လူထုခေါင်းဆောင်အတွက် မွေးနေ့လက်ဆောင်အဖြစ် ပြည်သူများက စည်းလုံးခြင်းကိုအဓိကထားပြီး ဒီမိုကရေစီပန်းတိုင်သို့ အရောက်သွားရမည်ဟုသရုပ်ဆောင်ဒေါင်းပြော

 1462

NP News - ဇွန် ၁၉
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၆ နှစ်ပြည့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော်တို့ပြည်သူအားလုံး စည်းလုံးခြင်းကို အဓိကထား၍ ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားကြရအောင်ဟု သရုပ်ဆောင်ဒေါင်းက တိုက်တွန်းစကားဆိုလိုက်သည်။

လူထုခေါင်းဆောင်၏ မွေးနေ့ရက်မြတ်တွင် ပြည်သူများသည် ဆံကေသာထက်၌ ပန်းပန်၍ ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြပြီး အချို့သောနေရာများတွင် မွေးနေ့အမှတ်တရအလှူအဖြစ် စတုဒီသာအလှူပွဲများ ပြုလုပ်ခဲ့ကြသည်။

“အမေစုရဲ့ အသက် ၇၆ နှစ်ပြည့်မွေးနေ့မှသည် အမေစုကျန်းမာပါစေ။ အခုလိုအခြေအနေမျိုးနဲ့ နောက်ဘယ်တော့မှ ထပ်မကြုံတွေ့ပါစေနဲ့လို့ အရင်ဦးဆုံးဆုတောင်းပါတယ်” ဟု သရုပ်ဆောင်ဒေါင်းက ဆုတောင်းစကားဆိုခဲ့သည်။
ထို့ပြင် ပြည်သူများသည် လူထုခေါင်းဆောင်မျှော်မှန်းထားသော “ပြည်သူသာလျှင် ပထမဆိုသော ငြိမ်းချမ်းသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး” ကို ပြန်ယူပေးနိုင်ရန် အတူတကွ ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင် ပြည်သူများမှဖမ်းဆီးခံထားရသော လူထုခေါင်းဆောင်နှင့်တကွ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ ဖမ်းဆီးခံ ပြည်သူများအားလုံး အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေဟူသော ဆုတစ်ခုတည်းကိုသာ မွေးနေ့ဆုအဖြစ်တောင်းခဲ့ကြသည်။
#NPNews

Related news

© 2021. All rights reserved.