မြန်မာနှင့် ပါကစ္စတန်၏ စစ်ရေးဆက်ဆံမှုအပေါ် ဒေသတွင်းနိုင်ငံများ အံ့အားသင့်၊ တရုတ်စစ်လက်နက်ကုန်သွယ်မှုအတွက် အပေါ်ယံ ဟန်ပြခြင်းဖြစ်ပုံရ

 4573

Htay Oung (NP News) - အောက်တိုဘာ ၂၉
မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ မြန်မာနိုင်ငံတွင် ဒုက္ခသည်ဘင်္ဂါလီ ကိစ္စများကြောင့် ဆယ်စုနှစ်ထက်ဝက်ခန့်မျှ နွေးထွေးမှု မရှိခဲ့သည့်တိုင် ပါကစ္စတန်က မြန်မာတိုင်းရင်းသားမျိုးနွယ်စုအချို့ကို လက်နက်တပ်ဆင်ပြီး စစ်ရေးလေ့ကျင့်ပေးနေကြောင်း စွပ်စွဲချက်များဖြင့် ပို၍ အေးစက်လာခဲ့သည်။

သို့သော် ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် အစ္စလာမ်မာဘတ်နှင့် နေပြည်တော်တို့အကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွင် အံ့အားသင့်ဖွယ် တိုးတက်မှုများ ကို တွေ့ရှိလာခဲ့ရသည်။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုကို နှစ်ဖက်စလုံး က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း အိန္ဒိယအခြေစိုက် Economic Times ( ET ) သတင်းစာမှ နိုင်ငံရေးလေ့လာသူ ဒီပန်ဂျန်ရွိုင်းချောင်ဒရီကက ဝေဖန်သုံးသပ်သည်။ အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အဆင့်မြင့်လက်နက်ကြီးနည်းပညာ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းမှုနှင့် ရေတပ်လက်နက်ခဲယမ်းများဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း ET က သိရှိရပါသည်။ အဖွဲ့ဝင် ၁၀ ဦးလိုက်ပါသည့် ပါကစ္စတန်အဖွဲ့တွင် ဗိုလ်မှူးချုပ်အဆင့် အရာရှိတစ်ဦးက ခေါင်းဆောင်ခဲ့ပြီး မြန်မာကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ၍ အဆင့်မြှင့်တင်ထားသော JF-17 (Block III) လေယာဉ်နှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ ရောင်းချရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ထပ်မံသိရှိရသည်။ ၎င်းခရီးစဉ်၏ ရလဒ်အဖြစ် စက်တင်ဘာ ၁၀ ရက်မှစတင်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့ကို ကရာချိမြို့ တွင် ရက် ၂၀ ကြာ လေ့ကျင့်ပေးခြင်း ဖြစ်ပေါ်လာစေခဲ့သည်။ မည်သူမျှ ထင်မှတ်ထားခြင်း မရှိခဲ့သော ခရီးစဉ်မှာ ဒေသတွင်းနိုင်ငံအချို့အတွက် အံ့အားသင့်ဖွယ် ဖြစ်ရသည်။ သို့သော် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုမှာ ၎င်းတို့၏ သဘောထားချည့် မဟုတ်နိုင်ဘဲ တရုတ်နိုင်ငံမှ မြစ်ဖျားခံသော အကောင်းဆုံးလက်ရာတစ်ခုအဖြစ် စိုးရိမ်မှုများလည်း မြင့်တက်လာရသည်။ ပါကစ္စတန်-တရုတ် မဟာမိတ်အဖွဲ့၏ အဓိကကျောရိုးတွင် အစ္စလာမ်မာဘတ်အနေဖြင့် သမားရိုးကျ မဟုတ်သော စစ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ထားပုံရသည်ဟု ယုံကြည်ရသည်။

တရုတ်လုပ် စစ်သုံးပစ္စည်းများအား ပြုပြင်ထိန်းသိမ်းရေးနှင့် စစ်ဆေးမွမ်းမံရေး ခွင့်ပြုချက် ရရှိရာမှ တရုတ်လုပ်ကာကွယ်ရေးပစ္စည်းများဆိုင်ရာ ရောင်းချရေး လမ်းကြောင်းတစ်ခု ဖြစ်လာရေးမှာ ပါကစ္စတန်အတွက် ပို၍ အရေးကြီးသည်။ တရုတ်-ပါကစ္စတန် ကာကွယ်ရေးဆိုင်ရာ စည်းနှောင်မှုမှာ အထက်တွင်ဆိုခဲ့သည့် မြန်မာခရီးစဉ်အတွင်း သက် ရောက်မှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ အစ္စလာမ်မာဘတ်နှင့် နေပြည်တော်အကြား ဆက်ဆံရေးတွင် ရုတ်တရက် နွေးထွေးလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ကြရခြင်းမှာ မှန်ကန်ပုံရသည်။ အခြေအနေ ရှုပ်ထွေးနေသည်မှာ တောင်အာရှရှိ နိုင်ငံအချို့တွင် ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှု၌ တရုတ်၏ ပါဝင်ပတ်သက်မှုက ရှိနေခြင်းဖြစ်သည်။

ထို့အပြင် JF-17 ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်များကို ဝယ်ယူလိုသည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကဲ့သို့ နိုင်ငံများကြောင့် တရုတ်အနေဖြင့် ဒေသတွင်းသို့ ဝင်ရောက်ရန်မှာ လွယ်ကူချောမွေ့ခဲ့သည်။ ၎င်းအမျိုးအစား တိုက်လေယာဉ်၏ လိုင်စင်အောက်၌ 'အဆင့်မြင့်မျိုးဆက်များ' ကို တည်ဆောက်ရေးရှာဖွေနေသည့် မြန်မာအတွက်လည်း စိတ်တက်ကြွဖွယ်တွန်းအားဖြစ်သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်း၏ ကာကွယ်ရေးပစ္စည်းဆိုင်ရာ ထုတ်လုပ်မှုနှင့် ပို့ကုန်များကို သိသိသာသာ တိုးချဲ့ခဲ့သည်။ ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဆိုင်ရာ အင်စတီကျု့ဒ် (SIPRI) အဆိုအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး လက် နက်ထုတ်လုပ်သူမှာ တရုတ်ဖြစ်သည်။ ၎င်း၏ လက်နက်လုပ်ငန်းကို ရင်းမြစ်ဖြန့်ကျက်ရန် လိုအပ်ခြင်းကြောင့် တရုတ်အနေဖြင့် နည်းပညာဆိုင်ရာ တိုးတက်မှုများ၌ ပြင်းထန်သော ခြေလှမ်းများကို လှမ်းခဲ့သည်။ အမေရိကန်သည်ပင်လျှင် မကျွမ်းကျင်သေးသည့် နည်းပညာတစ်ခုဖြစ်သော အသံထက်မြန်သည့် ဒုံးကျည်စနစ်များကိုပင် အောင်မြင်ခဲ့ကြောင်း သတင်းရင်းမြစ်တို့က ဖော်ပြသည်။ ပြည်တွင်းထုတ် စစ်လက်နက်ကုန်စည်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် ၎င်း၏စစ်ဘက်နှင့် မိတ်ဖက်ကဏ္ဍများ၌ ရောင်းချရန်အတွက် ၎င်း၏ဈေးကွက်ကို ချဲ့ထွင်ခဲ့ သည်။ တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကနိုင်ငံအများစုသည် တရုတ်နိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းကြပြီး ပါကစ္စတန်မှာ အများဆုံးဖြစ်သည်ဟု ဆိုကြသည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အကြားတွင် တရုတ်ပို့ကုန်များ၏ နှိုင်းယှဉ်ချက်၌ စိတ်ဝင်စားစရာကောင်းသော ပုံရိပ်ကို မြင်ရသည်။ SIPRI ၏ အစီရင်ခံစာများအရ တရုတ်နိုင်ငံသည် ယမန်နှစ်က လက်နက်တင်ပို့မှုတွင် ပဉ္စမမြောက် အများဆုံးတင်ပို့သူအဖြစ် ရပ်တည်နေသော်လည်း တင်ပို့မှုစုစုပေါင်း ဝေစုမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားပုံရသည်။

တရုတ်လုပ် ဟာ့ဒ်ဝဲများ၏ အရည်အသွေးညံ့ဖျင်းကြောင်း မကျေမနပ် တိုင်ကြားမှုများကြောင့် တရုတ်စစ်သုံးပစ္စည်းများ ဝယ်လိုအားကျဆင်းလာခြင်းဖြစ်သည်ဟု အစီရင်ခံစာများက ဖော်ပြသည်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် ဘင်္ဂလားဒေ့ရှ်သည် ၎င်းတို့၏ K-8W လေယာဉ် ၇ စီး တင်သွင်းခဲ့ရာ ၎င်းတို့အနက် ၂ စီး၏ ကနဦးလည်ပတ်မှုတွင် ပြဿနာများ ရှိနေသည်ကို တွေ့ရှိရသည့်အတွက် စိုးရိမ်ဖွယ်ရာများ ပေါ်ပေါက်ခဲ့ရသည်။ သို့သော်လည်း တိုင်ကြားမှုများကြောင့် တရုတ်ပို့ကုန်များ ကျဆင်းခြင်းထက် တရုတ်ပို့ကုန်များကို လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် ပြန်လည်ဖြေရှင်းရန် ပျက်ကွက်ခြင်းဖြင့် ဖြည်းဖြည်းချင်း ဆွဲဆောင်နေကြောင်း စွပ်စွဲမှုများ ရှိနေသည်။ ဥပမာအားဖြင့် ၂၀၂၀ ခုနှစ်တွင် အိန္ဒိယလုံခြုံရေးယန္တရားများသည် ပါကစ္စတန်ဆိပ်ကမ်း ကတ်ဆင်မြို့သို့ ထွက်ခွာမည့် တရုတ်သင်္ဘောမှ 'စက်မှုသုံးအခြောက်ခံစက်' အဖြစ် တံဆိပ်တပ်ထားသော နည်းပညာ နှစ်မျိုးသုံးကိရိယာကို ထိန်းသိမ်းခဲ့သည်။ ထိုသို့သော 'တံဆိပ်မှားယွင်းခြင်း' သည် သီးခြားသင်္ဘောတစ်စီးအတွက် ထူးခြားမည်မဟုတ်ပါ။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးတွင် တရုတ်ခေါင်းဆောင်များ၏ ပြင်းထန်တက်ကြွ သော နိုင်ငံရေးရပ်တည်ချက်ကြောင့် စိစစ်မှု မြင့်တက်လာခြင်းအတွက် တရုတ်ပို့ကုန်အချို့ကို ဖုံးကွယ်ထားနိုင်ဖွယ်ရှိသည်။

ပါကစ္စတန် ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် ဆက်ဆံရေးကောင်းမွန်လာသည့် ၎င်းအခြေအနေမှာ တရုတ်ဘက်မှ လက်နက်များ ရောင်းချရာ၌ အခြားလမ်းကြောင်းများ ထူထောင်ရန် ရည်ရွယ်ချက်ရှိကြောင်း ကောင်းစွာသိရှိထားသည့် သတင်းရင်းမြစ်များက ပြောဆိုကြသည်။ တရုတ်နိုင်ငံအတွက် ပါကစ္စတန်ကို တံခါးပေါက်တစ်ခုအဖြစ် အသုံးပြုခြင်းဖြင့် ၎င်း၏စာရင်းစာအုပ်တွင် ရောင် ပြန်ဟပ်ရန် မလိုအပ်ဘဲ စစ်ဘက်ဆိုင်ရာထုတ်ကုန်များကို တင်ပို့နိုင်ရုံသာမက၊ တရုတ်အပေါ် မုန်းတီးမည့် ၎င်း၏ဈေးကွက်များအတွင်း ဝင်ရောက်ရာတွင်လည်း ထောက်ကူပေးမည်ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်၏ အာဏာသိမ်းမှုကို 'အကူအညီ' မပေးကြောင်း တရုတ်က အခိုင်အမာပြောဆိုနေချိန်တွင် ဘေဂျင်းက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်တည်ရှိနေခဲ့သည်။ ယင်းမှာ အများပြည်သူတို့အတွက် တရုတ်နိုင်ငံအပေါ် အပျက်သဘောဆောင်သော ခံယူချက်ဖြစ်စေခဲ့သည်။ သို့သော်လည်း ပါကစ္စတန်ကို ကြားလူအဖြစ် ထားရှိခဲ့လျှင် ၎င်းတို့အပေါ် တိုက်ရိုက် မထိခိုက်စေဘဲ မြန်မာစစ်အစိုးရကို တရုတ်က ထောက်ခံနိုင်မည်ဖြစ်သည်။

ဤနည်းလမ်းသည် Covid-19 ကပ်ရောဂါအလွန် ကမ္ဘာကြီးတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာနေသည့် နိုင်ငံများ၌ အထူးအသုံးဝင်မည့် အခင်းအကျင်းဖြစ်သည်။ ထို့ကြောင့် တရုတ်စစ်တပ်၏ ပို့ကုန်ပမာဏသည် နှေးကွေးသွားဖွယ်မရှိသော်လည်း ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်နက်ပြန့်ပွားရာတွင် နိုင်ငံမည်မျှတို့၌ တာဝန်ရှိသည်ဆိုခြင်းမှာ ပိုမိုမှုန်ဝါးလာမည်ဖြစ်သည်။

Related news

© 2021. All rights reserved.