မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်ဦးဆောင်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ် ပူးပေါင်းလေ့ကျင့်မှုများ လုပ်ဆောင်

 406

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်လေယာဉ် တင်သင်္ဘောများနဲ့အတူ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့က စစ်သင်္ဘာတွေဟာ ဒုံးကျည်ကာကွယ်ရေးစနစ်များနဲ့ ပတ်သက်ပြီး လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၆ ရက်နေ့က ဒုံးကျည်များထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ရာ ဒီနှစ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်အစင်းပေါင်း ၄ဝ ခန့် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော USS Ronald Reagan ဟာ ကိုရီးယားကျွန်းဆွယ်ရေပိုင်နက်ကို ပြန်လည် ရောက်ရှိခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ စစ်သင်္ဘာများနဲ့အတူ ဒုံးကျည်ကာကွယ်ရေးစနစ်များ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ ၁၂ ရက်အတွင်း ဒုံးကျည်စမ်းသပ်မှု ၆ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက် နေ့မှာ ဂျပန်နိုင်ငံ ပိုင်နက်များကိုဖြတ်သန်းတဲ့ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုများကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်ဟာ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ က "စက်တင်ဘာလကုန်ခါနီးကတည်းက မြောက်ကိုရီးယားဟာ ရက်အနည်းငယ်အတွင်းမှာ ဒုံးကျည် ၆ ကြိမ်ပစ်လွှတ်ခဲ့တယ်။ ဒါဟာ သည်းခံပေးလို့မရဘူး" လို့ပြောပါတယ်။
အမေရိကန်ဟာ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့ပြီးနောက်တစ်ရက် အကြာ အောက်တိုဘာလ ၆ ရက်နေ့မှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်မှုအဖြစ် ကိုရီးယားကျွန်းဆွယ်မှာ USS Ronald Reagan ကို ဖြန့်ကြတ်ချထားမယ်လို့ သတင်းများလည်းထွက်ပေါ်နေပါတယ်။

Zawgyi Version;








Related news

© 2021. All rights reserved.