PDF စစ်သည်တစ်ဦးအဖြစ် ခံယူလိုက်ပြီဖြစ်တဲ့အတွက် သေသွားရင်လည်း ကျေနပ်တယ်လို့ အဆိုတော် မိုင်းမိုင်ဆိုင်းပြော

 2150

NP News - သြဂုတ် ၄

အဆိုတော် မိုင်းမိုင်ဆိုင်းက သူကိုယ်တိုင် PDF စစ်သည်တစ်ဦးအဖြစ် ခံယူလိုက်ပြီး နောက်ဆက်တွဲ ရင်ဆိုင်ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေကိုကြိုသိထားပြီးဖြစ်တဲ့အပြင် အသက်သေသွားရင်တောင် ကျေနပ်စွာ ခံယူမယ်လို့ ဆိုလာပါတယ်။

PDF တပ်ဖွဲ့ထဲဝင်သွားတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းကို သူရဲ့မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်ပေါ်မှာ လွတ်မြောက်နယ်မြေက ပုံတွေတင်တာနဲ့ပတ်သက်ပြီး သူမရဲ့နောင်ရေးအတွက် စိတ်မပူဘူးလား၊ သီချင်းဆို မစားတော့ဘူးလားလို့ မေးမြန်းခဲ့တဲ့အပေါ် သူမက အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ဟာ PDF စစ်သားတစ်ယောက်ပါ။ ဘဝအတွက် ဘာမှကို မဖြစ်ချင်တော့တာပါ။ ကျွန်တော့်လိုပဲ အားလုံးစွန့်လွတ်ပြီး PDF ထဲ ဝင်လာသူ ညီအစ်ကို မောင်နှမများစွာရှိပါတယ်။ ကျွန်တော့်ထက်တောင် အရင်းအနှီးကြီးတဲ့သူတွေ ဒုနဲ့ဒေးပါ။ မိဘတွေ ကိုဗစ်ကြောင့် ဆုံးသွားတဲ့ မောင်နှမတွေအများကြီးပါ။ ထပ်တူကြေကွဲရပါတယ်။ ကျွန်တော်က ဒိတ်ဒိတ်ကြဲ နာမည်ကြီး မဟုတ် ပေမယ့် အရှိန်အဝါဘာမှမရှိပေမယ့် အတူတူစွန့်လွတ်စွန့်စားနေတဲ့ ရဲဘော်ရဲဖက်သူငယ်ချင်းများအားလုံး နည်းနည်းလေးဖြစ်ဖြစ်အား တက်သွား စေချင်လို့ တင်တာပါ။ ခင်ဗျားတို့ပဲ မဟုတ်ပါဘူး ကျွန်တော်လည်း ခင်ဗျား တို့နဲ့အတူတူပါဆိုတာကို သိစေချင်တာပါ။ PDF မောင်နှတွေ စိတ်ဓာတ်မကျကြေး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

မိုင်းမိုင်ဆိုင်းက သူမဟာ ဂီတသမားတစ်ယောက်ဖြစ်တဲ့အတွက် ဖြတ်သန်းခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ မြန်မာ နိုင်ငံအနှံ့ပတ်ပြီး သီချင်းတွေဆိုရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက နေရာတော်တော်များများကိုလည်း ရောက်ခဲ့ ဖူးပြီးပြီ၊ မရောက်ဖူးတဲ့ကမ်းခြေမရှိသလောက် ရောက်ခဲ့ဖူးပြီးပြီ၊ ဘဝမှာ ပျော်ခဲ့ဖူးပြီးပြီ၊ နိုင်ငံခြားခရီးစဉ်တွေ လည်း သူများတွေထက် သွားဖူး ရောက်ဖူးပြီးပြီ၊ အစားကောင်းတွေလည်း စားခဲ့ဖူးပြီးပြီ။ အဲဒီတော့ ကျွန်တော့် ဘဝအတွက် လုံလောက်နေပါပြီ။ ရရှိခဲ့ဖူးတဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ပြန်တမ်းတမိရုံကလွဲလို့ ရောင့်ရဲနိုင်နေပါ ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ထက်ပိုပြီး စွန့်လွှတ်ပေးဆပ်ထားတဲ့ အဆိုတော် သရုပ်ဆောင် မင်းမော်ကွန်း၊ ကျားပေါက်နဲ့ မိတ်ကပ် မေဦး၊ အလှမယ် ထားထက်ထက်၊ အဆိုတော် နိုဗန်ထူး တို့နဲ့ယှဉ်ရင် သူ့ရဲ့စွန့်လွှတ်မှုဟာ ဘာမှမပြောပလောက် ပါဘူးလို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူအားလုံးလိုချင်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့နေ့၊ တိုင်းပြည်အေးချမ်းတဲ့နေ့ရောက်ရင်တော့ ပြန်လာလို့ရရင် ပြန်လာမှာဖြစ်ပြီး၊ ပြန်လာလို့ မရရင်လည်း တောင်ပေါ်ဒေသမှာ စိုက်ခင်းလေးတွေ စိုက်ပျိုးပြီး သီချင်းလေးတွေဖန်တီးရင်းနဲ့ အေးအေးချမ်းချမ်းလေးပဲ နေသွားဖြစ်လိမ့်မယ်လို့ အသိပေးထားပါတယ်။
အကယ်၍များ သူ့အနေနဲ့ PDF တပ်ဖွဲ့ထဲမှာနေပြီး စစ်အာဏာရှင်ကိုတိုက်ရင်း အသက်ပေးဆပ်လိုက်ရလည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပြီးပြီမို့ ကျေကျေနပ်နပ်ပဲ သေဆုံးသွားမှာပါလို့ ဆိုပါတယ်။
#NPNews

Related news

© 2021. All rights reserved.