၀န်ကြီးချုပ်ဟောင်း(၆)ဦးထက်မနည်းက ဒေသရွေး/ကော်ဖွဲ့စည်းမှုကို NLD ပါတီဝင်များဖြင့် အစားထိုးရန် ဖိအားပေးခဲ့သည့် အထောက်အထားများရှိကြောင်း စစ်ကောင်စီ UEC ထုတ်ပြန်

 701

Iris (NP News) - ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးချုပ်ဟောင်း(၆)ဦးထက်မနည်းက ဒေသအဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်များ ခန့်အပ်တာဝန်ပေးခြင်းကို ဝင်ရောက်စွက်ဖက်ခဲ့သည့် အထောက်အထားများ ရှိနေပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးလိုက်သည်။

ဒေသအသီးသီးအလိုက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးမှုကို တည်ဆဲဥပဒေအရ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူဦးဆောင်ရမည်ဖြစ်သော်လည်း NLD ပါတီ၏ဝန်ကြီးချုပ်များက ဒေသအလိုက် ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌများကို ဆင့်ခေါ်၍ ဖိအားပေးမှုများ လုပ်ခဲ့သည်ဟု လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးခင်မောင်ဦးက ပြောသည်။ “ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းက ဖွဲ့စည်းပြီးဖြစ်တဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို နေအိမ်မှာခေါ်ပြီး ဒီဖွဲ့စည်းမှုနဲ့ပတ်သက်ရင် မကျေနပ်ကြောင်း ပြောပါတယ်။ ဗဟို UEC ကို ဖုန်းဆက်ပြီးတော့ ပြန်ဖွဲ့ဖို့ ပြောမယ်ဆိုပြီး မကြာခင်မှာပဲ ဗဟို UEC က ကြေညာချက်ကို ချက်ခြင်းပြန်သိမ်းပြီး ဥက္ကဋ္ဌ ဦးဝင်းမောင် မပါတဲ့ကော်မရှင်အဖွဲ့ခွဲကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ် ” ဟု ဦးခင်မောင်ဦးက ပြောသည်။ အထူးသဖြင့် ပဲခူးဝန်ကြီးချုပ်ဟောင်းက NLD ပါတီက သတ်မှတ်ပေးသော ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဖြစ်လျှင် ပြန်လည်ဖွဲ့စည်းရမည့်သဘောမျိုး ပြောကြားခဲ့သည့်အပြင် ဖိအားပေးလက်မှတ်ထိုးထားသည့် စာရွက်များပါ ရှိခဲ့ကြောင်းလည်း ဆိုသည်။ ယင်းကဲ့သို့ အလားတူလုပ်ရပ်များကို မန္တလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်နှင့် ဧရာဝတီဝန်ကြီးချုပ်ဟောင်းတို့ကလည်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အထူးသဖြင့် အဆိုပါဝန်ကြီးချုပ်များကိုယ်တိုင် ရည်ညွှန်းစာများကို လက်မှတ်ရေးထိုး၍ ဖိအားပေးထားသည်ကို အထောက်အထားများနှင့်တကွ ဦးခင်မောင်ဦးက ချပြရှင်းလင်းခဲ့ခြင်းလည်း ဖြစ်သည်။

Related news

© 2021. All rights reserved.