မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းရာတွင် တိုးတက်မှုအလွန်တရာမှ နှေးကွေးနေသည်မှာစိတ်ပျက်ဖွယ်ကောင်းကြောင်း စင်ကာပူဆို

 509

ဝတီ (NP News) - ဇွန် ၈
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် တိုးတက်မှုအလွန်တရာမှ နှေးကွေးနေသည်မှာ စိတ်ပျက်ဖွယ်ကောင်းကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလက်ကရစ်ရှ်နန်က ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု စီအန်အေသတင်းတွင် ဖော်ပြထားသည်။

တရုတ်တွင် ဇွန်လ ၇ရက်ကပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းဝေးပွဲတွင် ဆွေးနွေးကြသည့် အကြောင်းအရာများထဲ၌ မြန်မာနိုင်ငံအခြေအနေအကြောင်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ဆိုတဲ့ လိုအပ်ချက်အတွက် ကျွန်တော်တို့အားလုံး စည်းလုံးခဲ့ကြတယ်။ ဖမ်းဆီးထားတဲ့လူအားလုံးကို ပြန်လွှတ်ပေးဖို့၊ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ သက်ဆိုင်ရာအဖွဲ့ အားလုံးအပြန်အ လှန်တွေ့ဆုံဆွေးနွေးကြဖို့ဆိုတဲ့ လိုအပ်ချက်အတွက်လည်း ကျွန်တော်တို့အားလုံးစည်းလုံးခဲ့ကြပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားသွားသည်။

မြန်မာနိုင်ငံသားများကိုယ်တိုင်က စစ်မှန်သည့်ဆွေးနွေးပွဲ၊ ညှိနှိုင်းမှု နှင့် ရင်ကြားစေ့မှုများအတွက် စစ်မှန်သည့်ဆန္ဒရှိမှလည်း အာဆီယံအထူးသံတမန်ခန့်အပ်ခြင်းသည် အဓိပ္ပာယ်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ရိုးရိုးသားသားပြောရရင်တော့ တိုးတက်မှုအရမ်းကိုမှ နှေးကွေးနေတာကို စိတ်ပျက်မိပါတယ်။ အရပ်သားတွေအ သတ်ခံနေရတုန်းပဲ ဒါမှမဟုတ် ထိခိုက်ခံနေရတုန်းပဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်တာလည်း မရှိသေးဘူး၊ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်နေပြီဆိုတဲ့ လက္ခဏာလည်း မရှိသေးဘူး။ ဒါကြောင့် ဒီနှုန်းကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောသည်။

အာဆီယံ၏ အဓိကအခန်းကဏ္ဍသည် ကြားဝင်စွက်ဖက်ရန် မဟုတ်ကြောင်း၊ နောက်ဆုံးတွင်မူ မြန်မာနိုင်ငံတွင်းမှ နိုင်ငံသားများကိုယ်တိုင်ကသာ ၎င်းတို့အနာဂတ်ကို ဆုံးဖြတ်ရမည်ဖြစ်သော်လည်း အာဆီယံသည် ကူညီရန်၊ ထောက်ပံ့မှုပေးရန်၊ ဖြစ်နိုင်လျှင် ဖြန်ဖြေပေးရန်အသင့်ရှိနေကြောင်း ၎င်းကထပ်မံပြောကြားသည်။
#NPNews

Related news

© 2021. All rights reserved.