တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ် ၁၄ဝဝ ဘီလီယံထုတ်ချေးပေးမည်

 684

ဖူးပြည့် ( NP News ) - ဇွန် ၉
တောင်သူ ၁ ဒသမ ၆ သန်းကျော်အတွက် ၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ် ၁၄ဝဝ ဘီလီယံကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေသည် စိုက်ဧက ၁ဝသန်းကျော်အတွက်ဖြစ်ကြောင်း သိရသည်။

“၂ဝ၂ဝ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ အကျေပေးဆပ်ပြီးတဲ့ တောင်သူတွေကိုဦးစားပေးထုတ် ချေးပေးသွားမှာဖြစ်ပါတယ်။ မိုးချေးငွေထုတ်ချေးနေစဉ်ကာလအတွင်း လာရောက်ပေးဆပ်သူတောင်သူတွေကိုလည်း သတ်မှတ်ကာလအထိ ဆက်လက်ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်”ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိုးစပါးချေးငွေအဖြစ် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲမျိုးစုံ အပါအဝင် အခြားသီးနှံ ၁၃မျိုးတို့ကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂ဝ၂ဝ မိုးချေးငွေနောက်ဆုံးပေး ဆပ်ရန်ကာလကိုလည်း ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်အစား ၂ဝ၂၁ ခုနှစ် ဇူလိုင်လကုန်အထိ တိုးမြှင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။ ဘဏ်စည်းကမ်းလိုက်နာသူ တောင်သူများအနေဖြင့် ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေအပြင် နှစ်တို နှင့် နှစ်လတ်ချေးငွေများဖြစ်သည့် စိုက်ပျိုးရေးနှင့်ကျေး လက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေများကိုပါ ထုတ်ချေးရ ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကလည်း ၂ဝ၂ဝ ပြည့်နှစ် စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမည့်ရက်ကို ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၅ ရက်အဖြစ် တစ်နှစ်တိတိ သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်ထားပြီး အဆိုပါ ကာလအတွက် ဒဏ်တိုးပေးဆောင်ရန် မလိုအပ် သည့်အပြင် ချေးငွေအပေါ်ပုံမှန်ကောက်ခံသည့် အတိုး ၅ရာခိုင်နှုန်းအားလည်း ကင်းလွတ်ခွင့်ပြုထားကြောင်း ထုတ်ပြန်ထားသည်။

photo: world bank
#NPNews

Related news

© 2021. All rights reserved.