အသက်နဲ့ဘေးကင်းရေးဆိုင်ရာအန္တရာယ်များကြောင့် အီရန်ဘောလုံးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မလာသင့်ဟု ဒေါ်နယ်ထရမ့် သတိပေး

254

Pika (NP News) - မတ် ၁၃
အီရန်အမျိုးသားဘောလုံးအသင်းအနေဖြင့် မကြာမီ မြောက်အမေရိကတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပါက ၎င်းတို့၏ အသက်နှင့်ဘေးကင်းရေးဆိုင်ရာအန္တရာယ်များရှိလာနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲရှိနေသော်လည်း အီရန်ကစားသမားများကို ကြိုဆိုသွားမည်ဟု ဖီဖာအကြီးအကဲဂျီယန်နီအင်ဖန်တီနိုက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဒေါ်နယ်ထရမ့်၏ သတိပေးပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်က "အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ကြိုဆိုသွားမှာပါ။ ဒါပေမယ့် သူတို့ရဲ့အသက်နဲ့ဘေးကင်းရေးတို့အတွက် အဲဒီနေရာမှာရှိနေဖို့က မသင့်တော်ဘူးလို့ ကျွန်တော်တကယ်ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၈)ရက်တွင် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်တိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်လာသောစစ်ပွဲသည် ကနေဒါ၊ မက္ကဆီကို နှင့် အမေရိကန်တို့ပူးတွဲကျင်းပမည့် ယခုနှစ်နွေရာသီအမျိုးသားဘောလုံးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်၏ ပါဝင်မှုအပေါ် သံသယများကိုဖြစ်ပေါ်လာစေခဲ့ကြောင်း သိရသည်။ထို့ပြင် အီရန်နိုင်ငံ၏ လက်ရှိအခြေအနေများကို ယခုသီတင်းပတ်အစောပိုင်းက အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ဆွေးနွေးခဲ့ကြောင်း ဖီဖာအကြီးအကဲဂျီယန်အင်ဖန်တီနိုက ပြောကြားခဲ့သည်။
ဂျီယန်အင်ဖန်တီနိုက "အမေရိကန်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ အီရန်အသင်းက ပါဝင်ယှဉ်ပြိုင်မှာကို ကြိုဆိုတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဂျီယန်အင်ဖန်တီနိုသည် ဖီဖာငြိမ်းချမ်းရေးဆုကို ဖန်တီးခဲ့ပြီး ဒေါ်နယ်ထရမ့်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အသက္နဲ႔ေဘးကင္းေရးဆိုင္ရာအႏၲရာယ္မ်ားေၾကာင့္ အီရန္ေဘာလုံးအသင္းက ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ မလာသင့္ဟု ေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - မတ္ ၁၃
အီရန္အမ်ိဳးသားေဘာလုံးအသင္းအေနျဖင့္ မၾကာမီ ေျမာက္အေမရိကတြင္က်င္းပမည့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ပါက ၎တို႔၏ အသက္ႏွင့္ေဘးကင္းေရးဆိုင္ရာအႏၲရာယ္မ်ားရွိလာႏိုင္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့သည္။
အေရွ႕အလယ္ပိုင္းစစ္ပြဲရွိေနေသာ္လည္း အီရန္ကစားသမားမ်ားကို ႀကိဳဆိုသြားမည္ဟု ဖီဖာအႀကီးအကဲဂ်ီယန္နီအင္ဖန္တီႏိုက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာတြင္ ေဒၚနယ္ထရမ့္၏ သတိေပးေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္က "အီရန္အမ်ိဳးသားေဘာလုံးအသင္းကို ကမာၻ႔ဖလားၿပိဳင္ပြဲကေန ႀကိဳဆိုသြားမွာပါ။ ဒါေပမယ့္ သူတို႔ရဲ႕အသက္နဲ႔ေဘးကင္းေရးတို႔အတြက္ အဲဒီေနရာမွာရွိေနဖို႔က မသင့္ေတာ္ဘူးလို႔ ကြၽန္ေတာ္တကယ္ယုံၾကည္ပါတယ္” ဟု ေျပာခဲ့သည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ အေမရိကန္-အစၥေရးတို႔၏ အီရန္အေပၚတိုက္ခိုက္မႈမ်ားေၾကာင့္ျဖစ္ေပၚလာေသာစစ္ပြဲသည္ ကေနဒါ၊ မကၠဆီကို ႏွင့္ အေမရိကန္တို႔ပူးတြဲက်င္းပမည့္ ယခုႏွစ္ေႏြရာသီအမ်ိဳးသားေဘာလုံးကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အီရန္၏ ပါဝင္မႈအေပၚ သံသယမ်ားကိုျဖစ္ေပၚလာေစခဲ့ေၾကာင္း သိရသည္။ထို႔ျပင္ အီရန္ႏိုင္ငံ၏ လက္ရွိအေျခအေနမ်ားကို ယခုသီတင္းပတ္အေစာပိုင္းက အိမ္ျဖဴေတာ္တြင္ ေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ေဆြးေႏြးခဲ့ေၾကာင္း ဖီဖာအႀကီးအကဲဂ်ီယန္အင္ဖန္တီႏိုက ေျပာၾကားခဲ့သည္။
ဂ်ီယန္အင္ဖန္တီႏိုက "အေမရိကန္မွာ က်င္းပမယ့္ ၿပိဳင္ပြဲမွာ အီရန္အသင္းက ပါဝင္ယွဥ္ၿပိဳင္မွာကို ႀကိဳဆိုတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္” ဟု ေျပာခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ဂ်ီယန္အင္ဖန္တီႏိုသည္ ဖီဖာၿငိမ္းခ်မ္းေရးဆုကို ဖန္တီးခဲ့ၿပီး ေဒၚနယ္ထရမ့္ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။