ရွှေစွန်ညို ဘာကိုလိုလို့ ဝဲတယ် ( အမေရိကန်-တရုတ်နဲ့ ကမ္ဘာ့အရေး)

 2046

ကိုလှိုင် (NP News) - သြဂုတ် ၇
အခုတလော အင်ဒိုပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက အတော်ကလေး စိတ်ဝင်တစားနဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေ ပြုလုပ်လာတာ သတိထားမိပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒင်တက်လာပြီးတဲ့နောက် မဟာဗျူဟာပြိုင်ဘက်ဖြစ်တဲ့တရုတ်ကို ဦးတည်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့တယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ မတ်လမှာ အမေရိကန်၊ဂျပန်၊ အိန္ဒိယနဲ့ ဩစတေလျ တို့ပါဝင်တဲ့ QUAD လေးပွင့်ဆိုင်အလွတ်သဘော လုံခြုံရေးထိပ်သီး အစည်းအဝေးတစ်ခုကို ဗီဒီယိုကွန်ဖရင့် နည်းလမ်းနဲ့ ပြုလုပ်နိုင်တာကလွဲပြီး သိပ်ထူးခြားတဲ့လှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။
မေလထဲမှာတော့ အမေရိကန်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အရှေ့အလယ်ပိုင်းခရီးစဉ်အသွားမှာ လေယာဉ်ပေါ်ကနေ အွန်လိုင်းကတဆင့် ပြုလုပ်ဖို့စီစဉ်ခဲ့ပေမဲ့ နည်းပညာချွတ်ယွင်းချက်ကြောင့် မအောင်မြင်ခဲ့ပါဘူး။ သိပ်မကြာခင် ဇွန်လဆန်းပိုင်းမှာ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်က ချုံကျင်းမှာ တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ဖို့ အောင်အောင်မြင်မြင်ဖိတ်ကြားဆောင်ရွက်နိုင်ခဲ့တော့ အမေရိကန်အတွက် မသက်မသာ ဖြစ်သွားခဲ့ပုံရပါတယ်။ အဲဒီနောက်တော့ ဆက်တိုက်ဆိုသလိုပဲ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေ အင်ဒိုပစိဖိတ်ဒေသကို ခြေစကြာလှည့်လာခဲ့ကြတာတွေ့ရပါတယ်။ သတိထားမိသလောက်ကတော့ မေလကုန်နဲ့ ဇွန်လဆန်းမှာပဲ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမင်းဟာ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို အလွတ်သဘောခရီးစဉ် သွားရောက်ခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ တစ်ချိန်တည်းလောက်မှာပဲ ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီဟာ ဂျပန်၊ကိုရီးယား၊တရုတ်နဲ့ မွန်ဂိုလီးယားတို့ကို သွားရောက်ခဲ့တာတွေ့ရပါတယ်။ တစ်ချိန်တည်းမှာ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို သွားရောက်ခဲ့ပါတယ်။ ဩဂုတ်လထဲမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကိုယ်တိုင် တက်ရောက်ပါတယ်။ ဩဂုတ်လကုန်ပိုင်းမှာတော့ အမေရိကန်ဒုသမ္မတ ကင်မလာ ဟဲရစ်ဟာ စင်္ကာပူနဲ့ ဗီယက်နမ်ကို သွားရောက်ဖို့ ရှိကြောင်းသိရပါတယ်။
ဒီလို သံတမန်ရေးရာလှုပ်ရှားမှုတွေ ခြေလှမ်းစိပ်လာသလို စစ်ရေးအပိုင်းမှာလည်း ထူးထူးခြားခြား သတိထားမိစရာလေးတွေ ရှိလာပါတယ်။ ဩဂုတ်လကုန်ပိုင်းမှာ အမေရိကန်ဦးဆောင်ပြီး ပစိဖိတ်သမုဒ္ဒရာမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Malabar မာလာဘာ ရေတပ်လေ့ကျင့်ခန်းကို ပြုလုပ်သွားမှာဖြစ်ပြီး၊ အဲဒီလေ့ကျင့်ခန်းမှာ QUAD အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ဂျပန်၊ အိန္ဒိယနဲ့ ဩစတေလျတို့အပြင်၊ ဗြိတိန်၊ပြင်သစ်နဲ့ ထူးထူးခြားခြား ဂျာမနီ ဖရီးဂိတ်တစ်စီးလည်း ပါဝင်လာဖို့ရှိပါတယ်။ နှစ်နိုင်ငံချင်း စစ်ရေး ပူးတွဲလုပ်ဆောင်မှုတွေမှာတော့ ဒေသတွင်းမှာ သိသိသာရှိနေတာက အင်ဒိုနီးရှားပါ။ အင်ဒိုနီးရှားဟာ စင်္ကာပူကနေ လှမ်းမြင်နေရတဲ့ မလက္ကာရေလက်ကြားထိပ်က ဘာတမ်ကျွန်းမှာ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ ဒေါ်လာ ၃.၅သန်းတန် ရေကြောင်းလုံခြုံရေး လေ့ကျင့်ရေးစခန်းတစ်ခု ဇူလိုင်လကစပြီး စတင်ဆောက်လုပ်နေသလို၊ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်လက်အောက်က အမှတ်၂၅ ခြေလျင်တပ်မနဲ့ ပူးပေါင်းပြီးတော့လည်း ဩဂုတ်လဆန်းပိုင်းကစပြီး တပ်အင်အား ၄၀၀၀ ကျော်ပါဝင်တဲ့ စစ်ရေး လေ့ကျင့်ခန်းတစ်ခု လုပ်ဆောင်နေပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အကြီးအကျယ်မြင့်တက်နေတဲ့အချိန်မှာပဲ နှစ်နိုင်ငံအကြား အင်အားအများဆုံးပါဝင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားဟာ ဂျပန်နိုင်ငံနဲ့ ပူးတွဲပြီးတော့ အင်ဒိုနီးရှားရဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေမှာ စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့ သဘောတူထားပြီး ဂျပန်ဆီက စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်နည်းပညာတွေ ရယူနိုင်ဖို့လည်း ပြီးခဲ့တဲ့ မတ်လက နှစ်ဘက်သဘောတူထားတယ်လို့ ဆိုပါတယ်။ သတင်းတစ်ရပ်ကတော့ အင်ဒိုနီးရှားဟာ ဂျပန်ဆီက ဒေါ်လာ ၃.၅ ဘီလျံတန်ခေတ်မီ stealth ကိုယ်ပျောက် ဖရီးဂိတ်(၈)စီး ဝယ်ယူဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

ဒီအနေအထားတွေကို ပထဝီနိုင်ငံရေးအမြင်နဲ့ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှဒေသမှာ အမေရိကန်တွေ အဓိကထားနေတဲ့ မဟာမိတ်တွေက အင်ဒိုနီးရှား၊ စင်္ကာပူ၊ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တို့ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ စင်္ကာပူနဲ့ ဖိလစ်ပိုင်တို့က လက်ရှိအားဖြင့် အမေရိကန်တပ်ဖွဲ့တွေကို လက်ခံထားတာဖြစ်ပြီး အင်ဒိုနီးရှားကတော့ ဘာတမ်ကျွန်းက စခန်းပြီးရင် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့တွေရောက်လာတော့မှာ ဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ တရုတ်နဲ့ နယ်မြေချင်းဆက်နေလို့ အဲဒီလို လက်ခံထားဖို့ မလွယ်ပေမယ့် အမေရိကန်စစ်သင်္ဘောတွေ လာရောက်ဆိုက်ကပ်တာမျိုးတွေတော့ ရှိနေတာဖြစ်ပါတယ်။

ဒီလေးနိုင်ငံရဲ့ တည်နေရာတွေကလည်း ပထဝီနိုင်ငံရေးမှာ Mahan ရဲ့ Sea Power သီအိုရီအရ တရုတ်ကို ထိန်းချုပ်ဖို့ ပင်လယ်ရေကြောင်းမှာ အချက်အခြာနေရာတွေကို ပိုင်ဆိုင်ထားတာ တွေ့ရမှာပါ။ စင်္ကာပူနဲ့ အင်ဒိုနီးရှားပိုင် ဘာတမ်ကျွန်းကို ထိန်းလိုက်ရင် မလက္ကာရေလက်ကြားကို ချုပ်ကိုင်နိုင်မှာဖြစ်သလို၊ ဘာလီနဲ့ လွန်ဘောက်ကျွန်းနှစ်ကျွန်းကြားကလွန်ဘောက်ရေလက်ကြား၊ ဂျာဗားနဲ့ ဆုမတြားအကြားက ဆုန္ဒြာ ရေလက်ကြားတွေက နက်လည်းနက် ကျယ်လည်းကျယ်တဲ့အတွက် အရွယ်အစားကြီးမားတဲ့ ရေနံတင်သင်္ဘောနဲ့ ကုန်သင်္ဘောကြီးတွေ စစ်သင်္ဘောကြီးတွေအတွက် ဖြတ်သွားဖို့ အထူးသင့်တော်ပါတယ်။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကတော့ တောင်တရုတ်ပင်လယ်တစ်ဘက်တစ်ချက်မှာရှိပြီး ဖိလစ်ပိုင်ဟာ ရှေးကတည်းက တရုတ်ပြည်ဝင်ပေါက်ခြေကုပ်အဖြစ် အရေးပါတာကြောင့် အမေရိကန်တွေက စပိန်နဲ့ စစ်ပွဲအပြီးမှာ စစ်နိုင်သူအနေနဲ့ ဂူအမ်၊ ပွာတိုရီကိုတို့နဲ့အတူ စပိန်ကိုလိုနီဖြစ်တဲ့ ဖိလစ်ပိုင်ကျွန်းစုကို ဒေါ်လာ သန်း၂၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ တရုတ်အတွက်ကတော့ အမေရိကန်ရဲ့လှုပ်ရှားမှုတွေဟာ သူ့နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနေပြီး၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကို တင်းတင်းမာမာ တုန့်ပြန်လာတာ တွေ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး ဝင်ဒီနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်အနေနဲ့ တရုတ်နဲ့ဆက်ဆံရေးမှာ မကျော်သင့်တဲ့ စည်းသုံးတန်ကို ပြောကြားသတိပေးခဲ့ပါတယ်။ အဲဒါတွေကတော့ အမေရိကန်အနေနဲ့ တရုတ်ရဲ့စနစ်နဲ့ လမ်းစဉ်ကို စိန်ခေါ်၊ အပုပ်ချ၊ ဖျက်လိုဖျက်ဆီး မလုပ်ဖို့၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောက်ယှက်ဟန့်တားတာမလုပ်ဖို့၊ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတွေကို ချိုးဖောက်တာမျိုးမလုပ်ဖို့ တို့ပဲ ဖြစ်ပါတယ်။ ဝမ်ယီက အမေရိကန်တွေအနေနဲ့ တရုတ်ကို စိတ်ကူးထဲက ရန်သူအဖြစ်ပုံဖော်နေတာကို ရပ်တံ့ဖို့ပြောခဲ့ပြီး "တရုတ်ကို ဒီလိုဖိအားပေးနေတဲ့ မူဝါဒကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘာကောင်းကျိုးများ ရစရာရှိလို့လဲ" ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်အပေါ် တရုတ်တွေက ထူးထူးခြားခြားအပေါ်စီးကနေ ပြောဆိုခဲ့တာဖြစ်ပြီး သူတို့ကိုယ်သူတို့ အခိုင်အမာယုံကြည်မှု ရှိနေတာကို ပြသနေပါတယ်။

ဒါ့အပြင် ဝမ်ယီဟာ ဩဂုတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ East Asia Summit (EAS) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေက တရုတ်ပြည်ရဲ့ ရှင်းကျန်ပြည်နယ်နဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်တာတွေကိုလည်း ကြက်ခေါင်းဆိတ်မခံ ချက်ချင်းစကားပြောခွင့် floor ပြန်တောင်းပြီး တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။ ရှင်းကျန်နဲ့ပတ်သက်လို့ ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားနေတာကိုထောက်ပြပြီး "ဒါကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ဘယ်လိုပြောနိုင်မှာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ "အမေရိကန်တွေ ဟိုးတုန်းက ရက်စ်အင်ဒီယန်းတွေကို အစုလိုက်အပြုံလိုက်သတ်ခဲ့တာကမှ လူမျိုးသုဉ်းသတ်ဖြတ်မှုအစစ်"လို့ သူက တုန့်ပြန်ခဲ့ပြီး "အမေရိကန်စစ်တပ်တွေ ကမ္ဘာပတ်စစ်တိုက်ပြီး အပြစ်မဲ့တဲ့ ပြည်သူပေါင်းမြောက်မြားစွာကို သေစေခဲ့တာကမှ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ" လို့လည်း သူက တုန့်ပြန်စွပ်စွဲခဲ့ပါတယ်။ ဟောင်ကောင်မှာ အထူးလုံခြုံရေးဥပဒေ ပြဋ္ဌန်းကျင့်သုံးမှုနဲ့ပတ်သက်ပြီး ဝေဖန်တာကိုလည်း "ခင်ဗျားတို့က ဟောင်ကောင်ခွဲထွက်ရေးအုပ်စုတွေ လမ်းပေါ်ထွက်ဆန္ဒပြပြီး ထိန်းမနိုင်သိမ်းမရ ဖရိုဖရဲဖြစ်တာကို လိုချင်တာလား၊ သိပ် စိတ်ကူးယဉ်မနေနဲ့၊ အဲဒီလိုနေ့မျိုးတွေ ထပ်ဖြစ်လာစရာ အကြောင်းမရှိတော့ဘူး" လို့ ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။

သံခင်းတမန်ခင်းမှာ ဒီလိုပြင်းပြင်းထန်ထန်တုန့်ပြန်လာတာဟာ ကျန်တဲ့အင်အားအမာတွေဖြစ်တဲ့ စီးပွားရေးနဲ့စစ်ရေးတို့မှာ တရုတ်အနေနဲ့ အမေရိကန်ကို ကောင်းကောင်ရင်ဆိုင်နိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်နေတာကို ထင်ဟပ်နေပါတယ်။ အမေရိကန်အနေနဲ့ မကြာခင်က အာဖဂန်နစ္စတန်နဲ့ အီရတ်ကနေ တပ်တွေ အပြီးရုပ်သိမ်းသွားရတာတွေက မဟာအင်အားကြီးဘဝ နေဝင်ချိန်ကို စတင်ခြေလှမ်းနေပြီလို့ တရုတ်က ယူဆလာပုံရပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းလွန်တလျောက် ကြည်းရေလေ စစ်အင်အားကို အကြီးအကျယ် တိုးချဲ့တည်ဆောက်နေသလို အရှေ့တောင်အာရှဘက်မှာလည်း ရပ်ဝန်းလမ်းကြောင်းအစီအစဉ်နဲ့ ကိုဗစ်အကူအညီအပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုလည်း တိုးချဲ့ဆောင်ရွက်ရင်း အင်အားအပျော့ကိုပါ ခိုင်မာအောင်တည်ဆောက်လာတာတွေ့ရပါတယ်။ စစ်ရေးအပိုင်းမှာ အရှေ့တောင်အာရှ မဟာမိတ်တစ်ဦးဖြစ်တဲ့ ကမ္ဘောဒီးယားက သီဟာနုဗီးလ် ပြည်နယ်မှာရှိတဲ့ ရီးမ် ရေတပ်ဌာနချုပ်စခန်းကို တရုတ်ကအကူအညီပေးပြီး တည်ဆောက်နေတဲ့အပေါ် အမေရိကန်က စိုးရိမ်မကင်းဖြစ်နေတာပါ။ ကမ္ဘောဒီးယားကို နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီလာသွားတုန်းကလည်း ဒီကိစ္စကိုပဲ ထောက်ပြပြီး စိုးရိမ်ပူပန်ကြောင်းပြောသွားပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ပြတ်ပါတယ်။ "ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့ အကူအညီယူတာ ဘာဖြစ်လဲ။ ကျုပ်တို့က တရုတ်ကို အားမကိုးရင် ဘယ်သူ့ကို အားကိုးရမှာတုန်း" လို့ ဂျပန်သတင်းဌာနတစ်ခုကို ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တာ တွေ့ရပါတယ်။

ခြုံပြီးသုံးသပ်ရရင်တော့ အမေရိကန်ဆိုတဲ့ ရွှေစွန်ညိုကြီးကတော့ အင်ဒိုပစိဖိတ်အသိုက်အမြုံမှာ တရုတ်ကို ထိန်းချုပ်နှောက်ယှက်ဖို့ အုပ်ဖွဲ့ပြီး အုံလိုက်ကျင်းလိုက် ကြိုးပမ်းရင်း အရှေ့တောင်အာရှဆိုတဲ့ မယ်ထွေးကိုတော့ ဝဲလာနေပြီဖြစ်ပါတယ်။ အာဆီယံဒေသတွင်းမှာလည်း လင်းယုန်တောင်ပံခတ်သံနဲ့အတူ အထိန်းမတတ်ကြရင်ဖြင့် အင်အားကြီးနှစ်နိုင်ငံရဲ့ စစ်အေးပုံစံအင်အားလွန်ဆွဲမှုမှာ စစ်တလင်းအဖြစ် ပါဝင် ကြားညပ်ပြီး အက်ကြောင်းတွေထင်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

( ဆောင်းပါးရှင် ကိုလှိုင်သည် ထင်ရှားသည့် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် အိမ်စောင့်အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည် )

Related news

© 2021. All rights reserved.