အမေရိကန်ထုတ် ဒီမိုကရေစီနဲ့ အာဖဂန်အရှုပ်ကို စာရင်းချုပ်လေသောအခါ
1536
ကိုလှိုင် (NP News) - စက်တင်ဘာ ၆
အနှစ်၂၀ကြာ အာဖဂန်စစ်ပွဲပြီးဆုံးသွားပြီးတဲ့နောက် အမေရိကန်တပ်ဖွဲ့တွေလည်း ကဘူးလေဆိပ်ကနေ ဩဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။
ဇာတ်ပွဲတစ်ပွဲ ပြည်ဖုံးကားချလို့ ပတ်စာခွာဖျာသိမ်းပြီးတဲ့နောက် ဇာတ်အဖွဲ့ကြီးလည်း နောက်ပွဲခွင် တစ်နေရာကို ရွှေ့သွားတဲ့အချိန် ပွဲခင်းထဲ ဘာများကျန်ခဲ့လဲ မေးလိုက်ရင် အမှိုက်တွေရယ်၊ ခြုံပုတ်အကြားက အညစ်အကြေးပုံတွေရယ်၊ စားမာန်ခုတ်ပြီး အချင်းချင်းမာန်ဖီကိုက်ဖဲ့နေကြတဲ့ ခွေးလေခွေးလွင့်တွေရယ်၊ အိပ်ရေးပျက်ပြီး ပွဲကိုက်ကျန်ခဲ့တဲ့ ပရိသတ်ရယ်ပဲ ဖြစ်ပါလိမ့်မယ်။
ဒီအာဖဂန်စစ်ပွဲအပြီး အဆုံးသတ်မှာ အရံှုးအမြတ်ကို စာရင်းချုပ်လိုက်ရင်တော့ နည်းနည်းပိုပြီး စိတ်ဝင်စားစရာလေးတွေ ရှိကောင်းရှိနိုင်လိမ့်မယ်ထင်ပါတယ်။ သာမန်နိုင်ငံရေးနဲ့ စစ်ရေး အကျိုးအမြတ်ကို လေ့လာရင် အမေရိကန်တွေ ခွက်ခွက်လန်အောင်ရှုံးတယ်ဆိုတာ အငြင်းပွားစရာမလိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် အရှက်ပြေ ပြောသလို အမေရိကန်ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၀၁ ခုနှစ်က ဝင်သိမ်းခဲ့တာဟာ နိုင်ငံကို ပြန်ထူထောင်ပေးဖို့ အတွက် မဟုတ်ဘူး။ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ War on Terror အတွက် အယ်လ်ကေဒါအကြမ်းဖက်တွေကို ချေမှုန်းဖို့သာဖြစ်တယ်လို့ ဆိုပေမယ့် ဒီအကြောင်းပြချက်က လုံလောက်တဲ့ ဆင်ခြေတစ်ခုတော့ မဟုတ်ပါဘူး။ သူပြောသလို အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အယ်လ်ကေဒါတွေကို တကယ်ချေမှုန်းနိုင်သလားဆိုတော့ နောက်(၁၀)နှစ်အကြာ ၂၀၁၁ ခုနှစ်ကျမှ အယ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေရမိခဲ့ပေမယ့် ပါကစ္စတန် စစ်တက္ကသိုလ်နားက လူကုံထံ ရပ်ကွက်မှာ မိခဲ့တာဖြစ်ပါတယ်။ အာဖဂန်မှာ မဟုတ်ပါဘူး။ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ထားတဲ့အတွက်ကြောင့် အယ်လ်ကေဒါတွေ အမြစ်ပြတ်သလားဆိုတော့လည်း မပြတ်တဲ့အပြင် အီရတ်တို့ ဆီးရီးယားတို့ ယီမင်တို့ ဆိုမာလီယာတို့ အာဖရိကနဲ့ တောင်အာရှ၊ အရှေ့တောင်အာရှတို့လို တခြားနေရာတွေကိုပါပြန့်ပွားသွားပါသေးတယ်။ ဒါ့အပြင် သူ့ထက်ပိုဆိုးတဲ့ IS အဖွဲ့ကိုပါ အယ်လ်ကေဒါက မွေးထုတ်ခဲ့ပြီး အီရတ်တစ်နိုင်ငံလုံးနီးပါးကို သိမ်းပိုက်ထားနိုင်တဲ့အထိ လက်စောင်းထက်ခဲ့ပါသေးတယ်။ နောက်ဆုံး ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံပေါင်းတိုက်လို့ လက်စတုံးသလောက်ရှိခဲ့တာတောင်မှ အခု အာဖဂန်နစ္စတန်မှာ IS-K ဆိုပြီး အငုတ်က ကျန်နေခဲ့တာ ဖြစ်ပါတယ်။
အာဖဂန်ကို နိုင်ငံထူထောင်ရေး Nation Building လုပ်ပေးဖို့အတွက် မဟုတ်ဘူးဆိုတာကလည်း ဆင်ဝှေ့ရန်ရှောင် တက်ထောင်မောင်းနင်းပြောတဲ့သဘောပါပဲ။ တကယ်တော့ အဲဒီကာလတဝိုက်မှာ ကမ္ဘာကြီးကို ရတဲ့နည်းနဲ့ ဒီမိုကရေစီဇာတ်သွင်းရမယ်ဆိုတဲ့ သဘောထားပြင်းထန်တဲ့ သိန်းငှက်စွန်ရဲ hawkish ပေါလ်ဝူလ်ဖိုဝစ်ဇ်တို့ရဲ့ ရှေးရိုးစွဲလက်သစ် neoconsevative အုပ်စုက အရှေ့အလယ်ပိုင်း တစ်ခုလုံးကို မဟာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားနေခဲ့တာပါ။ ( ကြီးကျယ်တဲ့ ဖြစ်ရပ်တိုင်းရဲ့နောက်မှာ မိန်းမတစ်ယောက်ရှိတယ် ဆိုတဲ့စကားအတိုင်း အဲဒီအချိန်က လက်ထောက်ကာကွယ်ရေး ဝန်ကြီး၊ နောင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဝူလ်ဖိုဝစ်ဇ်ရဲ့ တိတ်တိတ်ပုန်းချစ်သူ အာရပ်အမျိုးသမီး ရှာဟာရီဇာက အလွန်တက်ကြွတဲ့ အရှေ့အလယ်ပိုင်း ဒီမိုကရေစီ အရေးလှုပ်ရှားသူဖြစ်နေတာကတော့ တိုက်ဆိုင်မှုမဟုတ်လောဘူး ထင်မိပါတယ်။)
ဝူလ်ဖိုဝဇ်တို့ နီယိုကွန်တွေ စရှုပ်ခဲ့တဲ့ ဇာတ်လမ်းကြောင့် စစ်နွံနစ်ခဲ့ရတဲ့ အီရတ်နဲ့ အာဖဂန်ကနေ ပြန်ဆွဲထုတ်ဖို့ လုပ်ခဲ့ကြရသူတွေကတော့ လစ်ဘရယ်ဝါဒီတွေဖြစ်တဲ့ ဒီမိုကရက်တွေဖြစ်တဲ့ သမ္မတအိုဘားမားနဲ့ ဘိုင်ဒင်၊ အမျိုးသားရေးဝါဒီ သမ္မတထရမ့်တို့ဖြစ်ပါတယ်။ စီးပွားရေးသမားကြီးထရမ့်က ရိုးရိုးလေး ဈေးတွက်တွက်ပြီး တွက်ခြေမကိုက်တော့တဲ့ အာဖဂန်ကနေ အမေရိကန်တပ်တွေရုပ်ဖို့ တာလီဘန်တွေနဲ့ လျို့ဝှက်ညှိနှိုင်းပြီး စီစဉ်ခဲ့တာပါ။ သူ့ကိုဆက်ခံလိုက်တဲ့ ဘိုင်ဒင်ကတော့ တစ်ကမ္ဘာလုံးကို အနုနည်းနဲ့ဒီမိုကရေစီဇာတ်သွင်းရေး သမားဖြစ်နေတော့ မျှော်လင့်ချက်သိပ်မရှိတဲ့အာဖဂန်ကို လက်လွှတ်ပြီး တရုတ်နဲ့ မဟာဗျူဟာအရ ထိပ်တိုက်ရင်ဆိုင်ရာမှာ ပို အရေးပါတဲ့ အင်ဒိုပစိဖိတ်ဒေသကို ပွဲခွင်ပြောင်း ကပြဖို့ ရုတ်ချည်းဆုံးဖြတ်လိုက်ပုံရပါတယ်။ (ဒီတစ်ကြိမ်မှာတော့ နောက်ကွယ်က အရေးပါသူ အမျိုးသမီးဟာ ဒုသမ္မတ ကင်မလာ ဟဲရစ်ဖြစ်ပုံရပါတယ်။ ဘာလို့လဲဆိုတော့ အာဖဂန်ကနေ တပ်ရုပ်ရေးအတွက် သမ္မတကို အများဆုံးထောက်ခံတိုက်တွန်းခဲ့သူဟာ သူပါပဲလို့ ကင်မလာကိုယ်တိုင် အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့လို့ပါ။)
အခုတော့ ရုပ်ရှင်ထဲမှာ ဘီအီးဒီ အောင်သိုက်ပြောသလို ပညာရှိတွေဆိုတာ "ရှင်းနေတာကိုရှုပ်အောင်အရင်လုပ်ပြီးမှ ပြန်ရှင်းရတယ်" ဆိုတဲ့အတိုင်း နီယိုကွန်နဲ့ လစ်ဘရယ်ပညာရှိတွေ အနှစ်၂၀ လောက်ကြာအောင် ရှင်းနေတာကိုရှုပ်အောင်လုပ်ပြီး ပြန်ရှင်းလိုက်တာ အာဖဂန်တစ်နိုင်ငံလုံးလည်း ဖွတ်ဖွတ်ညက်ညက်ကြေပြီး ကျန်ခဲ့တော့တာပါပဲ။ အရံှုးအမြတ်တွက်ကြည့်ရင် ဒီစစ်မှာ အထိအနာဆုံးက အာဖဂန်ပြည်သူတွေပါ။ စစ်ကြောင့် လူပေါင်း ၂ သိန်း ၄ သောင်းကျော်သေဆုံးခဲ့ရပြီး ၁ သန်းခွဲလောက် ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ကြရပါတယ်။ လူပေါင်း ၂ သန်းလောက် ပြင်ပနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်ရောက်ရှိနေပြီး အခုလည်း လောလောလတ်လတ် သိန်းနဲ့ချီကယ်ထုတ်သွားခံရသူတွေက ကမ္ဘာအနှံ့အပြားမှာ နေစရာရှာနေကြရဆဲပါ။ စစ်မီးကိုမွှေးခဲ့တဲ့ အမေရိကန်က သူ့နိုင်ငံမှာ အထူးပြည်ဝင်ဗီဇာနဲ့ လူ(၈၀၀၀)လောက်ပဲ လက်ခံမယ့် အနေအထားရှိပါတယ်။ အမေရိကန်တွေကယ်ထုတ်ခဲ့တဲ့ ဒုက္ခသည်(၇၀၀၀၀)ကျော်ကတော့ ကာတာနဲ့ ယူအေအီးက အမေရိကန်တပ်စခန်းတွေမှာ သောင်တင်နေပြီး ဥရောပတလွှားက အမေရိကန်စစ်စခန်းတွေကို ခဏပို့ပြီး ထိန်းထားမယ့်သဘောရှိပါတယ်။ အမေရိကန်နဲ့ မကင်းရာမကင်းကြောင်းဩဇာခံနိုင်ငံတွေကတော့ ဒီလူတွေကို ထိုးထည့်ခံကြရမှာမို့ မျက်ခုံးလှုပ်နေကြလောက်ပါပြီ။ ဘာသာတူ အရှေ့အလယ်ပိုင်းသူဌေးနိုင်ငံတွေကလည်း တုတ်တုတ်မှ သိပ်မလှုပ်ကြသလို ဘယ်သူကမှလည်း ဒီအတွက် သူတို့ကို အပြစ်တင်တာလည်း မကြားရပါဘူး။ ဒါ့အပြင် နောက်ထပ်လည်း သိန်းနဲ့ချီပြီး အာဖဂန်ကပြေးကြဖို့ရှိသေးတာမို့ ပွဲပျက်လို့မပြီးသေးဘူးလို့ဆိုနိုင်ပါတယ်။
အနိုင်ရလိုက်ပါတယ်ဆိုတဲ့ တာလီဘန်တွေအတွက်လည်း ဆုလာဘ်တွေသာမက အကုသိုလ်တွေလည်း တစ်ပုံတစ်ပင် ပါလာမှာဖြစ်ပါတယ်။ အခု အာဖဂန်နစ္စတန်က အမေရိကန်လက်အောက်မှာ နှစ်ပေါင်း၂၀ နေခဲ့ပြီးတဲ့နောက် တာလီဘန်တွေ အုပ်ချုပ်ခဲ့ဖူးတဲ့ အာဖဂန် မဟုတ်တော့ပါဘူး။ အရာရာ အမေရိကန်ကိုမှီခိုနေရပြီး အမေရိကန်တွေ ပုံသွင်းခဲ့တဲ့ လွတ်လပ်မှုတွေ ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေကို အသားကျနှစ်သက်နေတဲ့ မျိုးဆက်သစ်တွေနဲ့ရင်ဆိုင်ရမှာဖြစ်သလို အကျင့်ပျက်ယိုယွင်းနေတဲ့ အုပ်ချုပ်မှုယန္တရားကလည်း ရပ်ဆိုင်းလုလု ဖြစ်နေတာကို ဖြေရှင်းရဦးမှာဖြစ်ပါတယ်။ အဓိကကျတဲ့ဘဏ္ဍာရေးကို တာလီဘန်တွေ ဘယ်လိုဖြေရှင်းမလဲ။ လကုန်တာနဲ့ လစာပေးရတော့မယ့်ဝန်ထမ်းတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာမျိုးတွေ၊ ရပ်တန့်သွားတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုလုပ်မလဲ။ စီးပွားရေးဆိုရင်လည်း ဂျီဒီပီရဲ့ ၄၀ ရာခိုင်နှုန်းက အမေရိကန်အထောက်အပံ့ဖြစ်နေပြီး ကျန်တဲ့အစိတ်အပိုင်တွေမှာလည်း INGO တွေရဲ့ ပေးစာကမ်းစာတွေ၊ မြို့ပေါ်မှာ နိုင်ငံခြားသားလုံခြုံရေးနဲ့ သံရုံးဝန်ထမ်းတွေရဲ့လစာတွေ၊ နောက်ပြီး ကျေးလက်မှာ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းဝင်ငွေတွေအပေါ်မှီတည်နေရတာမို့ နိုင်ငံခြားသားတွေ ပြန်ထွက်ကုန်ပြီဆိုတာနဲ့ ပွဲငှားမလာတဲ့ ဇာတ်အဖွဲ့လို ပွဲပျက်ကုန်တော့မယ့် အနေအထားကြီး ဖြစ်နေတာပါ။
အုံ့ပုန်းပူ လူမသိ ဆိုတာလို လူမသိ သူမသိနဲ့ပိုပြီး အန္တရာယ်ကြီးတာကတော့ ကိုဗစ်ကပ်ရောဂါပါ။ လူအများစုက အာဖဂန်ဆိုတာနဲ့ စစ်ပွဲတွေ ဗုံးကွဲတာတွေစတဲ့ သမားရိုးကျ လုံခြုံရေးအန္တရာယ်တွေကိုပဲပြေးမြင်နေကြတာပါ။ ကမ္ဘာ့ တခြားနေရာတွေမှာ ကိုဗစ်ဆိုတာနဲ့ ကြောက်လန့်တကြားနဲ့ လေကြောင်းတွေပိတ် မြို့တွေ Lock Down ချ၊ ဆေးတွေထိုး ပိုးတွေစစ် အသည်းအသန်တွေ လုပ်ကြပေမယ့် အာဖဂန်ကိုကြည့်လိုက်ရင်တော့ ကိုဗစ်ဆိုတဲ့ငနဲက ဧည့်စာရင်းတောင်လာမတိုင်ဖူးသလို အေးဆေးပါပဲ။ လူတွေက သွားလာလှုပ်ရှားနေကြတာ ဘာနှာခေါင်းစည်းမှလည်းသိပ်မတွေ့ရပါဘူး။ ဒါနဲ့ မသင်္ကာလို့ ကမ္ဘာ့စာရင်းတွေပြန်ကြည့်တော့ အာဖဂန်မှာ ဖြစ်ပွားသူ တစ်သိန်းကျော် သေဆုံးသူ (၇၀၀၀)ကျော်နဲ့ ဖြစ်ပွားမှုကလည်း ဇူလိုင်လကစပြီး ကျဆင်းနေတယ်လို့ ပုံပြမျဉ်းမှာပြနေတာတွေ့ရပါသေးတယ်။ သေချာလေ့လာလိုက်တော့မှာ စာရင်းမပေါက်တာ စာရင်းကိုမရှိလို့ဆိုတာ ပေါ်လွင်လာပါတယ်။ လူဦးရေ(၅)သန်းရှိတဲ့ ကဘူးလ်ရဲ့ တစ်ခုတည်းသော ဂျပန်ကိုဗစ်ဆေးရုံကို လိုဝီသုတေသနအဖွဲ့က ဩဂုတ်လက သွားပြီးလေ့လာတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင်က နှာခေါင်းစည်းကို မေးစေ့မှာချိတ်ထားတာတွေ့ခဲ့ရပြီး သူနာပြုတွေကတော့ နှာခေါင်းစည်းတပ်တာကို မတွေ့ရသလောက်ပဲလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လလောက်က အီရန်မှာ ကိုဗစ်အကြီးအကျယ်ဖြစ်တော့ အဲဒီမှာအလုပ်လုပ်နေတဲ့ လူနှစ်သိန်းလောက် ပြန်ဝင်လာကြရာကနေ အာဖဂန်မှာ ဒီရောဂါ မြင့်တက်လာတာဖြစ်ပါတယ်။ ခန့်မှန်းချက်အရ ကဘူးမြို့ရဲ့ လူ(၄၀)ရာခိုင်နှုန်းလောက်က ရောဂါကူးစက်နေတယ်လို့ယူဆရတယ်လို့ ဆိုပါတယ်။ ပိုးစစ်နိုင်တဲ့ အရေအတွက်က (၉)သောင်းပဲရှိပြီး ကာကွယ်ဆေးထိုးနိုင်တဲ့ အရေအတွက်က လူဦးရေသန်း(၄၀)မှာ(၇)သိန်းပဲရှိပါတယ်။ ကိုရွှေတာတို့လက်ထက်မှာတော့ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။
လေယာဉ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူတစ်သိန်းကျော် စုပြုံထွက်သွားကြတုန်းကလည်း နှာခေါင်းစည်းပါတာသိပ်မတွေ့ရသလို ဘယ်သူကမှလည်း သိပ်ဂရုစိုက်ပုံမရပါဘူး။ ကာတာမှာ လူ(၄၀၀၀၀)စုပြုံသောင်တင်၊ လေယာဉ်ရုံထဲမှာ ပြွတ်သိပ်နေလို့ အိမ်သာတောင် မလောက်တဲ့အခြေအနေမှာ ကိုဗစ်ကာကွယ်ရေးကတော့ စဉ်းစားဖို့တောင် ရနိုင်မယ်မထင်ပါဘူး။ နိုင်ငံတကာ အကူနဲ့တောင် ဒီလောက်ဖြစ်နေရင် အကုန်ပိတ်ဆို့ခံရတဲ့ တာလီဘန်လက်ထက်မှာ ဘယ်လောက်ဒုက္ခရောက်မလဲဆိုတာကတော့ မတွေးတတ်အောင်ပါပဲ။
တချိန်တည်းမှာ ပန့်ရှား(ပဉ္စသီဟ) ပြည်နယ်က တာဂျစ်ခွဲထွက်အုပ်စုတွေနဲ့ တိုက်ပွဲဆင်နေရသလို အစွန်းပိုရောက်တဲ့ IS-K အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အနှစ်(၂၀)စစ်တိုက်ပြီး ထွက်သွားတဲ့ အမေရိကန် တွေအတွက်လည်း လူ(၂၄၀၀)လောက်ပဲသေခဲ့တာမို့ မထောင်းတာဘူးဆိုနိုင်ပေမဲ့ စစ်ပွဲစရိတ် ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံ ဖြုန်းလိုက်ရတာက အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေပါ။ ဒီငွေတွေကိုများ စစ်မတိုက်ဘဲ ပြည်တွင်းမှာလိုအပ်တဲ့ လမ်းတံတား ဆေးရုံ စတဲ့ အခြေခံအဆောက်အဦတွေဆောက်ရင် အတော်ဟုတ်နေမှာဖြစ်ပါတယ်။
ဒီ အရေးအခင်းကြီးမှာ "စာရင်းချုပ်ရင်တော့ အရင်းပြုတ်တယ်" လို့ ဈေးသည်တွေညည်းကြသလိုပါပဲ။ ခံလိုက်ရတဲ့ အာဖဂန်ပြည်သူတွေလည်း စုတ်ပြတ်သတ်။ စစ်နိုင်ပါတယ်ဆိုတဲ့ တာလီဘန်တွေလည်း အကြီးအကျယ်တိုင်ပတ်။ စစ်ရံှုးသွားတဲ့ အမေရိကန်ကတော့ ကုန်းကောက်စရာမကျန်အောင် သိက္ခာကျ။ အမေရိကန်ပြည်သူတွေကတော့ အနှစ်(၂၀)လောက် အခွန်ငွေတွေ ကြက်သောက်ရေသလို ပျောက်သွား။ သနားဖို့ကောင်းတာကတော့ မစ္စတာ ဘိုင်ဒင်ကြီးပါ။ အသွားမတော် တစ်လှမ်းဆိုတာလို အာဖဂန်က ပြန်ဆုတ်တာ အတွက်မှားပြီး တစ်ကွက်စားခံလိုက်ရရှာတော့ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု အကြီးအကျယ်ကျဆင်းသွားတာကို ရင်ဆိုင်နေရပါတယ်။ ဘိုင်ဒင်ကို ထောက်ခံသူတွေကို ရောင်းမပေးဘူးလို့ ဆိုင်းဘုတ်ထောင်လိုက်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ online မှာ လူသိများသွားပြီး ရောင်းမလောက်လို့ ပစ္စည်းပြတ်သွားကာ တောင်းတောင်းပန်ပန်နဲ့ ဆိုင်တောင်ပိတ်ထားရတယ်လို့ ကြားရပါတယ်။ ဒါဆို ဘယ်သူတွေများ အမြတ်ထွက်သလဲလို့ မေးလာရင်တော့ ရှိတဲ့သူတွေလည်း ရှိကြပါတယ်။ ကမ္ဘာ့အရေးအခင်းတွေမှာ အမြဲတမ်း စီးပွားရေးအမြတ်ထွက်တာ ၃ မျိုး ၃ စားရှိပါတယ်။ နိုင်ငံတွေက ပြဿနာကို အေးချမ်းစွာဖြေရှင်းချင်တယ်ဆိုရင် လန်ဒန်နဲ့ သည်ဟိတ်ဂ်မှာ ဆိုင်းဘုတ်ထောင်ထားတဲ့ ရှေ့နေအဖွဲ့တွေကို ငှားရမှာဖြစ်ပါတယ်။ ရှေ့နေခကတော့ ဒေါ်လာသန်းပေါင်းများစွာကုန်မှာပါ။ ဒီရှေ့နေလုပ်ငန်းတွေရဲ့ တစ်နှစ်ဝင်ငွေက သန်းထောင်နဲ့ချီရှိတာပါ။ အင်အားသုံးဖြေရှင်းမယ် ဆိုရင်တော့ စစ်လက်နက်လုပ်ငန်းကြီးတွေနဲ့လက်နက်ကုန်သည်တွေ အကြိုက်ပဲဖြစ်ပါလိမ့်မယ်။ တရားဝင်စစ်ရေးအကူအညီဆိုပြီး ခေတ်လွန် လက်ကျန် စစ်လက်နက်တွေ ပို့ပေးတာပဲဖြစ်ဖြစ်၊ တပ်တွေ သွားချပြီး စစ်တိုက်ရလို့ လက်နက်ခဲယမ်းတွေ အမြောက်အမြားသုံးရတာပဲဖြစ်ဖြစ်၊ လက်နက်ကုမ္ပဏီကြီးတွေရဲ့ အိပ်ကပ်ကတော့ ဖောင်းနေမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ ထိပ်တန်းကာကွယ်ရေးပစ္စည်းကုမ္ပဏီ(၁၀၀)ရဲ့ ဝင်ငွေက ဒေါ်လာ(၅၂၄)ဘီလျံရှိပြီး ၂၀၁၈ ခုနှစ်ကထက် ၇ ရာခိုင်နှုန်းတိုးလာတယ်လို့ ဆိုပါတယ်။ ဒါက လက်နက်မှောင်ခိုမပါသေးပါဘူး။ စစ်မြေပြင်သုံးလက်နက်ငယ် မှောင်ခိုဈေးကွက်တန်ဖိုးက နှစ်စဉ်ဒေါ်လာ(၁)ဘီလျံကျော် ရှိတယ်လို့ဆိုပါတယ်။
စစ်ဖြစ်တာနဲ့ ပေါ်ထွက်လာမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေကို စောင့်မျှော်နေတာကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးချင်နေတဲ့ INGO တွေဖြစ်ပါတယ်။ သူတို့တတွေကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါ။ ကမ္ဘာပေါ်မှာ သန်း(၈၀)လောက်ရှိတဲ့ ပြည်ပထွက်ခွာ ဒုက္ခသည်တွေနဲ့ (၅၅)သန်းလောက်ရှိတဲ့ ပြည်တွင်းစစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီရတာကလည်း ဒေါ်လာဘီလျံ(၃၀)ကျော် လောက်ရှိတာဆိုတော့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီးပါ။ သူတို့တွေကို စားကွက်ထွင်ပေးနေတာကတော့ ဘီအီးဒီအောင်သိုက် ပြောသလို ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီးမှ ပြန်ရှင်းချင်ကြတဲ့ နိုင်ငံရေးသုခမိန်တွေ၊ အာဏာကြီးလှတဲ့ ရာဇပလ္လင်ထက်က အင်အားနိုင်ငံရေး ကိုးကွယ်သူတွေ၊ congressional, military and industrial complex လို့ ခေါ်ကြတဲ့ deep state ခေါ် နောက်ကွယ်က လှုပ်ရှားအုပ်စိုးနေကြသူများ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် အိမ်စောင့်အစိုးရ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်သူ ဖြစ်သည်။)