ကျောက်ဆည်တွင် အလှူလှည့်သည့် ဆင် ဓာတ်လိုက်မှုဖြစ်ပွား၍ ဆင်နှင့် ဆင်ဦးစီး သေဆုံးပြီ လူနှစ်ဦး ဒဏ်ရာရ

354

သန့်မင်းအိမ် (NP News) -မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာတွင် အလှူလှည့်လည်ရာတွင် ပါဝင်သည့် ဆင်တစ်ကောင် ဓာတ်လိုက်မှုဖြစ်ပွားပြီး ဆင်နှင့် ဆင်ဦးစီးဖြစ်သူ သေဆုံးခဲ့ကာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၄ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် လက်ဝဲစုကျေးရွာတွင် ကျင်းပသည့် ရှင်ပြုနှင့် နားသ မင်္ဂလာအလှူပွဲအတွက် အလှူလှည့်လည်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းရရှိချက်များအရ အလှူပွဲတွင် “ရွှေဇမ္ဗူအောင်” ဆင်အဖွဲ့မှ “ဖားလယ်နချဲ” အမည်ရှိ ဆင်ဖြင့် အလှူလှည့်လည်နေစဉ် လမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးနှင့် ထိမိရာမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်လိုက်မှုဖြစ်ပွားပြီးနောက် ဆင်မှာ အနီးရှိ ရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဆင်ပေါ်တွင် လိုက်ပါလာသည့် ဆင်ဦးစီးဖြစ်သူလည်း သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဆင်ပေါ်တွင် လိုက်ပါလာသည့် အလှူ့အမတစ်ဦးနှင့် နားသမင်္ဂလာ ပြုလုပ်မည့် သမီးငယ်တစ်ဦးတို့မှာ ပြင်းထန်သော ဓာတ်လိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သတိလစ်မေ့မြောသည့် အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္ဆည္တြင္ အလႉလွည့္သည့္ ဆင္ ဓာတ္လိုက္မႈျဖစ္ပြား၍ ဆင္ႏွင့္ ဆင္ဦးစီး ေသဆုံးၿပီ လူႏွစ္ဦး ဒဏ္ရာရ
သန႔္မင္းအိမ္ (NP News) -မတ္ ၁၅
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ လက္ဝဲစုေက်း႐ြာတြင္ အလႉလွည့္လည္ရာတြင္ ပါဝင္သည့္ ဆင္တစ္ေကာင္ ဓာတ္လိုက္မႈျဖစ္ပြားၿပီး ဆင္ႏွင့္ ဆင္ဦးစီးျဖစ္သူ ေသဆုံးခဲ့ကာ လူႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၁၄ ရက္ နံနက္ပိုင္းက ေက်ာက္ဆည္ၿမိဳ႕နယ္ လက္ဝဲစုေက်း႐ြာတြင္ က်င္းပသည့္ ရွင္ျပဳႏွင့္ နားသ မဂၤလာအလႉပြဲအတြက္ အလႉလွည့္လည္စဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
သတင္းရရွိခ်က္မ်ားအရ အလႉပြဲတြင္ “ေ႐ႊဇမၺဴေအာင္” ဆင္အဖြဲ႕မွ “ဖားလယ္နခ်ဲ” အမည္ရွိ ဆင္ျဖင့္ အလႉလွည့္လည္ေနစဥ္ လမ္းေဘးရွိ လွ်ပ္စစ္ဓာတ္ႀကိဳးႏွင့္ ထိမိရာမွ ဓာတ္လိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဓာတ္လိုက္မႈျဖစ္ပြားၿပီးေနာက္ ဆင္မွာ အနီးရွိ ေရေျမာင္းအတြင္းသို႔ ျပဳတ္က်ခဲ့ကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ၿပီး ဆင္ေပၚတြင္ လိုက္ပါလာသည့္ ဆင္ဦးစီးျဖစ္သူလည္း ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာၾကားသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဆင္ေပၚတြင္ လိုက္ပါလာသည့္ အလႉ႔အမတစ္ဦးႏွင့္ နားသမဂၤလာ ျပဳလုပ္မည့္ သမီးငယ္တစ္ဦးတို႔မွာ ျပင္းထန္ေသာ ဓာတ္လိုက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး သတိလစ္ေမ့ေျမာသည့္ အေျခအေနျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ကုသမႈခံယူေနရေၾကာင္း သိရသည္။