တရုတ်နိုင်ငံ၊ နည်းပညာမြို့တော် ရှန်ကျန်းရဲ့လမ်းဆုံတွေမှာ "စက်ရုပ်ယာဉ်ထိန်းရဲ" တွေ စတင်ထားရှိ

197

ရောင်နီ (NP News) - မတ် ၁၇
တရုတ်နိုင်ငံတောင်ပိုင်းရဲ့နည်းပညာအချက်အချာ နေရာဖြစ်တဲ့ ရှန်ကျန်းမြို့မှာ အနာဂတ်မြို့ပြ ပုံရိပ်သစ် တစ်ခုအဖြစ် "စက်ရုပ်ယာဉ်ထိန်းရဲ" တွေကို လမ်းဆုံလမ်းခွတွေနဲ့ ယာဉ်ကြောစီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ စတင် နေရာချထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ယခင်က လမ်းဘေးဘေးကင်းရေး ဝါဒဖြန့်ချိရေးအဆင့်မှာသာ ရှိခဲ့တဲ့စက်ရုပ်တွေဟာ ယခုအခါ မနက်ခင်း အလုပ်သွားချိန်တွေမှာ ယာဉ်ကြောထိန်းချုပ်သူတွေအဖြစ် အဆင့်မြှင့်တင် တာဝန်ယူနေပြီဖြစ်ပါတယ်။ စက်ရုပ် ဟာ သမားရိုးကျကိရိယာတွေလို မဟုတ်ဘဲ တိကျမှုရှိတဲ့ Joint Modules တွေကို အသုံးပြုထားတာကြောင့် တည့် တည့်သွားဖို့၊ ကွေ့ဖို့နဲ့ ရပ်တန့်ဖို့ စတဲ့ လက်ဟန်ခြေဟန်တွေကို ယာဉ်ကြောမီးပွိုင့်တွေနဲ့အတူ အချိန်နဲ့တပြေးညီ ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ၄င်းမှာ ထည့်သွင်းထားတဲ့ Visual AI Recognition System ဟာ လမ်းဆုံတစ်ခုလုံးကို စောင့်ကြည့်နိုင်ပြီး "Identify-Warn-Persuade" စနစ်နဲ့ ဦးထုပ်မဆောင်းတဲ့ e-bike စီးနင်းသူတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ စည်းကျော်ရပ်နားတဲ့ ယာဉ်တွေကို သတိပေးခြင်း၊ အသံချဲ့စက်မှတစ်ဆင့် သတိပေးချက် (Whisper) ထုတ်ပြန်ခြင်းနဲ့ ပြင်ဆင်ဖို့ လက်ဟန်ပြသခြင်းတို့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံရဲ့နည်းပညာထိပ်သီးမြို့ဖြစ်တာနဲ့အညီ ယခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာအရ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (R&D) ရင်းနှီးမြှုပ်နှံမှုမှာ ၆.၆၇ ရာခိုင်နှုန်း အထိရှိနေပြီး ဒါဟာ တရုတ်နိုင်ငံရှိ မြို့အားလုံးမှာ အမြင့်ဆုံးပဲဖြစ်ပါတယ်။
စက်မှုလုပ်ငန်းလေ့လာသူတွေရဲ့အဆိုအရ ၂၀၂၅ ခုနှစ်ရဲ့ကမ္ဘာလုံးဆိုင်ရာ Humanoid Robot (လူသားပုံစံတူစက်ရုပ်) တင်ပို့မှု ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရယူထားပြီး Morgan Stanley ရဲ့ခန့်မှန်းချက် အရ ၂ဝ၂၆ ခုနှစ်မှာ အဲဒီနယ်ပယ်ရဲ့ရောင်းအား နှစ်ဆတိုးလာမယ်လို့ ယူဆရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ နည္းပညာၿမိဳ႕ေတာ္ ရွန္က်န္းရဲ႕လမ္းဆုံေတြမွာ "စက္႐ုပ္ယာဥ္ထိန္းရဲ" ေတြ စတင္ထားရွိ
ေရာင္နီ (NP News) - မတ္ ၁၇
တ႐ုတ္ႏိုင္ငံေတာင္ပိုင္းရဲ႕နည္းပညာအခ်က္အခ်ာ ေနရာျဖစ္တဲ့ ရွန္က်န္းၿမိဳ႕မွာ အနာဂတ္ၿမိဳ႕ျပ ပုံရိပ္သစ္ တစ္ခုအျဖစ္ "စက္႐ုပ္ယာဥ္ထိန္းရဲ" ေတြကို လမ္းဆုံလမ္းခြေတြနဲ႔ ယာဥ္ေၾကာစီမံခန႔္ခြဲမႈလုပ္ငန္းေတြမွာ စတင္ ေနရာခ်ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ယခင္က လမ္းေဘးေဘးကင္းေရး ဝါဒျဖန႔္ခ်ိေရးအဆင့္မွာသာ ရွိခဲ့တဲ့စက္႐ုပ္ေတြဟာ ယခုအခါ မနက္ခင္း အလုပ္သြားခ်ိန္ေတြမွာ ယာဥ္ေၾကာထိန္းခ်ဳပ္သူေတြအျဖစ္ အဆင့္ျမႇင့္တင္ တာဝန္ယူေနၿပီျဖစ္ပါတယ္။ စက္႐ုပ္ ဟာ သမား႐ိုးက်ကိရိယာေတြလို မဟုတ္ဘဲ တိက်မႈရွိတဲ့ Joint Modules ေတြကို အသုံးျပဳထားတာေၾကာင့္ တည့္ တည့္သြားဖို႔၊ ေကြ႕ဖို႔နဲ႔ ရပ္တန႔္ဖို႔ စတဲ့ လက္ဟန္ေျခဟန္ေတြကို ယာဥ္ေၾကာမီးပြိဳင့္ေတြနဲ႔အတူ အခ်ိန္နဲ႔တေျပးညီ ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္စြမ္း ရွိပါတယ္။ ၄င္းမွာ ထည့္သြင္းထားတဲ့ Visual AI Recognition System ဟာ လမ္းဆုံတစ္ခုလုံးကို ေစာင့္ၾကည့္ႏိုင္ၿပီး "Identify-Warn-Persuade" စနစ္နဲ႔ ဦးထုပ္မေဆာင္းတဲ့ e-bike စီးနင္းသူေတြကို ရွာေဖြေဖာ္ထုတ္ျခင္း၊ စည္းေက်ာ္ရပ္နားတဲ့ ယာဥ္ေတြကို သတိေပးျခင္း၊ အသံခ်ဲ႕စက္မွတစ္ဆင့္ သတိေပးခ်က္ (Whisper) ထုတ္ျပန္ျခင္းနဲ႔ ျပင္ဆင္ဖို႔ လက္ဟန္ျပသျခင္းတို႔ ျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။
ရွန္က်န္းၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံရဲ႕နည္းပညာထိပ္သီးၿမိဳ႕ျဖစ္တာနဲ႔အညီ ယခုႏွစ္ အစိုးရလုပ္ငန္းအစီရင္ခံစာအရ သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး (R&D) ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ၆.၆၇ ရာခိုင္ႏႈန္း အထိရွိေနၿပီး ဒါဟာ တ႐ုတ္ႏိုင္ငံရွိ ၿမိဳ႕အားလုံးမွာ အျမင့္ဆုံးပဲျဖစ္ပါတယ္။
စက္မႈလုပ္ငန္းေလ့လာသူေတြရဲ႕အဆိုအရ ၂၀၂၅ ခုႏွစ္ရဲ႕ကမာၻလုံးဆိုင္ရာ Humanoid Robot (လူသားပုံစံတူစက္႐ုပ္) တင္ပို႔မႈ ၉ဝ ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံက ရယူထားၿပီး Morgan Stanley ရဲ႕ခန႔္မွန္းခ်က္ အရ ၂ဝ၂၆ ခုႏွစ္မွာ အဲဒီနယ္ပယ္ရဲ႕ေရာင္းအား ႏွစ္ဆတိုးလာမယ္လို႔ ယူဆရပါတယ္။