ရုရှားသမ္မတက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ကရင်မလင်နန်းတော်၌ ဇွန်လ(၂၁)ရက်က လက်ခံတွေ့ဆုံ

 918

မိုးတိမ် (NP News) - ဇွန် ၂၁
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဇွန်လ(၂၁)ရက်မှာ အရေးကြီးတဲ့တွေ့ဆုံမှုအဖြစ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ကာလဖြစ်ပြီး အချိန်ကိုက်ဆိုသလို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့/မတွေ့ကို အတည်မပြုနိုင်ဘူးလို့လည်း သိရပါတယ်။ " ကျွန်တော်တို့နိုင်ငံမှာ လက်ခံကျင်းပပေးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲအတွက် အကောင်းဆုံးကူညီစီစဉ်ပေးခဲ့မှုကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် " လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ အင်ဖန်တီနိုဘက်ကတော့ ဘောလုံးဆိုင်ရာဒသနတွေနဲ့ ရုရှားဘက်က တာဝန်ကျေပွန်ခဲ့မှုတွေကို ပြန်လည်ပြောကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နှစ်ဦးကြားမှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့အတွေ့အကြုံတွေနဲ့ ပြန်လည်မျှဝေရမယ့်ကိစ္စတွေကို ၂၀၂၂ ကမ္ဘာ့ဖလားအတွက် စကားပြောကြပါတယ်လို့လည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ရုရှားမီဒီယာတွေကို ပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ၂၀၂၁ သဲသောင်ပြင်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပသွားဖို့ရှိနေသလို ဒီအတွက်လည်း သမ္မတပူတင်နဲ့ အင်ဖန်တီနိုတို့ကြားမှာ စကားလက်ဆုံကျခဲ့ကြတယ်လို့ ဆိုပါတယ်။ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာပဲ လာမယ့် သြဂုတ်လမှာ စတင်ကျင်းပမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နောက်ဆုံးအိမ်ရှင်လုပ်ခဲ့တဲ့နိုင်ငံအသင်းဘက်က နောက်ထပ်အိမ်ရှင်အသင်းနိုင်ငံဆီကို တာဝန်လွှဲအပ်ဖို့အတွက် ရုရှားမှာ တာဝန်ရှိနေတာကြောင့် သမ္မတပူတင်ကိုယ်တိုင်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ကိုယ်တိုင်လက်ခံတွေ့ဆုံပေးခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှားဘောလုံးအသင်းအနေနဲ့ ၂၀၁၉ ခုနှစ် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲမှာ ဂျပန်အသင်းကို အနိုင်ရပြီး တတိယဆုကို ရရှိခဲ့ဖူးပါတယ်။ သမ္မတပူတင်အနေနဲ့ကတော့ ရုရှားဘောလုံးလောကကို အဆင့်တစ်ခုအထိ ရောက်စေလိုတဲ့အတွက် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေကို လက်ခံကျင်းပပေးရင်းနဲ့ လူငယ်မျိုးဆက်တွေကို အိပ်မက်တွေ မက်စေချင်နေတာလည်း ဖြစ်ပါတယ်။

သမ္မတပူတင်ဟာ ဇွန်လ(၂၁)ရက်မှာ သီးခြားဧည့်သည်တွေ့ဆုံမှုအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုကိုသာ လက်ခံတွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Related news

© 2021. All rights reserved.