ကျွဲလူးအိုင်ထဲက ရေလိုဖြစ်သွားတဲ့ အာဖဂန်ပြည်သူတွေနဲ့ စစ်မက်နောက်ဆက်တွဲ အနာဂတ်
1088
ကိုလှိုင် (NP News) - သြဂုတ် ၂၅
၂၀၀၁ ခုနှစ်ကနေ နှစ်ပေါင်း၂၀ အကြာအထိ အမေရိကန်သမ္မတ ၄ဆက်၊ ငွေကြေးအရလည်း ဒေါ်လာ ထရီလီယံနဲ့ချီပြီး သုံးခဲ့ပြီးတဲ့နောက် တာလီဘန်တွေဆီကနေ သိမ်းပိုက်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ လက်ထဲပြန်ထည့်ပြီး အမေရိကန်ကတော့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
အမေရိကန်တွေ ထွက်ခွာသွားတာက အပြီးတော့ မသတ်သေးပါဘူး။ ဩဂုတ်လ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ထွက်ခွာဖို့ C17 လို အကြီးစား စစ်လေယာဉ်ကြီးတွေနဲ့တင် မလုံလောက်လို့ အရပ်ဘက် ခရီးသည်တင်လေယာဉ်တွေကိုပါ ချောဆွဲပြီး ဒရောသောပါး ပို့ဆောင်နေရပါတယ်။ သမ္မတ ဘိုင်ဒင်ကတော့ လိုအပ်ရင် သတ်မှတ်ရက်ထက် နောက်ကိုရောက်သွားရင်လည်း လေယာဉ်ကွင်းလုံခြုံရေးချထားတဲ့ အမေရိကန်တပ်တွေ အာဖဂန်မှာ ဆက်နေပေးမယ်။ အမေရိကန်တွေ အာဖဂန်မှာ တစ်ယောက်မှ ကျန်မနေခဲ့စေရဘူးလို့ ပြောပါတယ်။ ကျန်နေခဲ့ရင်လည်း ဘိုင်ဒင်အတွက် နိုင်ငံရေးအရ ပြဿနာတက်မှာ ဖြစ်ပါတယ်။ အခုတောင်မှ အာဖဂန်က အရှက်တကွဲ အကျိုးနည်းစွာ ဖရိုဖရဲဆုတ်ခွာခဲ့တာနဲ့ပတ်သက်လို့ လူတွေက ဘိုင်ဒင်ကို အပြစ်တင်နေကြတာဖြစ်ပြီး ဘိုင်ဒင်အပေါ် လူထုထောက်ခံမှုကလည်း ၅၀ ရာခိုင်နှုန်းအောက်ကို ပထမဆုံးအကြိမ် ထိုးကျသွားခဲ့ပါတယ်။
အမေရိကန်တွေ အကုန်ထွက်သွားနိုင်ရင်တောင်မှ အမေရိကန်နဲ့ အနောက်အုပ်စုထံမှာ အမှုတော်ထမ်းခဲ့တဲ့ အာဖဂန်လူမျိုးတွေနဲ့ မိသားစုတွေရဲ့ကံကြမ္မာကတော့ မရေရာတဲ့ အခြေဆိုက်နေပါတယ်။ စကားပြန်တွေ၊ လုံခြုံရေးတွေ၊ အိမ်တွင်းအလုပ်သမား၊ ယာဉ်မောင်း၊ သံရုံးဝန်ထမ်း စတဲ့ ဝန်ထမ်းဟောင်းတွေက ငါးသောင်း ခြောက်သောင်းလောက်ရှိနေတာပါ။ ဒီလူတွေကိုတော့ တာလီဘန်တွေက ထွက်ခွင့်ပေးချင်တဲ့သဘောမရှိသလို လူတစ်ယောက်ကို ဒေါ်လာ(၂၀၀၀)လောက်ကျမယ့် ခရီးစာရိတ်ကို ဘယ်သူကပေးမလဲဆိုတာကလည်း ပြဿနာရှိပါတယ်။ ဒီထက်ပိုဆိုးတာက ဒီလူတွေ ထွက်ခွင့်ရရင်တောင်မှ ဘယ်နိုင်ငံတွေက လက်ခံမှာလဲ ဆိုတာပါပဲ။ အနောက်နိုင်ငံကြီးတွေက ပြောတော့သာ မိုးလားကဲလား၊ လက်တွေ့ကျတော့ ဒီဒုက္ခသည်ဆိုသူတွေကို ဘယ်သူမှ လောက်လောက်လားလား လက်ခံချင်ကြတာ မဟုတ်ပါဘူး။ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ အမေရိကန်တောင်မှ သူတို့ သယ်ထုတ်လာတဲ့သူတွေကို တွေ့ကရာမှာ အမှိုက်သွန်သလို သွန်ချဖို့ ဘင်္ဂလားဒေ့ရှ်ကို ကမ်းလှမ်း၊ အာဖရိကတိုက်က ယူဂန္ဓာကို သွားပို့နဲ့ လုပ်နေတာ တွေ့ရပါတယ်။ ဗြိတိသျှတွေကတော့ အာဖဂန်(၅၀၀၀)လက်ခံမယ်ဆိုပေမယ့် နှစ်ရှည်စီမံကိန်းနဲ့ နည်းနည်းချင်းစီ လက်ခံမယ့် မူလအစီအစဉ်မှာ ထည့်ပေးမှာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ဂျာမနီကလွဲပြီး ဘယ်သူမှ အာဖဂန်တွေကို လိုလိုလားလား လက်ခံမယ့်သူမရှိပါဘူး။ သူတို့က အာရပ်နွေဦး တိုင်းပြည်တွေပျက်ပြီး ထွက်ပြေးလာခဲ့ကြတဲ့ အရင် ဒုက္ခသည်အဟောင်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုတောင်မှ ခါးချည့်အောင် ထမ်းနေကြရတာမို့ သူတို့ပြည်တွင်းမှာလည်း ပြည်ဝင်မှု ဆန့်ကျင်ရေးဝါဒီတွေ အားကောင်းလာတဲ့ နိုင်ငံရေးပြဿနာနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အခုပြဿနာကလည်း အာဖဂန်နစ္စတန်မှာ စစ်မီးမွှေးခဲ့တာမှာ (ဥရောပ နေတိုးအဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်ပေမဲ့) တကယ်တော့ ပင်မ လက်သည်က အမေရိကန်ပါ။ ၂၀၀၁ ခုနှစ် ၉/၁၁ အရေးအခင်းပြီးချိန်မှာ တကယ်အကြမ်းဖက်ခဲ့တာက ဆော်ဒီအာရပ်တွေဖြစ်ပေမဲ့ မဟာမိတ်လည်းဖြစ်၊ လက်နက်ဖောက်သည်လည်းဖြစ်တဲ့ ဆော်ဒီအာရေဗျကို မျက်နှာမပျက်ရစေဖို့အတွက်၊ အယ်လ်ကေဒါခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ချေမှုန်းဖို့ အကြောင်းပြချက်နဲ့ ဘင်လာဒင်ကို လက်ခံထားတဲ့ အာဖဂန်နစ္စတန်ကို အမေရိကန်က ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်တွေမွှေးခဲ့တဲ့မီးက ဥရောပကို လာဒုက္ခပေးနေတော့မှာမို့ ရှေးတုန်းက လူရွှင်တော်ပြက်လုံးလို "ဆန်နီလုပ်တာ ဆန်အုန်းတာဝန်" ဖြစ်နေရတော့မှာပါ။
အာဖဂန်တွေကတော့ လေယာဉ်နဲ့ထွက်ခွင့်မရလည်း ရရာနည်းနဲ့ မြေပြင်နေ ထွက်ကြမှာပါပဲ။ ဒါပေမဲ့ တကယ်ထွက်လို့ရဖို့ကတော့ အတော်ခက်ပါတယ်။ မြောက်ဘက်က အလယ်အာရှနိုင်ငံတွေကတော့ ရုရှားဖိအားကြောင့်ရော အကြမ်းဖက်ဝါဒီတွေ ဝင်လာမှာ ကြောက်တာကြောင့်ရော လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ ထွက်စရာကတော့ အီရန်နဲ့ ပါကစ္စတန်ပဲ ရှိတာပါ။ အဲဒီနှစ်နိုင်ငံမှာလည်း အာဖဂန်စစ်ပြေးဒုက္ခသည်တွေက သိန်းနဲ့ချီပြီးရှိပြီးသားပါ။ ဒါကြောင့် တားမရလို့ ဝင်လာကြရင်တောင် တတိယနိုင်ငံတစ်ခုကို အမြန်ထုတ်ဖို့ လုပ်ကြမှာပါ။ အဲဒီအခါမှာ ၂၀၁၀ ပြည့်လွန်နှစ်တွေက ဆီးရီးယား၊ လစ်ဗျားနဲ့ အာရပ်နွေဦးနိုင်ငံတွေက အုံလိုက်ကျင်းလိုက် ပြေးသွားကြသလို ရေကြည်ရာ မြက်နုရာဖြစ်တဲ့ ဥရောပဘက်ကိုပဲ ဦးတည်ကြမှာ သေချာသလောက်ပါပဲ။ အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဥရောပနိုင်ငံတွေကတော့ တားဖို့ဆီးဖို့လုံးပန်းနေကြပါပြီ။ ဂရိနိုင်ငံဆိုရင် တူရကီနဲ့ဆက်စပ်နေတဲ့ နယ်စပ်ကို ခြံစည်းရိုးတံတိုင်းကာနေပြီဖြစ်ပါတယ်။
တူရကီကလည်း အရှေ့အလယ်ပိုင်းကနေ ဥရောပကိုသွားတဲ့လမ်းပေါ်မှာ တံခါးဝလိုဖြစ်နေတော့ သူ့ဆီမှာ အခုတောင် ဒုက္ခသည်(၄)သန်းလောက်ရှိနေပြီမို့ ထပ်ပြီး လက်ခံနိုင်စွမ်း မရှိတော့ဘူးလို့ ပြောနေတာဖြစ်ပါတယ်။ သေချာတာကတော့ ကိုဗစ်နှိပ်စက်လို့ ကိုယ့်ကိုယ်ကိုယ်တောင်မှ အနိုင်နိုင်ဖြစ်နေကြတဲ့နိုင်ငံတွေဟာ ကိုယ်မဆတ်ဆော့ရပါဘဲ ရောက်လာကြမယ့် အရှုပ်ထုပ်တွေကို လက်ခံဖို့ ဆန္ဒလည်းမရှိ၊ စွမ်းအားလည်းမရှိ ဖြစ်နေကြတာပါပဲ။ စွမ်းနိုင်တဲ့ ချမ်းသာတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေကျတော့လည်း ဘာသာတူညီနောင်တွေလို့သာပြောနေတာ၊ ဘာသာရေးကျောင်းတွေထူထောင်ပေးပြီး အစွန်းရောက်စိတ်တွေသာ ပုံသွင်းပေးနေတာ၊ လက်တွေ့မှာ ဒုက္ခရောက်ပြီးပြေးလာတဲ့ ဒုက္ခသည်တွေကျတော့ လက်ခံဖို့ စိတ်ကူးမရှိပါဘူး။ တတ်နိုင်ရင် ငွေကြေးနဲ့ အဝေးကပဲ ကူမယ်၊ အထဲကိုတော့ မလာနဲ့ လို့ ပြောကြတဲ့သူတွေချည့်ပါ။
နောက်ဆုံးတော့လည်း ဒီလူတွေဟာ ရောက်လေရာအရပ်မှာ ဘဝကို ရေစုန်မျှောပြီး ဖြစ်သလို ရေမျောကမ်းတင်နေကြရတော့မယ့် အနေအထားပါပဲ။ ဒီလို အခြေအနေကြောင့် အာဖဂန်နစ္စတန်နိုင်ငံထဲမှာပဲ ဆက်နေရင် အေးအေးချမ်းချမ်းများနေရမလားလို့ တွေးရင်လည်း ဖြစ်နိုင်ခြေက နည်းလှပါတယ်။ ရှေးကတည်းက အတွေ့အကြုံတွေအရ အာဖဂန်နစ္စတန်မှာ မင်းပြောင်းမင်းလွဲဖြစ်တဲ့အခါတိုင်း အင်အားလေဟာနယ်ဖြစ်ပြီး ပြည်တွင်းစစ်တွေက နောက်ကလိုက်လာလေ့ရှိပါတယ်။ လူမျိုးရေးကွဲပြားမှုတွေများပြားပြီး နယ်မြေကြမ်းတမ်းကာ ဘိန်းစိုက်ပျိုးမှုနဲ့ သူတစ်လူ ငါတစ်မင်း စစ်ဘုရင်ဝါဒထွန်းကားတဲ့ ဒီနိုင်ငံမှာ အပြင်က ကျူးကျော်လာချိန် တစ်ချိန်မှာပဲ ဆန့်ကျင်တော်လှန်ကြလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ အချင်းချင်း တိုက်နေကြတာများပါတယ်။
အခုလည်း အာဖဂန်နစ္စတန်မှာ ပုရှတွန်(ပထန်) တွေပြီးရင် ဒုတိယအင်အားအများဆုံးဖြစ်တဲ့ တာဂျစ်တွေက သူတို့နေရင်းဒေသဖြစ်တဲ့ တာဂျစ်ကစ္စတန်နိုင်ငံနယ်စပ်နားက ပန်ရှားပြည်နယ်ကို အခြေပြုပြီး တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက်နေကြတာ ခရိုင်(၃)ခုကို သိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။ အဲဒီ တာဂျစ်အင်အားစုရဲ့ခေါင်းဆောင်က တစ်ချိန်က ဆိုဗီယက်တွေကို တိုက်ရာမှာနာမည်ရခဲ့တဲ့ မူဂျာဟစ်ခေါင်းဆောင် တာဂျစ်စစ်ဘုရင် အာမက်ရှားမာဆွတ်ရဲ့သား အာမက်မာဆွတ်ဖြစ်ပါတယ်။ သူတို့နဲ့ပူးပေါင်းသွားသူကတော့ သူ့ကိုယ်သူ ကြားဖြတ်သမ္မတလို့ကြေညာထားတဲ့ အရင်အစိုးရလက်ထက်က ဒုတိယသမ္မတ တာဂျစ်လူမျိုး အမ်ရူလာ ဆလားပဲဖြစ်ပါတယ်။ သူနဲ့အတူ အရင်အစိုးရ သစ္စာခံအထူးတပ်ဖွဲ့တစ်ချို့လည်းပါသွားပြီး ဒုသမ္မတဟာ ငယ်ငယ်ကတည်းက စီအိုင်အေ လေ့ကျင့်ပေးထားသူဖြစ်တဲ့အတွက် သူ့နောက်ကွယ်မှာ အမေရိကန်ရဲ့ ထောက်ခံအားပေးမှု ရထားမှာ သေချာသလောက်ပါပဲ။ သူဟာ အာဖဂန်နစ္စတန်ထောက်လှမ်းရေးအဖွဲ့ရဲ့တာဝန်ခံ ဖြစ်ခဲ့ပြီး အိန္ဒိယ ပြည်ပထောက်လှမ်းရေး RAW အဖွဲ့လည်း သူနဲ့ နီးနီးစပ်စပ် ဆက်သွယ်မှုတွေရှိခဲ့တဲ့အတွက် ဒီရွှေ့ကွက်မှာ အိန္ဒိယကလည်း ပါလာနိုင်တယ်လို့ တွက်ဆရပါတယ်။ ဒါပေမဲ့ အင်အားနှိုင်းယှဉ်ချက်အနေနဲ့ ကြည့်ရင် တာလီဘန်တွေက လူအင်အား အသာစီးရနေတဲ့အပြင် လက်နက်ခဲယမ်းနဲ့ အုပ်ချုပ်ထောက်ပံ့မှုမှာလည်း အသာစီးရနေတဲ့အတွက် တာဂျစ်အုပ်စုအနေနဲ့ အပြင်ဘက်က ထောက်ပံ့မှုရခဲ့ရင်တောင် မြေအနေအထားနဲ့ဒေသခံတွေရဲ့ ထောက်ခံမှုကို အားပြုပြီး ခံစစ်အသွင်နဲ့ပဲ ခုခံနိုင်လိမ့်မယ်လို့ တွက်ဆရပါတယ်။ မြောက်ဘက်က အိမ်နီးချင်း တာဂျစ်ကစ္စတန်နိုင်ငံကတော့ လူမျိုးချင်းတူတဲ့ တာဂျစ်စစ်ဘုရင်အုပ်စုကို နောက်ကွယ်က ပံ့ပိုးဖွယ်ရှိပေမဲ့ ရုရှားရဲ့စစ်ရေးမဟာမိတ်စာချုပ်အရ အာဖဂန်နစ္စတန်နယ်စပ်မှာ ရုရှားတပ်တွေကိုပါ လက်ခံဖြန့်ကျက်ထားရတဲ့အတွက် အဲဒီနယ်စပ်ကနေ အမေရိကန်တွေရဲ့ အုပ်ချုပ်ထောက်ပံ့ကူညီရေးလမ်းကြောင်း ဖွင့်ပေးဖို့ကတော့ သိပ်ဖြစ်နိုင်စရာမရှိတော့ဘူးလို့ တွက်ဆရပါတယ်။
ယေဘုယျအားဖြင့်ကတော့ ရုရှားအနေနဲ့ကလည်း သူ့နယ်မြေထဲကို ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေ စိမ့်မဝင်လာအောင် အလယ်အာရှဩဇာခံ မဟာမိတ်တွေရဲ့နယ်မြေမှာ ကြားခံထားပြီး တားဆီးကာကွယ်ထားမှာဖြစ်သလို၊ တရုတ်ကလည်း သူနဲ့ ထိစပ်နယ်မြေက အလားတူဝင်မလာအောင် တားဆီးထားမှာသေချာပါတယ်။ ဒီ အင်အားကြီးနှစ်နိုင်ငံနဲ့သင့်မြတ်မှ အနေချောင်မယ့် တာလီဘန်အစိုးရအနေနဲ့ ဒီကိစ္စကို ဘယ်လောက် ကတိကဝတ်ပေးပြီး ထိန်းသိမ်းနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ ယခင် အာဖဂန်အစိုးရတပ်ဖွဲ့တွေ စွန့်ပစ်ခဲ့တဲ့ စစ်ပစ္စည်းလက်နက်ခဲယမ်းတွေရဲ့ အနာဂတ်ပါပဲ။ ပြီးခဲ့တဲ့ အနှစ်(၂၀)အတွင်း အမေရိကန်က အာဖဂန်စစ်တပ်ကို ဒေါ်လာ(၈၃)ဘီလျံဖိုး လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေ၊ ဘလက်ဟော့ရဟတ်ယာဉ်တွေ၊ ဟမ်းဗီးစစ်သုံးဂျစ်ကားတွေ၊ ညကြည့်မှန်ပြောင်းပါ စစ်ခမောက်တွေ၊ ခြေလျင်လက်နက်ကြီး လက်နက်ငယ်တွေ စသည်ဖြင့် အတော်ကလေးစုံပါတယ်။ အခု အဲဒီပစ္စည်းတွေက တာလီဘန်တွေ လက်ထဲရောက်ကုန်တာရှိသလို တစ်ချို့ကလည်း ကြုံရာလက်တွေထဲ ရောက်သွားနိုင်ပါတယ်။ တာလီဘန်လက်ထဲရောက်သွားတဲ့ အမေရိကန်လုပ်လက်နက်တွေကိုလည်း တာလီဘန်တွေက လက်နက်တိုက်မှာ အလှကြည့်ထားမှာ မဟုတ်ပါဘူး။ သုံးချင်တာယူသုံးပြီး ကျန်တာရောင်းစားပစ်ဖို့များပါတယ်။ အခုအချိန်မှာ တာလီဘန်တွေအတွက် နိုင်ငံအုပ်ချုပ်ဖို့ ငွေ အသည်းအသန်လိုအပ်နေတာဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်မှာ အာဖဂန်အစိုးရဘတ်ဂျက်ရဲ့၈၀ ရာခိုင်နှုန်းလောက်က အမေရိကန်ကထောက်ပံ့တာဖြစ်ပါတယ်။ အာဖဂန် ဗဟိုဘဏ်မှာ နိုင်ငံခြားငွေအရန်ပမာဏ ဒေါ်လာ ၉ ဘီလျံကျော်ရှိတယ်ဆိုပေမဲ့ အများစုက အမေရိကန်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ အခု အမေရိကန်တွေဆုတ်ခွာသွားပြီး အမေရိကန်ဘဏ်တွေမှာရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငွေစာရင်းတွေကိုလည်း ပိတ်ဆို့ထားလိုက်တဲ့အတွက် အစိုးရယန္တရားကို လည်ပတ်ဖို့ တာလီဘန်တွေအတွက် ငွေလိုနေတာဖြစ်ပါတယ်။
တာလီဘန်လက်ထဲက အမေရိကန်လက်နက်တွေကို လိုချင်တဲ့သူတွေကလည်း နည်းမှာမဟုတ်ပါဘူး။ ပထမဦးစားပေးသွားနိုင်တဲ့လမ်းကြောင်းကတော့ ပါကစ္စတန် စစ်ထောက်လှမ်းရေး ISI ဆီကိုသွားနိုင်ပါတယ်။ တူရကီကလည်း ပါကစ္စတန်နဲ့တွဲပြီး တာလီဘန်တွေနဲ့ချိတ်ဖို့ ကြိုးစားနေတာရှိပါတယ်။ အမေရိကန်လုပ် ခေတ်မီလေယာဉ် ရဟတ်ယာဉ်နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကတော့ အီရန်၊တရုတ်နဲ့ ရုရှားတို့ အကြိုက်ပါပဲ။ နိုင်ငံတကာ အကြမ်းဖက်အစ္စလမ္မစ်အဖွဲ့အစည်းတွေကတော့ လက်နက်ငယ်နဲ့ ဖောက်ခွဲပစ္စည်းတွေကို လိုချင်ကြမှာပါ။ ကမ္ဘာမှာ စစ်ပွဲတစ်ခုပြီးတိုင်း စစ်ကျန်ပိုလျံစစ်လက်နက်တွေက တစ်ခြားပဋိပက္ခနယ်မြေတွေကို နည်းအမျိုးမျိုးနဲ့ရောက်သွားတတ်တာမို့ သိပ်မကြာခင် အာဖဂန်စစ်ကျန်လက်နက်တွေကို ကမ္ဘာအနှံ့မှာ တွေ့လာရမှာကလည်း သေချာပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ အမေရိကန်တွေ အာဖဂန်နစ္စတန်က ဆုတ်ခွာသွားတာဟာ အမေရိကန်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ပြဿနာတစ်ခုကို လွှတ်ချလိုက်တာဖြစ်ပေမယ့် အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပြည်သူတွေကတော့ ကျွဲအုပ်ကြီး ရွှံ့လူးထွက်သွားလို့ ကျန်ခဲ့တဲ့ရေအိုင်လို ခြေရာလည်းပျောက် ရေလည်းနောက် ဖြစ်နေခဲ့ပြီး မဆုံးနိုင်တဲ့ ပြည်တွင်းစစ်တိုက်ပွဲတွေ၊ ပြဿနာတွေနဲ့ လုံးလည်လိုက်ကျန်ခဲ့မှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ကမ္ဘာကြီးမှာလည်း အာဖဂန်စစ်ပြေးဒုက္ခသည် ပြဿနာနဲ့အတူ စစ်ကျန်လက်နက်တွေနဲ့ အကြမ်းဖက်အန္တရာယ်တွေ တိုးပွားလာမှာကို ရင်ဆိုင်ကြရဖွယ်ရှိကြောင်း သုံးသပ်ရပါတယ်။
( ဆောင်းပါးရှင်း ကိုလှိုင်သည် ထင်ရှားသည့်နိုင်ငံရေးသုတေသီတစ်ဦး လက်ရှိတွင် နစက၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည် )