖြဲ႕ေန႔မွာ တိုင္း႐ုံးမွာ ကြၽန္ေတာ္တို႔ကို ဆုခ်ီးျမႇင့္ပါတယ္ခင္ဗ်ာ။ မႏွစ္ကလည္း မေကြးတိုင္းေဒသႀကီး အစိုးရကလည္း ဂုဏ္ထူးေဆာင္ ဆုေတြ ေပးပါတယ္ ခင္ဗ်ာ။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြကို အခုလို တိုက္ခိုက္ဖို႔ အတြက္ အဓိက စိတ္ဝင္ေစခဲ့တာက ဘာလို႔ ထင္ပါသလဲ။
ေျဖ - ႏိုင္ငံ့ခ်စ္စိတ္။
ေမး - ႏိုင္ငံ့ခ်စ္စိတ္နဲ႔ တိုက္ခိုက္ခဲ့ၾကတာေပါ့။
ေျဖ - ဟုတ္တယ္ ခင္ဗ်ာ။ ႏိုင္ငံ့ခ်စ္စိတ္၊ တပ္ဖြဲ႕ အေပၚမွာ သစၥာ ေစာင့္သိမႈ။ ကြၽန္ေတာ္တို႔ မယိမ္းယိုင္ဘူး။ ကြၽန္ေတာ္တို႔ အလံျဖဴ မေထာင္ဘူး။ အဲဒီလို စိတ္ဓာတ္ပါ။ ဒါကို ရဲရဲ ေျပာရဲပါတယ္။ ကိုယ့္လူေတြ အတြက္လည္း အာမခံရဲတယ္။
ေမး - ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တျခား တပ္ဖြဲ႕ဝင္ေတြကို ဘာမ်ား ေျပာခ်င္လဲ။
ေျဖ - တပ္ဖြဲ႕ အေပၚမွာ ေစတနာထားပါ။ ႏိုင္ငံ့အေပၚမွာ ေစတနာထားပါ၊ သစၥာ ရွိပါ။ ျမဴတမႈန႔္မွ မေဖာက္ပါေစနဲ႔။ အဲဒီအတြက္ သစၥာနဲ႔ ေစတနာက အက်ိဳးေပးပါတယ္။ အသက္အႏၲရာယ္လည္း ကာကြယ္ပါတယ္။ စိတ္ဓာတ္ကို မယိမ္းယိုင္းပါနဲ႔။ ကြၽန္ေတာ္တို႔လည္း အသက္နဲ႔၊ သူတို႔လည္း အသက္နဲ႔။ ကိုယ့္ဘက္က မာျပရင္ သူတို႔ဘက္က လန္သြားပါတယ္ ခင္ဗ်ာ။ အဓိက ေျပာခ်င္တာက သစၥာတရား။ သစၥာတရားရွိရင္ နတ္ေကာင္း နတ္ျမတ္ေတြက ေစာင့္ေရွာက္ပါတယ္ ခင္ဗ်ာ။
ေမး - အဓိက တိုင္းျပည္နဲ႔ လူမ်ိဳးအေပၚ သစၥာ ရွိဖို႔ေပါ့။
ေျဖ - မွန္တယ္ ခင္ဗ်ာ။ သစၥာ မေဖာက္မိေစနဲ႔။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။