စစ်ကောင်စီဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျန်းမာစွာ တာဝန်ထမ်းဆောင်လျက်ရှိ

 1177

NP News - ဇွန် ၁၁

စစ်ကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကျန်းမာလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက မြို့မဈေးကုန်းဆရာ တော်ကြီး၏ ရုပ်ကလာဘ်တော်ကို သွားရောက်ဖူးမြော်ခဲ့သည်ဟု စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁ဝ ရက်တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ်ပျက်ကျမှုတွင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကွယ်လွန်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ယခုလိုပြောသည်။

“ကျန်းမာစွာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ယနေ့ အမျိုးသားရေးရာ မူဝါဒအစည်းဝေးတက် ရောက်ခဲ့ပြီး ကျန်းမာစွာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဈေးကုန်းဆရာတော်ကြီး၏ ရုပ်ကလာဘ်တော်ကိုလည်း သွားရောက်ကြည်ညိုခဲ့ပါတယ်။ ယနေ့ ည ၈ နာရီသတင်းမှာ ဖော်ပြသွားမှာဖြစ်ပါတယ်" ဟု စစ်ကောင်စီမှ တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၁ဝ ရက် နံနက်ပိုင်းက တပ်မတော်လေယာဉ်သည် နေပြည်တော်လေဆိပ်မှထွက်ခွာခဲ့ပြီး ပြင်ဦးလွင်လေဆိပ်သို့ ဆင်းသက်စဉ် ရာသီဥတုဒဏ်ကြောင့် ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ပြင်ဦးလွင်သံမဏိစက်ရုံအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုတပ်မတော်လေယာဉ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာ အုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာတွင်ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္ထိစာ သင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရန်အတွက် ဈေးကုန်းဆရာတော် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရအပါအဝင် သံဃာနှင့်အလှူရှင် ၈ ဦး၊ လေယာဉ်အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၁၄ ဦးလိုက်ပါခဲ့ပြီး လေယာဉ်ပျက်ကျမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ရပြီး နှစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.