စစ်ဘေး၊ စစ်ဒဏ်ခံနေရသည့် ပြည်သူလူထုကို ထောက်ထား၍ ရှမ်းလက်နက်ကိုင်အဖွဲ့(၂)ခုဖြစ်သော RCSS နှင့် SSPP တို့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာ

9729
မျိုးကြီး (NP News) - နိုဝင်ဘာ ၂၉
စစ်ဘေး၊ စစ်ဒဏ်ခံနေရသည့် ပြည်သူလူထုကို ထောက်ထား၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (၂)ခုဖြစ်သော RCSS နှင့် SSPP တို့ နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲကြောင်း ကြေညာလိုက်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် နှစ်ဖက်သဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ် (၃)ဦး နှင့် RCSS ဗဟိုဌာနချုပ် ကိုယ်စား လှယ်(၄)ဦးတို့ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင်သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။
“ကျွန်တော်တို့ နှစ်ဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆင်မပြေမှုတွေကို အကြာကြီးဖြစ်လာပြီးတော့ နောက်ပိုင်းတစ်ဖွဲ့ နဲ့ တစ်ဖွဲ့က ပစ်ခတ်မှု၊ တိုက်ခိုက်မှုတွေ ရှိလာတဲ့အခင်းအကျင်းဖြစ်ခဲ့တော့ ကျွန်တော်တို့ ရှမ်းပြည် ပြည်သူလူထုတွေက ကျွန်တော်တို့ နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် ကြားကနေပြီး ဆင်းရဲဒုက္ခတွေကို ခံခဲ့ရတာပေါ့။ စစ်ဘေး၊ စစ်ဒဏ်တွေကို ခံနေရတာက တကယ်မနှစ်မြို့စရာပဲပေါ့။ ပြည်သူလူထုကလည်း တအားခံရတော့ ပြည်သူလူထုတွေ၊ ရဟန်းသံဃာတွေက တောင်းဆိုကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မညှိနှိုင်းနိုင်ဘူးလားပေါ့” ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက NP News ကို ပြောသည်။
ထို့ကြောင့် ရှမ်းပြည်သူလူထုနှင့် ရဟန်းသံဃာများ၏ လိုအင်ဆန္ဒအတိုင်း ယခုကဲ့သို့ နှစ်ဖက်အပစ်ခတ်ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။
“အဲဒါကြောင့် ကျွန်တော်တို့ နှစ်ဖက်စလုံးကြိုးစားပြီးတော့မှ ဒီအဆင့်ထိ ရောက်လာတာပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန်လည်တိုက်ခိုက်မှု မဖြစ်ရလေအောင်ဆိုပြီးတော့ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲလိုက်တဲ့ သဘောပေါ့။ လူပုဂ္ဂိုလ်အရရော၊ တာဝန်ရှိပုဂ္ဂိုလ်အရရော သင့်တော်တဲ့နည်းလမ်းနဲ့ သင့်တော်တဲ့အချိန်နဲ့ အဆက်အသွယ်တွေလုပ်ပြီးတော့ ညှိနှိုင်းကြတာပေါ့။ ညှိနှိုင်းကြ၊ အဖြေရှာကြရင်းနဲ့ နောက်ဆုံးတော့ ဒီအဆင့်ရောက်လာပြီးတော့မှ အတူတူ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ရတဲ့အဆင့်ထိ ဖြစ်လာတာပေါ့”ဟု ၎င်းက ထပ်မံပြောသည်။
ပြီးခဲ့သော ကာလများအတွင်း၌ RCSS နှင့် SSPP အဖွဲ့ကြားတွင် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု၊ ချောင်းမြောင်းပစ်ခတ်မှု ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
လက်ရှိတွင် RCSS နှင့် SSPP တို့ကြား သဘောတူညီမှု ရရှိခဲ့သော အပစ်ခတ်ရပ်စဲသဘော တူညီချက်သည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။
“အချိန်သတ်မှတ်ထားတာတော့ မရှိဘူး။ အတတ်နိုင်ဆုံး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်မှု မရှိရလေအောင် အပစ်အခတ်ရပ်စဲ လိုက်တယ်ဆိုတဲ့ သဘောတူညီချက်ပေါ့နော် ရေရှည်ဖြစ်သွားနိုင်ဖို့တော့ မျှော်လင့်တာပေါ့” ဟု ၎င်းက ပြောသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေးကို အတူတကွလက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း RCSS မှ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက အကြံပြုတိုက်တွန်းထားသည်။
မြန်မာနိုင်ငံအတွင်းရှိ RCSS နှင့် SSPP လက်နက်ကိုင်(၂)ဖွဲ့သည် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြေညာနိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံအတွင်း၌ တပ်မတော်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

zawgyi version
စစ္ေဘး၊ စစ္ဒဏ္ခံေနရသည့္ ျပည္သူလူထုကို ေထာက္ထား၍ ရွမ္းလက္နက္ကိုင္အဖြဲ႕(၂)ခုျဖစ္ေသာ RCSS ႏွင့္ SSPP တို႔ အပစ္ခတ္ရပ္စဲေၾကာင္း ေၾကညာ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၉
စစ္ေဘး၊ စစ္ဒဏ္ခံေနရသည့္ ျပည္သူလူထုကို ေထာက္ထား၍ ရွမ္းလက္နက္ကိုင္အဖြဲ႕ (၂)ခုျဖစ္ေသာ RCSS ႏွင့္ SSPP တို႔ ႏွစ္ဖက္သေဘာတူ အပစ္ခတ္ရပ္စဲေၾကာင္း ေၾကညာလိုက္သည္။
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) တို႔သည္ ယေန႔(ႏိုဝင္ဘာလ ၂၉ ရက္)တြင္ ႏွစ္ဖက္သေဘာတူေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။
ယေန႔တြင္ SSPP ဗဟိုဌာနခ်ဳပ္ ကိုယ္စားလွယ္ (၃)ဦး ႏွင့္ RCSS ဗဟိုဌာနခ်ဳပ္ ကိုယ္စား လွယ္(၄)ဦးတို႔ ေတြ႕ဆုံေဆြးေႏြးၿပီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲျခင္းကို တရားဝင္သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။
“ကြၽန္ေတာ္တို႔ ႏွစ္ဖြဲ႕က တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ အဆင္မေျပမႈေတြကို အၾကာႀကီးျဖစ္လာၿပီးေတာ့ ေနာက္ပိုင္းတစ္ဖြဲ႕ နဲ႔ တစ္ဖြဲ႕က ပစ္ခတ္မႈ၊ တိုက္ခိုက္မႈေတြ ရွိလာတဲ့အခင္းအက်င္းျဖစ္ခဲ့ေတာ့ ကြၽန္ေတာ္တို႔ ရွမ္းျပည္ ျပည္သူလူထုေတြက ကြၽန္ေတာ္တို႔ ႏွစ္ဖြဲ႕ရဲ႕ တိုက္ပြဲေတြေၾကာင့္ ၾကားကေနၿပီး ဆင္းရဲဒုကၡေတြကို ခံခဲ့ရတာေပါ့။ စစ္ေဘး၊ စစ္ဒဏ္ေတြကို ခံေနရတာက တကယ္မႏွစ္ၿမိဳ႕စရာပဲေပါ့။ ျပည္သူလူထုကလည္း တအားခံရေတာ့ ျပည္သူလူထုေတြ၊ ရဟန္းသံဃာေတြက ေတာင္းဆိုၾကတယ္။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ မညႇိႏႈိင္းႏိုင္ဘူးလားေပါ့” ဟု RCSS မွ ဒုတိယဗိုလ္မႉးႀကီးအုမ္ေခးက NP News ကို ေျပာသည္။
ထို႔ေၾကာင့္ ရွမ္းျပည္သူလူထုႏွင့္ ရဟန္းသံဃာမ်ား၏ လိုအင္ဆႏၵအတိုင္း ယခုကဲ့သို႔ ႏွစ္ဖက္အပစ္ခတ္ရပ္စဲခဲ့ျခင္းျဖစ္ေၾကာင္း ဒုတိယဗိုလ္မႉးႀကီးအုမ္ေခးက ေျပာသည္။
“အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ႏွစ္ဖက္စလုံးႀကိဳးစားၿပီးေတာ့မွ ဒီအဆင့္ထိ ေရာက္လာတာေပါ့။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ျပန္လည္တိုက္ခိုက္မႈ မျဖစ္ရေလေအာင္ဆိုၿပီးေတာ့ ႏွစ္ဖက္သေဘာတူ အပစ္အခတ္ရပ္စဲလိုက္တဲ့ သေဘာေပါ့။ လူပုဂၢိဳလ္အရေရာ၊ တာဝန္ရွိပုဂၢိဳလ္အရေရာ သင့္ေတာ္တဲ့နည္းလမ္းနဲ႔ သင့္ေတာ္တဲ့အခ်ိန္နဲ႔ အဆက္အသြယ္ေတြလုပ္ၿပီးေတာ့ ညႇိႏႈိင္းၾကတာေပါ့။ ညႇိႏႈိင္းၾက၊ အေျဖရွာၾကရင္းနဲ႔ ေနာက္ဆုံးေတာ့ ဒီအဆင့္ေရာက္လာၿပီးေတာ့မွ အတူတူ ထုတ္ျပန္ေၾကညာခ်က္ေတြ ထုတ္ရတဲ့အဆင့္ထိ ျဖစ္လာတာေပါ့”ဟု ၎က ထပ္မံေျပာသည္။
ၿပီးခဲ့ေသာ ကာလမ်ားအတြင္း၌ RCSS ႏွင့္ SSPP အဖြဲ႕ၾကားတြင္ အျပန္အလွန္ထိေတြ႕ပစ္ခတ္မႈ၊ ေခ်ာင္းေျမာင္းပစ္ခတ္မႈ ျဖစ္စဥ္မ်ား ရွိခဲ့ဖူးသည္။
လက္ရွိတြင္ RCSS ႏွင့္ SSPP တို႔ၾကား သေဘာတူညီမႈ ရရွိခဲ့ေသာ အပစ္ခတ္ရပ္စဲသေဘာ တူညီခ်က္သည္ ေရရွည္တည္တံ့ခိုင္ၿမဲႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ဒုတိယဗိုလ္မႉးႀကီးအုမ္ေခးက ေျပာသည္။
“အခ်ိန္သတ္မွတ္ထားတာေတာ့ မရွိဘူး။ အတတ္ႏိုင္ဆုံး တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ တိုက္ခိုက္မႈ မရွိရေလေအာင္ အပစ္အခတ္ရပ္စဲ လိုက္တယ္ဆိုတဲ့ သေဘာတူညီခ်က္ေပါ့ေနာ္ ေရရွည္ျဖစ္သြားႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္တာေပါ့” ဟု ၎က ေျပာသည္။
မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္းမဆို ညီညီၫြတ္ၫြတ္ျဖင့္ ၿငိမ္းခ်မ္းေရးကို အတူတကြလက္တြဲေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းလည္း RCSS မွ ဒုတိယဗိုလ္မႉးႀကီးအုမ္ေခးက အႀကံျပဳတိုက္တြန္းထားသည္။
ျမန္မာႏိုင္ငံအတြင္းရွိ RCSS ႏွင့္ SSPP လက္နက္ကိုင္(၂)ဖြဲ႕သည္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ေၾကညာႏိုင္ခဲ့ၿပီျဖစ္ေသာ္လည္း ႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF မ်ားၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္လ်က္ရွိသည္။