ရွှေဈေးတည်ငြိမ်ရေးအတွက် ဈေးကစားသူများထံမရောင်းချဘဲ ဆိုင်သမားများကိုသာရောင်းချပေးမည်

 923

ဖူးပြည့် (NP News) - မေ ၃၁
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးကစားသူများထံလုံးဝမရောင်းချဘဲ ဆိုင်သမားများကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောသည်။

ယခုရက်ပိုင်းအတွင်း ဈေးကစားသူများအနေဖြင့် တစ်ပိုင်တစ်နိုင်လာရောက်ဝယ်ယူပြီး ဈေးကစားခြင်းများရှိနေသည့်အတွက် တစ်ရက်လျှင် ရွှေလေးပိဿာနှင့် ငါးပိဿာကြား ဝယ်ယူမှုများရှိကြောင်းသိရသည်။ ရွှေကိုပြန်လည်သန့်စင်သည့် နိုက်ထရစ်အက်စစ်ဈေးကွက်အတွင်းပြတ်လပ်နေခြင်းကြောင့် ရွှေ ကုန်ချောအထွက်နည်းလာကာ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်လာမည်စိုးသည့်အတွက် ဈေးကစားသူများ ထံ မရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်း ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးကလည်းတက်တယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း အစစ် ဆေးတွေများတဲ့အတွက် နယ်ကတွင်းထွက်ရွှေကုန်ကြမ်းတွေကမလာတော့ဘူး။ အက်စစ်ကပြတ်တယ်။ အဲဒါကြောင့် ရွှေဈေးတက်သွားမှာစိုးလို့ ရှိတာတွေကို ရွှေဆိုင်တွေလုပ်ငန်းလည်ပတ်နိုင်အောင်ပဲဦးစားပေးရောင်းမယ်” ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ရွှေကိုပြန်လည်သန့်စင်သည့် နိုက်ထရစ်အက်စစ်မရောက်မီ နှစ်ပတ်အတွင်း တရားဝင်လိုင်စင်ရှိသည့် ရွှေဆိုင်များကိုသာ ရွှေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မေလ ၃၁ ရက်ညနေပိုင်း ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁၅၆၈ဝဝဝ ကျပ်ရှိကြောင်း သိရသည်။

Related news

© 2021. All rights reserved.