Covid – 19 နှင့် တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံတွင် စားနပ်ရိက္ခာချို့တဲ့မှုတင်းမာနေကြောင်း ကင်ဂျုံအမ်ပြော
600
ရောင်နီ (NP News) - ဇွန် ၁၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာသော်လည်း COVID-19 ကူးစက်ရောဂါနှင့် ယခင်နှစ်ကဖြစ်ပွားခဲ့သည့် မုန်တိုင်းများကြောင့် တင်းမာလာသည့် စားနပ်ရိက္ခာ အခြေအနေကို ကိုင်တွင်နိုင်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့သည်။
KCNA သတင်းအေဂျင်စီ၏အဆိုအရ ကင်သည် လက်ရှိပေါ်လစီများနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် မူဝါဒများနှင့်တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန် အာဏာရအလုပ်သမားပါတီဗဟိုကော်မတီ၏ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ ၁၅ရက်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကော်မ တီသည် အစားအစာနှင့် သတ္တုထုတ်လုပ်မှုတိုးမြှင့်ခြင်း အပါအဝင် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် အစည်းအ ဝေးတွင် ဖော်ပြခဲ့သည့် ငါးနှစ်စီးပွားရေး စီမံချက်သစ်အောင်မြင်ရန် ရည်မှန်းချက်များနှင့် လုပ်ငန်းများကို ချမှတ်ခဲ့ကြောင်းသိရသည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေးတိုးတက်လာခဲ့ပြီး စက်မှုထုတ်လုပ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်က တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ဝင်မွှေမှုကြောင့် ပျက်စီးမှုများသည် စားနပ်ရိက္ခာအခြေအနေများတင်းမာနေကြောင်း ကင်ကအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကင်သည် ပြီးခဲ့သည့်နှစ်က မုန်တိုင်းတိုက် ခတ်မှုအဖြစ်အပျက်ကို သင်ခန်းစာအဖြစ်ဖော်ပြကာ သဘာဝဘေးအန္တရာယ်များ၏ ကြီးမားသည့်သက်ရောက်မှုများကို လျော့ချရန်အတွက် ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် COVID-19 ဖြစ်ပွားမှုကို တရားဝင်အတည်ပြုခြင်း မရှိသေးကြောင်း ဆိုးလ်အရာရှိများက မေးခွန်းထုတ်ခဲ့သော်လည်း မြောက်ကိုရီးယားသည် နယ်စပ်ပိတ်ဆို့မှုများနှင့် ပြည်တွင်းခရီးသွားလာခြင်းများ အပါအဝင် ဗိုင်းရပ်စ်နှိမ်နင်းရေးဆိုင်ရာ တင်းကြပ်သည့်စည်းမျဉ်းများလည်း ချမှတ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ COVAX ၏ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးသည့်နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးမည့် အစီအစဉ်တွင် မြောက်ကိုရီးယားနိုင်ငံအတွက် ကာကွယ်ဆေး နှစ်သန်းနီးပါးထောက်ပံ့ပေးမည်ဖြစ်သော်လည်း ကြာရှည်လွန်းသည့် တိုင်ပင်ဆွေးနွေးမှုများအကြား တင်ပို့မှုနှောင့်နှေးနေခဲ့ကြောင်းသိရသည်။
#NPNews