တရုတ်ဆေး၊ ရုရှားဆေးဟူ၍ ဝိဝါဒမကွဲဘဲ ကာကွယ်ဆေးကို ပြည်သူ့ရပိုင်ခွင့်အတိုင်းထိုးနှံကြရန် အရပ်ဘက်ဆရာဝန်အချို့ တိုက်တွန်း
1151
အေဝိုင်အီး (NP News) - ဇူလိုင် ၂၈
တရုတ်ဆေး၊ ရုရှားဆေး၊ အမေရိကန်ဆေးဟူ၍ မခွဲခြားဘဲ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်များတွင် ဝင်ရောက်၍ဆေးထိုးခံသင့်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကသာလျှင် အကောင်းဆုံးသောကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးက အကြံပြုပြောကြားလိုက်သည်။
မြန်မာပြည်သူများကြားတွင် ကိုဗစ်ကာကွယ်ထိုးဆေးနှင့်ပတ်သက်၍ ဝိဝါဒကွဲပြားသူများရှိနေပြီး တရုတ်ဆေးကို ယုံကြည်မှုမရှိသောကြောင့် မထိုးချင်သောအုပ်စု၊ စစ်ကောင်စီက ထိုးနှံပေးခြင်းကို လက်မခံချင်သောအုပ်စုနှင့် အမေရိကန်ဆေးမျှော်အုပ်စုဟူ၍ အတန်းအစားကွဲပြားလာခြင်းလည်း ဖြစ်သည်။
“ ကာကွယ်ဆေးတစ်ခုနဲ့တစ်ခုကြားမှာ မတူတာတွေရှိနိုင်တယ်။ ပိုးအမျိုးအစားပေါ်မူတည်ပြီး ဘယ်ဆေးက ပိုနိုင်တယ်ဆိုတာမျိုးလည်း ရှိနိုင်တယ်။ သို့သော်လည်း ကျွန်တော်တစ်ခုတည်းပြတ်ပြတ်သားပြောချင်တာက မထိုးတာထက်စာရင် အကုန်ကောင်းတယ်။ ဝိဝါဒသိပ်မကွဲဘဲနဲ့ ကိုယ်ရရမယ့်အခွင့်အရေးကို ယူသင့်တယ်။ မထိုးထားရင်တော့ ဗိုင်းရပ်စ်မျိုးကွဲလေးမျိုးလုံးကို မကာကွယ်နိုင်ဘူးဆိုတာ သေချာတယ်။ ဖြစ်ရင် သေချာပေါက်ပြင်းပြင်းထန်ထန်ခံစားရမယ်။ ထိုးထားလိုက်ရင်တော့ ဖြစ်လာရင်တောင် ပြင်းထန်စွာမခံစားရသလို ပြန်ကောင်းဖို့ရာခိုင်နှုန်းအများဆုံးပဲ။ ကာကွယ်ဆေးထိုးခြင်းရဲ့ရည်ရွယ်ချက်က အဓိကအားဖြင့် နှစ်မျိုးပဲရှိတယ်။ တစ်ကမ္ဘာလုံးမှာ။ ထိုးထားသူမှာ ရောဂါဖြစ်ရင် မပြင်းထန်ဖို့နဲ့ အဲဒီလူဆီကနေ နောက်ထပ်ရောဂါမကူးစက်ဖို့ပဲ ရည်ရွယ်ထားတာ။ အဓိကက ကာကွယ်ဆေးထိုးရင် ပြန်မဖြစ်ရဘူးဆိုတဲ့ Concept က လွဲနေတယ် ” ဟု ကိုဗစ်ကုသရေးဆိုင်ရာအကြံပေးဆရာဝန် ဒေါက်တာ ပြည့်ထူးက ပြောသည်။
တရုတ်ထုတ်၊ ရုရှားထုတ်၊ အိန္ဒိယထုတ်နှင့် အမေရိကန်အပါအဝင် အခြားသောနိုင်ငံအသီးသီးက ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးများတွင် တူညီသောအချက်မှာ ကာကွယ်ဆေးထိုးထားသူက မထိုးထားသူထက် ခုခံကာကွယ်နိုင်စွမ်းရည်ပိုမိုမြင့်မားနေခြင်းပင် ဖြစ်ကြောင်းလည်း ဆိုသည်။ WHO ၏ ထုတ်ပြန်အသိပေးထားမှုတွင်လည်း ကာကွယ်ဆေးထိုးထားသူအချင်းချင်းသည် Mask မပါဘဲ စကားထိုင်ပြောနိုင်နေပြီဖြစ်ကြောင်း အတိအလင်းဖော်ပြလာနေပြီဟု ဆိုသည်။ “ တစ်ခုတည်းသောအဖြေက ကာကွယ်ဆေးထိုးဖို့ပါပဲ။ ကာကွယ်ဆေးထိုးထားသူရဲ့ကိုယ်ခံအားက နှစ်နဲ့ချီပြီတော့လည်း တက်လာနိုင်တယ်။ ဘာကိစ္စ၊ ဘာအရောင်တွေအပေါ်မှာမှ မစဉ်းစားဘဲ ကိုယ့်ပြည်သူတစ်ဦးချင်း ရပိုင်ခွင့်အရ ကာကွယ်ဆေးကို ထိုးထားဖို့ လိုပါတယ်။ ကိုယ့်ဘက်က အရမ်းကို ကျန်းမာရေးအသိပညာမြင့်နေပြီး ငွေလည်း အကုန်ခံပြီး ကုနိုင်လို့ မထိုးချင်ဘူးဆိုလည်း မထိုးနဲ့ပေါ့လေ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်သူအများစု ဆင်းရဲနွမ်းပါးမှုနှင့်အတူ ကိုဗစ်တတိယလှိုင်းကြောင့် စိတ်ပူပန်ရမှုများစွာ ဖြစ်လာနေပြီး အခြားတစ်ဖက်တွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးသင့်မသင့်ကိစ္စကပါ ထပ်မံဝင်ရောက်လာနေပြီလည်း ဖြစ်သည်။ အထူးသဖြင့် စစ်ကောင်စီဘက်က ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ပြီး ယခင်အစိုးရလက်ကထက် အိန္ဒိယနိုင်ငံမှ ဝယ်ယူထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ဝယ်ယူထားသည့်နိုင်ငံများမှာ တရုတ်နှင့်ရုရှားမှ ဖြစ်နေသောကြောင့် တရုတ်ဆေးကို စိုးရိမ်သည်ဆိုသော လှုံ့ဆော်မှုများလည်း ဖြစ်လာနေသည်။
#NPNews