ခရိုင်းမီးယားရေပိုင်နက်ထဲဝင်လာသည့် ဗြိတိန်စစ်သင်္ဘောကို ရုရှားဘက်က ဗုံးကျဲချပြီး မောင်းထုတ်ခဲ့

 1214

ဝတီ (NP News) - ဇွန် ၂၄
ခရိုင်းမီးယားကျွန်းဆွယ် ကမ်းလွန်ဒေသ ပင်လယ်နက်ထဲဝင်လာသည့် ဗြိတိသျှစစ်သင်္ဘောကြီးကို အချက်ပေးသေနတ်ပစ်ဖောက်ခြင်း၊ ယင်းသင်္ဘောသွားရာလမ်းကြောင်းတွင် ဗုံးကျဲချခြင်းဖြင့် နှင်ထုတ်လိုက်ကြောင်း ရုရှားဘက်က ပြောကြားလိုက်သည်။

သို့သော် ရုရှား၏ အဆိုပါပြောကြားချက်ကို ဗြိတိသျှအစိုးရကလည်း ပယ်ချလိုက်သည်ဟု ဆိုသည်။ သေနတ်ပစ်ဖောက်ခြင်းသည် ရုရှားက ကြိုတင်ကြေညာထားသည့်အတိုင်း သေနတ်ပစ်ဖောက်
လေ့ကျင့်ခြင်းသာဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ယင်းအပြင် မည်သည့်ဗုံးမှ ကျဲချခြင်းလည်း မရှိခဲ့ကြောင်း ဗြိတိန်ဘက်က ချေပပြောဆိုလာပြန်သည်။ သို့သော် အဆိုပါရေပိုင်နက်ထဲ စစ်သင်္ဘော ဖြတ်သန်းသွားလာခဲ့သည် ဆိုသည့်အချက်ကိုမူ ဗြိတိန်က အတည်ပြုသည်။ အဆိုပါ ရေပြင်ပိုင်နက်သည်
ယူကရိန်းပိုင်သည့် ရေပိုင်နက်ဟု ဗြိတိန်က ပြောကြားခဲ့ပြီး ရုရှားကမူ ယင်းရေပိုင်နက်သည် ရုရှားရေပိုင်နက်ဟု ဆိုပြန်သည်။ ဗြိတိသျှ
စစ်သင်္ဘောသည် ယူကရိန်းရေပိုင်နက်ထဲတွင် နိုင်ငံတကာဥပဒေနှင့်အညီ
ဖြတ်သန်းသွားလာခဲ့ခြင်းသာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး
ဝန်ကြီးဌာနကထုတ်ပြန်ချက်တွင် ဆိုသည်။ " စစ်သင်္ဘောကို သေနတ်နဲ့ပစ်ခတ်ခြောက်လှန့်ခံရတယ်။ စစ်သင်္ဘောက ရုရှားရေပိုင်နက်ထဲဝင်နေတယ်ဆိုတဲ့အချက် တစ်ချက်မှ မမှန်ပါဘူး " ဟု ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရုရှားဘက်က ပြောကြားချက်သည်လည်းကောင်း၊ ဗြိတိသျှဘက်က
ပြောကြားချက်သည်လည်းကောင်း မတိကျဟု စစ်ရေးကျွမ်းကျင်သူများက
ဆိုသည်။ သို့သော် ပိုင်ဆိုင်မှုအငြင်းပွားနေသည့်ရေလမ်းကြောင်း
များနှင့်ပတ်သက်ကာ အနောက်နိုင်ငံများနှင့်ရုရှား ထိပ်တိုက်တွေ့မှု ပြင်းထန်လာသည်ဆိုသည်ကို ထိုဖြစ်ရပ်က ပြသနေပုံရသည်ဟု
၎င်းတို့က ပြောသည်။

ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင်
ကျူးကျော်သိမ်းပိုက်ကာ ထိုကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပိုင်နက်ကို ရုရှားရေပိုင်နက်ဟု သဘောထားလိုက်တော့သည်။ အနောက်နိုင်ငံများကမူ ခရိုင်းမီးယားသည် ယူကရိန်းပိုင်ဟုသာ ဆက်လက်သတ်မှတ်ထားပြီး
ထိုအနီးတစ်ဝိုက်ရှိ ရေပြင်ကိုလည်း ရုရှားပိုင်နက်ဟု လက်သင့်မခံ
ကြကြောင်းလည်း သိရသည်။

Related news

© 2021. All rights reserved.