ကမ္ဘာတစ်ဝန်း နိုင်ငံ(၈၀)မှာ စစ်စခန်းပေါင်း(၇၅၀)အထိ ဖြန့်ကျက်ထားတဲ့ အမေရိကန်တို့ရဲ့စစ်အသုံးစရိတ်နဲ့ ဆုံးရှုံးမှုများ

 5721

ရောင်နီ (NP News) - စက်တင်ဘာ ၁၂
သြဂုတ်(၃၁)ရက်နံနက်အစောပိုင်းက အာဖဂန်နစ္စတန်၌ နှစ် ၂၀ ကြာ စစ်ပွဲတရားဝင်အဆုံးသတ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်လေဆိပ်မှတစ်ဆင့် ကျန်ရှိနေသေးသည့် အမေရိကန်စစ်သားများကို အမေရိကန်တို့က တရားဝင်ပြန်ခေါ်ခဲ့သည်။

၂၀၁၁ ခုနှစ်က အမေရိကန်သည် Bagram မှ Kandahar အထိ အနည်းဆုံး စစ်အခြေစိုက်စခန်း(၁၀)ခုတွင် တပ်သား ၁၀၀၀၀၀ ခန့်သာရှိပြီး ပင်တဂွန်စစ်ဌာနချုပ်မှ အမေရိကန်စစ်သည် ၈၀၀၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ယနေ့ အမေရိကန်တပ်ဖွဲ့များ မြေပြင်တွင် မရှိသော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်းရဲ့စစ်တပ်သည် ဒေသတစ်ဝိုက်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများမှ လေကြောင်းပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သည် ကမ္ဘာ့နိုင်ငံအသီးသီးအပေါ် စစ်တပ်များဖြင့် ခြေချစခန်းစိုက်၍ လူတွင်ကျယ်လုပ်ခဲ့ပြီး မည်ကဲ့သို့ လူတွင်ကျယ်လုပ်ခဲ့ကြောင်းနှင့် မည်သည့်ပမာဏအထိ အမေရိကန်တို့ ငွေကြေးကုန်ကျခဲ့ကြောင်းဆိုသည်ကို ယခုစစ်တမ်းတွင် မြင်ရတော့မည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှာ အမေရိကန် စစ်အခြေစိုက်စခန်း(၇၅၀)အထိရှိ
ဝါရှင်တန်ဒီစီရှိ အမေရိကန် တက္ကသိုလ်မှ နိုင်ငံရေးမနုဿဗေဒပါမောက္ခ David Vine ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်ဇူလိုင်လအထိ အမေရိကန်သည် အနည်းဆုံးနိုင်ငံပေါင်း(၈၀)တွင် အခြေစိုက်စခန်း(၇၅၀)ခန့်ရှိကြောင်း ထုတ်ပြောခဲ့ပြီး အချက်အလက်အားလုံးကို ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်ခြင်းမရှိသောကြောင့် အမှန်တကယ် အရေအတွက်ကို မသိရသေးဟု ဆိုသည်။ ဂျပန်နိုင်ငံတွင် အမေရိကန်စစ်အခြေစိုက်စခန်း(၁၂၀) ရှိပြီး ဂျာမနီ၌(၁၁၉)ခု၊ တောင်ကိုရီးယားတွင်(၇၃)ခု ရှိသည်။ Conflict Management and Peace Science ဂျာနယ်မှ ထုတ်ဝေသည့် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်စစ်တပ် ဖြန့်ကျက်မှုအချက်အလက်များအရ ၂၀၂၀ ခုနစ်၌ အမေရိကန်စစ်တပ်တပ်ဖွဲ့ဝင် (၁၇၃၀၀၀)ဝန်းကျင်အထိ ရှိသည်။ အမေရိကန် စစ်အခြေစိုက်စခန်းများကဲ့သို့ အမေရိကန်တပ်ဖွဲ့ အရေအတွက် အများဆုံးနိုင်ငံများမှာ ဂျပန်(၅၃၇၀၀)ဦး၊ ဂျာမနီ(၃၃၉၀၀)နှင့် တောင်ကိုရီးယား (၂၆၄၀၀) တို့ဖြစ်သည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်တပ်များ
Watson Institute ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစ၍ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် အမေရိကန် ဝန်ထမ်းသုံးသန်းအထိ အလှည့်ကျသုံးစွဲမှုရှိခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အကြီးဆုံးလက်နက်ကိုင် တပ်ဖွဲ့မှာ ကာတာနိုင်ငံ ဒိုဟာမြို့အနောက်ဘက်တွင် တည်ရှိသော Al Udeid လေတပ်စခန်းဖြစ်သည်။ ၁၉၉၆ တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်စစ်သား(၁၁၀၀၀)ဝန်းကျင်ကို လက်ခံခဲ့သည်။ ယင်းတွင် လေယာဉ်အစီး(၁၀၀)နှင့် ဒရုန်းများ ပါဝင်သည်။၂၀၀၁ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့၊ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရ်ှ လက်ထက်က 9/11 တိုက်ခိုက်မှုနောက်ပိုင်း အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့ပြီး တိုက်ခိုက်မှုများအတွက် အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်တွင်သာ တာဝန်ရှိကြောင်း စွပ်စွဲခဲ့သည်။ Brown University တွင် ဖော်ပြထားသည့် စစ်ကုန်ကျစရိတ်များအရ စစ်ပွဲ၌ ခန့်မှန်းခြေလူ(၂၄၁၀၀၀)သေဆုံးခဲ့ပြီး စစ်ပွဲများကြောင့်ဖြစ်ပေါ်လာသည့်ငတ်မွတ်မှု၊ ရောဂါနှင့် ဒဏ်ရာများကြောင့် သိန်းနှင့်ချီသော အခြားအရပ်သားများ သေဆုံးခဲ့သည်။ ယနေ့တွင် အီရတ်အစိုးရနှင့် လုံခြုံရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်(၂၅၀၀)ခန့်ရှိသည်။

ဂျပန်နှင့်တောင်ကိုရီးယားတို့ရှိ အမေရိကန်စစ်တပ်များ
အမေရိကန်သည် ဒုတိယကမ္ဘာစစ်အပြီး (၁၉၃၉-၁၉၄၅) မှစ၍ ဂျပန်နှင့်ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃)တွင် တောင်ကိုရီးယား၌ ရှိခဲ့သည်။ ပြည်ပ၌ချထားသည့် အမေရိကန် စစ်အင်အားအားလုံး၏ ထက်ဝက်နီးပါးဖြစ်သည့် အမေရိကန်စစ်သား(၈၀၁၀၀)ခန့်တွင် ဂျပန်၌(၅၃၇၀၀)နှင့် တောင်ကိုရီးယားတွင်(၂၆၄၀၀)ဦး ရှိသည်။ တောင်ကိုရီးယားနိုင်ငံသည် မြို့တော်ဆိုးလ်၏ တောင်ဘက် ၆၅ ကီလိုမီတာ (မိုင် ၄၀) ခန့်တွင်ရှိသော အကြီးဆုံးပြည်ပစစ်အခြေစိုက်စခန်းဖြစ်သည့် Camp Humphreys ကို လက်ခံထားသည်။

ဥရောပမှ အမေရိကန်စစ်တပ်များ
ဥရောပတွင် အနည်းဆုံးအမေရိကန်စစ်သား(၆၀၀၀၀) ရှိသည်။ ဂျာမနီတွင် အမေရိကန်စစ်အင်အား(၃၃၉၀၀)ဦးဖြင့် အမြင့်ဆုံး ဖြစ်နေပြီး အီတလီတွင်(၁၂၃၀၀)ဦးနှင့် ဗြိတိန်တွင် (၉၃၀၀)အထိရှိသည်။ သို့သော်လည်း ၂၀၀၆ မှ ၂၀၂၀ အကြား ဂျာမနီ၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်သည်(၇၂၄၀၀) မှ (၃၃၉၀၀)သို့ ကျဆင်းသွားသည်။

လက်တင်အမေရိကရှိ အမေရိကန် စစ်တပ်များ
ကျူးဘား အရှေ့ဘက်စွန်းတွင် တည်ရှိသည့် Guantanamo Bay ရေတပ်အခြေစိုက်စခန်းသည် အမေရိကန်၏ သက်တမ်းအရင့်ဆုံး ပြည်ပစစ်အခြေစိုက်စခန်းဖြစ်သည်။ ၁၁၆ စတုရန်းကီလိုမီတာ (၄၅ စတုရန်းမိုင်) ရှိ အဆိုပါ ဧရိယာသည် ၁၉ ရာစုအကုန်မှစ၍ အမေရိကန် ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ အောက်ဖော်ပြပါ အချက်အလက်များသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ အမေရိကန်တပ်များ ဖြန့်ကျက်ခဲ့သည့် သမိုင်းအကျဉ်းကို ပြသနေသည်။

၁၉၅၀-၁၉၅၃
၁၉၅၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တရုတ်နှင့် ဆိုဗီယက်ယူနီယံကို ကျောထောက်နောက်ခံပြုထားသည့် မြောက်ကိုရီးယားတပ်ဖွဲ့များသည် တောင်ကိုရီးယားကို စတင်တိုက်ခိုက်ခဲ့ပြီး တောင်ပိုင်းနှင့် မဟာမိတ်ဖွဲ့ထားသော အမေရိကန်အနေဖြင့် သုံးနှစ်ကြာစစ်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁ ဒသမ ၇၈ သန်းကို တပ်ဖြန့်ခဲ့ရသည်။ ခန့်မှန်းခြေအားဖြင့် စစ်ပွဲအတွင်း အရပ်သား ၂ သန်းမှ ၃ သန်းကြား သေဆုံးခဲ့ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ တိုက်ပွဲအတွင်း အမေရိကန်စစ်သား(၃၃၇၃၉)သေဆုံးခဲ့သည်ဟု သိရသည်။ မည်သည့် တရားဝင်ငြိမ်းချမ်းရေးစာချုပ်မျှ လက်မှတ်ထိုးနိုင်ခြင်း မပြုရသေးပါ။

၁၉၅၅-၁၉၇၅
အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား တင်းမာမှုများသည် ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များတွင် အရှေ့တောင်အာရှတွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ အဓိက ပဋိပက္ခသည် မြောက်ဗီယက်နမ်၏ ကွန်မြူနစ်အစိုးရအား တောင်ဗီယက်နမ်နှင့် ၎င်း၏မဟာမိတ်အမေရိကန်တို့ ယှဉ်ပြိုင်ခြင်းကြောင့် ဖြစ်သည်။ အရှေ့တောင်အာရှသို့ အမေရိကန်စစ်တပ် ၃ ဒသမ ၄ သန်းကျော် တပ်ဖြန့်ခဲ့ပြီး စစ်ပွဲအတွင်း အမေရိကန်(၅၈၀၀၀)ကျော် အပါအဝင် လူသုံးသန်းကျော် သေဆုံးခဲ့သည်။ ၁၉၇၃ ခုနှစ် မတ်လ ၂၉ ရက်နေ့က အမေရိကန်တိုက်ခိုက်ရေးတပ်များ ဗီယက်နမ်မှ ထွက်ခွာသွားပြီး နှစ်နှစ်ကြာပြီးနောက် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကွန်မြူနစ်တပ်များက တောင်ဗီယက်နမ်ကို သိမ်းပိုက်ပြီး စစ်ပွဲကိုအဆုံးသတ်ခဲ့သည်။

၁၉၉၀-၁၉၉၁
၁၉၉၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အီရတ်စစ်တပ်သည် နိုင်ငံတောင်ပိုင်း ကူဝိတ်နိုင်ငံကို ကျူးကျော်ခဲ့ပြီး နောက်တစ်ပတ်အကြာ သြဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်သည် Desert Shield စစ်ဆင်ရေးကို စတင်ခဲ့ကာ ဆော်ဒီအာရေဗျသို့ စစ်သားထောင်ပေါင်းများစွာ စေလွှတ်ခဲ့သည်။ တိုတောင်းသော စစ်ပွဲအတွင်း ထိုဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင်(၆၉၄၅၅၀)ခန့် စေလွှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သမ္မတဂျော့ခ်ျဒဗလျူဘုရ်ှက အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ထိုနှစ်ဧပြီလ ၃ ရက်နေ့တွင် ကုလသမဂ္ဂကပဋိပက္ခအဆုံးသတ်ရေး ဆုံးဖြတ်ချက်တစ်ခုကိုအတည်ပြုခဲ့သည်။

၂၀၀၁-၂၀၂၁
9/11 တိုက်ခိုက်မှု နောက်ပိုင်းကာလများတွင် အီရတ်နိုင်ငံတွင် စစ်အင်အားများ ကြီးမားစွာမြင့်တက်လာသည်ကို တွေ့မြင်ခဲ့ရသည်။ အနည်းဆုံး အမေရိကန်(၈၀၀၀၀၀)သည် အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ပွဲများအတွင်း လူပေါင်း (၉၀၀၀၀၀) ကျော် သေဆုံးခဲ့ကာ အများစုမှာ အရပ်သားများဖြစ်သည်။

၁၉၅၀ တွင် အမေရိကန်၏စစ်အသုံးစရိတ်
၂၀၂၀ ခုနှစ်တွင် အမေရိကန်သည် ၎င်း၏စစ်တပ်အတွက် ဒေါ်လာ ၇၇၈ ဘီလျံသုံးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စစ်ရေးအသုံးပြုမှု ဖြစ်လာခဲ့ကာ တရုတ်က ဒေါ်လာ ၂၅၂ ဘီလျံဖြင့် ဒုတိယ၊ အိန္ဒိယက ဒေါ်လာ ၇၃ ဘီလျံဖြင့် တတိယ၊ ရုရှားက ဒေါ်လာ ၆၂ ဘီလီယံဖြင့် စတုတ္တ၊ ဗြိတိန်က ဒေါ်လာ ၅၉ ဘီလျံဖြင့် ပဉ္စမအဆင့်မှာ ရှိခဲ့သည်။ Brown တက္ကသိုလ်ရှိ Costs of War ပရောဂျက်မှ ဖော်ပြချက်အရ အမေရိကန်သည် ၎င်းဧ၏စစ်ပွဲများအတွက် ဒေါ်လာ(၈)ထရီလီယံ သုံးစွဲခဲ့သည်။ အာဖဂန်နစ္စတန်တွင် ဖြစ်ပွားသောစစ်ပွဲသည် ဒေါ်လာ(၂ ဒသမ ၃)ထရီလီယံခန့်ထိ သုံးစွဲထားပြီး Brown တက္ကသိုလ်မှ သုတေသီများ၏ အဆိုအရ အာဖဂန်တွင် အနှစ် ၂၀ အတွက် တစ်ရက်လျှင် ဒေါ်လာသန်း(၃၀၀)ကျော် အသုံးပြုထားသည်ဟု သိရသည်။ ဆိုလိုသည်မှာ အမေရိကန်သည် အာဖဂန်နစ္စတန်မှ ထွက်ခွာသွားသည့်တိုင် နောက် နောင်နှစ်ပေါင်းများစွာတွင်လည်း စစ်ပွဲများအတွက် ငွေပမာဏများစွာ ဆက်လက်သုံးစွဲသွားဦးမည်ပဲ ဖြစ်သည်။

Related news

© 2021. All rights reserved.