မြောက်ကိုရီးယားတွင် တောင်ကိုရီးယား Penthouse ဇာတ်လမ်းတွဲကို ကြည့်ရှုခြင်းကြောင့် လူငယ် ၄ ဦး အလုပ်ကြမ်းနှင့် ထောင် ၁၀ နှစ်မှ ၁၂ နှစ်ထိကျ
859
ရောင်နီ ( NP News ) -ဇွန် ၁၇
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ပြီး ပြည်ပသတင်းအချက်အလက်များ၊ ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများ ဝင်ရောက်မှုနှင့် ဖြန့်ဖြူးမှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ထိန်းချုပ်နေစဉ် South Pyongsong ပြည်နယ်၊ Pyongsong မြို့တွင် Choi အမည်ရှိ အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးသည် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲကို ကြည့်နေစဉ် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း tekdeep သတင်းဖော်ပြချက်အရသိရသည်။
Daily NK သတင်းဌာနမှ ဖော်ပြချက်အရ Pyongseong အားကစားကွင်းတွင်တောင်ကိုရီးယား ဇာတ်လမ်းတွဲများကို ကြည့်ရှုနေကြသည့် Choi (၂၀ နှစ် )နှင့်သူငယ်ချင်း ၃ ဦး ( အမျိုးသားတစ်ဦးနှင့်အမျိုးသမီး ၂ ဦး ) တို့ကို ဖမ်းဆီးခဲ့ကာ တရားစွဲခဲ့ကြောင်းသိရသည်။ တရားခွင်ကို စက်ရုံများ၊ စီးပွားရေး လုပ်ငန်းများ၊ တက္ကသိုလ်များနှင့် မူလတန်း၊ အလယ်တန်းကျောင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ယင်းလူငယ် ၄ ဦးကို ကြိုးများဖြင့် ချည်နှောင်ကာ တရားခွင်ပေါ် ခေါ်ဆောင်ခဲ့ကြောင်းသတင်းတွင်ဖော်ပြထားသည်။
၎င်းတို့ လူငယ် ၄ ဦးသည် မေလ၂၅ ရက်က Choi ၏ မွေးနေ့တွင် ညနေစောင်းထိ လူစုရုံးကာ တောင်ကိုရီးယားရုပ်ရှင်များကို ကူးယူခဲ့ကြောင်း၊ တောင်ကိုရီးယား ရုပ်ရှင်၊ ဇာတ်လမ်းတွဲနှင့်တေးဂီတဗီဒီယို ၃၀ ခန့်ကို Memory ကဒ် ( USB ( သို့ ) SD ) ကဒ်များအတွင်း ကူးယူထည့်သွင်းခဲ့ကြောင်းစွဲချက်တင်ခဲ့ပြီး ယင်းကူးယူမှုများတွင် လတ်တလော လူကြိုက်များနေသည့် တောင်ကိုရီးယား SBS ဒရာမာ '' Penthouse '' လည်းပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယား အာဏာပိုင်များက ၎င်းတို့သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြဌာန်းခဲ့သည့် အတွေးအခေါ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ငြင်းပယ်ခြင်း" အက်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်းယူဆကာ Choi ကို ထောင်ဒဏ် ၁၂ နှစ်နှင့် အခြားသုံး ဦးကို ထောင်ဒဏ် ၁၁ နှစ်၊ ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။ ယင်းဥပဒေတွင်တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်မှ ဗီဒီယိုအကြောင်းအရာများ ဖြန့်ဝေသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည်။
#NPNews