ပင်လယ်နက်ဒေသဆီကျုးကျော်လာတဲ့ ဗြိတိန်ရေတပ်ကို ရုရှားက ပေါ်တင်တိုက်ခိုက်စိန်ခေါ်လိုက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲ

 1349

ကိုလှိုင် (NP News) - ဇွန် ၂၆

ဇွန်လ ၂၃ ရက်နေ့က ပင်လယ်နက်ဒေသ ကရိုင်းမီးယားကမ်းလွန်မှာ ဖြတ်မောင်းသွားတဲ့ ဗြိတိသျှဖျက်သင်္ဘောနဲ့ ရုရှားစစ်လေယာဉ်၊ ရေယာဉ်တွေအကြား အန္တရာယ်ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ရုရှား SU24 စစ်လေယာဉ်တွေက ကရိုင်းမီးယား ကျွန်းဆွယ်ပိုင်နက် ရေပြင်ထဲ ၂ မိုင်လောက်ကျူးဝင်လာတဲ့ ဗြိတိသျှဖျက်သင်္ဘော HMS Defender ကို လမ်းကြောင်းပြောင်းဖို့ သတိပေးတာ မရလို့ သတိပေး ပစ်ခတ်ပြီး ရေယာဉ်လမ်းကြောင်းကို ကြိုပြီးတော့ ဗုံးကြဲချ ပိတ်ဆို့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။ ဗြိတိသျှဘက်ကတော့ " ကရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းပိုင်ဖြစ်တယ်။ ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ပြီး ရုရှားနယ်မြေထဲ သွတ်သွင်းလိုက်တာကို သူတို့အသိအမှတ်မပြုဘူး။ အခုသွားတာလည်း ယူကရိန်းပိုင် ရေပြင်ထဲက ဂျော်ဂျီယာနိုင်ငံကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ဖြတ်သွားတာ innocent passage ဖြစ်လို့ နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေ နဲ့ညီတယ် " လို့ တုံ့ပြန်ပါတယ်။ ရုရှားရဲ့ သတိပေးပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ သူတို့က " သတိတောင် မထားမိပါဘူး။ အနီးအနားမှာတော့ ရုရှားရေတပ်အုပ်စုတစ်ခု စစ်ရေးလေ့ကျင့်နေကြတာ တွေ့တာပဲ " လို့ ပြောပါတယ်။ သူတို့သင်္ဘောပေါ်မှာ ရုရှားစစ်လေယာဉ်တွေ ဝဲပြီး သတိပေးတာကိုလည်း လေ့ကျင့်ခန်းလုပ်တာဖြစ်မှာပေါ့လို့ ဆိုပါတယ်။ ဒါပေမဲ့ Defender ပေါ်မှာ လိုက်ပါလာတဲ့ ဘီဘီစီ သတင်းထောက်ကတော့ " လေယာဉ်တွေ နိမ့်နိမ့်လေးဝဲနေတာလည်းတွေ့တယ်။ ပစ်ခတ်သံတွေလည်းကြားတယ် " လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ဗြိတိသျှသင်္ဘောဟာ လမ်းကြောင်းပြောင်းပြီး ပိုင်နက်ရေပြင်(၁၂)မိုင် ဧရိယာထဲက ထွက်ခွာသွားတာတော့ အမှန်ပါပဲ။

ဒီပြဿနာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့ ကရိုင်းမီးယားကျွန်းဆွယ်ရဲ့ မဟာဗျူဟာအရေးပါမှု၊ ရုရှား-ဗြိတိန်ဆက်ဆံရေး၊ ပင်လယ်ပြင်ဥပဒေနဲ့ အင်အားနိုင်ငံရေး သဘာဝတောရိုင်းဥပဒေတို့ရဲ့ အားပြိုင်မှုတွေပဲ ဖြစ်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်ရဲ့ မဟာဗျူဟာအရေးပါမှုကို ပြောရင်တော့ စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်သွားနိုင်ပါတယ်။ အကျဉ်းချုပ်ပြောရရင် ရုရှားနဲ့ ကမ္ဘာကြီးနဲ့ အဓိကဆက်သွယ်တဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ပင်လယ်နက်ကို ထိပ်ကနေ စိုးမိုးထားတာဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် ရုရှားရဲ့ ပင်လယ်နက်ရေတပ်စခန်း ဌာနချုပ်ကို ကရိုင်းမီးယားမှာ ထားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အရင်က ကရိုင်းမီးယားဟာ ရုရှားပိုင်ပါ။ နေတာကလည်း ရုရှားလူမျိုးတွေက အများဆုံးပါ။ ၁၉၅၄ ခုနှစ်မှာ ဆိုဗီယက်ခေါင်းဆောင် ခရူရှက်က ကရိုင်းမီးယားကို ယူကရိန်းပြည်နယ်အတွက် လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုဗီယက်ပြိုကွဲတော့ ယူကရိန်းက သီးခြားနိုင်ငံဖြစ်သွားပေမဲ့ ရုရှားရေတပ်ကတော့ နယ်မြေအငှားစာချုပ်နဲ့ ကရိုင်းမီးယားမှာ ဆက်ပြီး တပ်စွဲထားခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ရုရှားက ယူကရိန်းကို လောင်စာဓာတ်ငွေ့တွေ ဈေးပေါပေါနဲ့ ရောင်းပေးခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ကြိုးကိုင်မှုနဲ့ ယူကရိန်းမှာ လူထုအုံကြွမှုဖြစ်ပြီး အမေရိကန်လိုလားတဲ့ သမ္မတ တက်လာတော့ ကရိုင်းမီးယားက ရုရှာလိုလားတဲ့ ကရိုင်းမီးယားက ခွဲထွက်ပြီး ရုရှားနဲ့ပေါင်းလိုက်တာဖြစ်ပါတယ်။ ဒါကို အနောက်နိုင်ငံတွေက အသိအမှတ်မပြုကြပါဘူး။ ဒီကိစ္စကို အခု ဗြိတိန်က ပြဿနာ စရှာလာတာဖြစ်ပါတယ်။ နောက်ကွယ်မှာတော့ မဟာဗျူဟာအရ ရုရှားနိုင်ငံရဲ့အင်အားကြီးထွားလာမှုကို ထိန်းချုပ်ဖို့၊ သဘောတရားရေးအရ ရုရှားနိုင်ငံမှာ အားကောင်းနေတဲ့ အမျိုးသားရေးဝါဒကို ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်ဝါဒနဲ့ တန်ပြန်တိုက်ဖျက်ဖို့၊ အထူးသဖြင့် အာဏာရှင်ဆန်တဲ့ ပူတင်ကို ဆန့်ကျင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါနေတာဖြစ်ပါတယ်။

အနောက်အင်အားကြီးနိုင်ငံတွေထဲကမှ ပူတင်နဲ့ ရုရှားကို ပိုပြီးတူးတူးခါးခါးဖြစ်နေတာကတော့ ဗြိတိန်ပါပဲ။ ဗြိတိန်က သမိုင်းကြောင်းအရတော့ ရုရှားနဲ့ စစ်မဖြစ်ဖူးပါဘူး။ ကြားထဲမှာ ဥရောပကမ်းရိုးတန်း ခံနေတာလည်း ပါပါတယ်။ ဒုတိယကမ္ဘာစစ်အလွန်မှာတော့ မဟာဗျူဟာ နျူကလီယာလက်နက်တွေ ပေါ်ပေါက်လာတာနဲ့အတူ စစ်အေးထဲမှာ နေတိုးအုပ်စုဝင်အဖြစ်နဲ့ ဝါဆော အရှေ့အုပ်စုခေါင်းဆောင် ဆိုဗီယက်နဲ့ထိပ်တိုက်တွေ့လာခဲ့ပါတယ်။ စစ်အေးလွန်
ကာလမှာ အနောက်လိုလားတဲ့ ဂေါ်ဘားချက်ဗ်နဲ့ ယဲ့လ်ဆင်တို့ လက်ထက်မှာ ပြန်ပြီးအဆင်ပြေခဲ့ပေမဲ့ ရုရှားအမျိုးသားရေးကို အားပေးတဲ့ ပူတင်လက်ထက်မှာ ပြန်ပြီး မသင့်မမြတ် ဖြစ်လာတာပါ။ ရုရှားအန္တရာယ်ဆိုတာက ဗြိတိန်အမျိုးသားလုံခြုံရေး စဉ်းစားမှုတွေမှာ ထိပ်တန်းက ထည့်လာကြပါတယ်။ ပူတင်က ရေနံလုပ်ငန်းတွေ ပြည်သူပိုင်ပြန်သိမ်းလိုက်လို့ ယဲ့လ်ဆင်လက်ထက်က ဂျူး ခရိုနီရေနံသူဌေးတွေ တစ်ချို့က ဗြိတိန်မှာ လာခိုလံှုခဲ့ကြတော့ သူတို့ငွေတွေ ရုရှားထဲက ကဲ့ထုတ်ခဲ့ကြတာတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေဖြစ်ခဲ့တာရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ နှစ်ဘက်ချွန် ရုရှားသူလျိုဟာင်းတစ်ယောက် ရေဒီယိုသတ္တိကြွ အဆိပ်မိသေဆုံးသွားတဲ့အမှုမှာ ရုရှားက အဆိပ်ခပ်ပါတယ်လို့ ဗြိတိန်ဘက်က စွပ်စွဲပြီး နှစ်ဘက်ဆက်ဆံရေးက အနိမ့်ဆုံးအဆင့်ဘက်ကို ထိုးဆင်းသွားပါတယ်။ ဥရောပ သမဂ္ဂကနေ ဗြိတိန် နှုတ်ထွက်ပြီးနောက် တက်လာတဲ့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း နိုင်ငံခြားရေးမှာ သူ့လက်သူ့ခြေလုပ်လို့ရပြီဆိုတာနဲ့( flexing muscles )လက်ရုံးဆန့်တန်းဖို့ လုပ်လာတာ တွေ့ရပါတယ်။ စစ်အသုံးစရိတ်တွေ မြှင့်တင်ပြီး စစ်အင်အားကို ပြန်တည်ဆောက်လာပါတယ်။ အမေရိကန်မှာ ဘိုင်ဒင်က အမေရိကန်ပြန်လာပြီလို့ ကြွေးကြော်သလိုပဲ ဗြိတိန်ပြန်လာပြီလို့ ကြွေးကြော်လာပါတယ်။
အမေရိကန်ရဲ့အင်ဒိုပစိဖိတ် မဟာဗျူဟာမှ တက်တက်ကြွကြွ ပါဝင်လာပြီး တောင်တရုတ်ပင်လယ်မှာလှုပ်ရှားခဲ့တဲ့ လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်စု လေ့ကျင့်ခန်းမှာ ဗြိတိသျှရေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။ အခုပြဿနာရှာတဲ့ ဗြိတိသျှ ဖျက်သင်္ဘော HMS Defender က အဲဒီ လေ့ကျင့်ခန်းကနေအပြန် ပင်လယ်နက်ကို ဝင်လာပြီး ရုရှားကို နားရွက်တံတွေးသွားဆွတ်တာဖြစ်ပါတယ်။ ဗြိတိသျှတွေက တောင်တရုတ်ပင်လယ်မှာ အမေရိကန်တွေလုပ်နေသလိုမျိုး တရုတ်ကျွန်းတုတွေနားက ပိုင်နက်ရေပြင် (၁၂)မိုင်အတွင်း ဝင်ပြီးဖြတ်မောင်းပြ၊ တရုတ် လေယာဉ်ရေယာဉ်တွေက နောက်ကလိုက်ပြီး ဆက်သွယ်ရေးစက်တွေနဲ့ သတိပေးတာကို ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ ဟန်ရေးပြ နိုင်ငံရေးအမြတ်ထုတ်တာကို အားကျအတုခိုးပြီး ရုရှားကိုလည်း အဲဒီလိုလုပ်ချင်ပုံရပါတယ်။

တကယ်တော့ အမေရိကန်ကလည်း ရုရှားကို အဲဒီပုံစံလုပ်ဖို့ ဧပြီလတုန်းက ပင်လယ်နက်ကို စစ်သင်္ဘောနှစ်စီးလွှတ်ဖို့ လုပ်ပါသေးတယ်။ နောက်တော့ ရုရှားက အတော်တင်းတင်းမာမာ တုန့်ပြန်တာနဲ့ တပ်ပြန်ခေါက်သွားတာဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဘိုဂျို(ဘောရစ်ဂျွန်ဆင်) ကတော့ ဘိုင်ဒင် မလုပ်ရဲတာတောင် ငါလုပ်ရဲတယ်လို့ လက်မထောင်ချင်တာလား၊ ပူတင်လည်း တရုတ်လိုပဲ လေနဲ့ဟန့်ရုံလောက်ပဲ လုပ်လိမ့်မယ်လို့ ထင်ထားတာလားတော့ မသိပါဘူး။
ပူတင်ကတော့ ဒီပွဲမှာ နိုင်ငံရေးကစားနည်း သီအိုရီတစ်ခုဖြစ်တဲ့ chicken game ကြက်တိုက်ပွဲ နည်းနဲ့ ကစားသွားတာ တွေ့ရပါတယ်။ chicken game ဆိုတာကတော့ ခေါင်းချင်းဆိုင်ပြီး ကြက်နှစ်ကောင် ခွပ်ကြရာမှာ ကြောက်တဲ့ကြက်က ခေါင်းလှည့်ပြီး အရင်ထွက်ပြေး အရံှုးပေးသွားတာကို ဆိုလိုတာပါ။ ပိုပြီး မိုက်မိုက်ကန်းကန်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရဲတဲ့သူက နိုင်တဲ့ ကစားနည်းဖြစ်ပါတယ်။ ရုရှားလေယာဉ်တွေက ပထမ ရေဒီယိုဆက်သွယ်ရေးစက်နဲ့ လမ်းကြောင်းပြောင်းဖို့ သတိပေးတယ်။ မရတော့ အနိမ့်ပျံထိုးချပြီး သင်္ဘောနားကပ်ဝဲပြတယ်။ မရတော့ ခပ်လှမ်းလှမ်းက ရေပြင်ကို သေနတ်နဲ့ပစ်ပြီး သတိပေးတယ်။ မရတော့ သူတို့သင်္ဘောသွားနေတဲ့ ဦးတည်လမ်းကြောင်းပေါ်ကို ဗုံးကြဲပြတယ်။ အဲဒီကျမှ ဗြိတိသျှ သင်္ဘောက လမ်းကြောင်းပြောင်းပြီး (၁၂)မိုင် ပိုင်နက်ရေပြင်ထဲက ထွက်သွားတယ်လို့ ရုရှားတွေက ပြောပါတယ်။ ရုရှားတွေက လေယာဉ်ပေါ်ကနေ ရိုက်ထားတဲ့ ဗီဒီယိုကိုလည်း ပြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သင်္ဘောပေါ်မှာပါလာတဲ့ သတင်းထောက်က " လေယာဉ်တွေ အနိမ့်ပျံ ဝဲပါတယ်။ သေနတ်တွေပစ်ပါတယ် " လို့ပြောတာတောင် ဗြိတိသျှစစ်ရေယာဉ်မှူးက နောဇာနာမိ ဒို့မသိဘူးလို့ လုပ်နေတာပါပဲ။ ထင်ရတာကတော့ သိပါတယ်လို့ပြောရင် " မင်းတို့ဘက်က မှန်တယ်ဆိုရင် ဒီလို ရန်စတာကို ဘာလို့ ထိထိရောက်ရောက် မတုန့်ပြန်တာလဲ။ ဘာမှပြန်မလုပ်ဘဲ ဘာလို့ ပြန်ထွက်ပြေးလာတာလဲ " ဆိုတဲ့ မေးခွန်းတွေ၊ ဝေဖန်ပြစ်တင်မှုတွေ၊ အရှုံးပေးရာရောက်သွားမှာ စိုးတာတွေကြောင့် မသိဟန်ဆောင်နေရတယ်လို့ တွေးမိပါတယ်။
ဒီနေရာမှာ ဥပဒေကြောင်းအရ ဗြိတိသျှတွေ လုပ်တာ မှန်မမှန် စဉ်းစားဖို့ လိုလာပါတယ်။ နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေအရတော့ စစ်ရေယာဉ်တစ်စင်းဟာ နိုင်ငံတစ်ခုရဲ့ ကမ်းခြေက (၁၂)မိုင်ပတ်လည် ပိုင်နက်ရေပြင်အတွင်းကို ရိုးသားတဲ့သဘောနဲ့ ဝင်ရောက်ဖြတ်သန်းခွင့် ရှိပါတယ်။ ဒါပေမဲ့ ရေယာဉ်မှာ မိမိသက်ဆိုင်ရာနိုင်ငံအလံကို တင်ထားရမယ်။ ကြိုတင်ပြီး အိမ်ရှင်နိုင်ငံကို အကြောင်းကြားရမယ်။ လက်နက်တွေ အသင့်ပြင်မထားရဘူး။ တခြား မရိုးသားတဲ့ အလုပ်မျိုးတွေမလုပ်ရဘူး အစရှိတဲ့ ကန့်သတ်ချက်တွေတော့ရှိပါတယ်။ နိုင်ငံအလိုက်လည်း သူ့ကိုယ်ပိုင်ဥပဒေတွေနဲ့ ပိုပြီး တင်းကြပ်ထားတာတွေ ရှိတတ်ကြပါတယ်။
ဒီမှာ ဥပဒေဆိုင်ရာကိစ္စ matter of law နဲ့ အကြောင်းခြင်းရာကိစ္စ matter of fact ဆိုပြီး ဖြစ်လာပါတယ်။ တကယ်လို့ ဒီရေပြင်က ယူကရိန်းပိုင်တာမှန်တယ်ဆိုရင် ဗြိတိသျှတွေပြောတာ ကျိုးကြောင်းခိုင်လုံတယ်လို့ ယူဆရမယ်။ ရုရှားပိုင်တယ်ဆိုရင်တော့ ရုရှားဘက်က မှန်လိမ့်မယ်။ ရုရှားနဲ့ ယူကရိန်း ဘယ်သူပိုင်သလဲဆိုတာကတော့ ယူကရိန်းကနေ ကရိုင်းမီးယား ခွဲထွက်စဉ်က ဆန္ဒခံယူပွဲလုပ်ခဲ့တာ တရားဝင်/မဝင်ဆိုတဲ့အပေါ် မူတည်နေပြန်ပါတယ်။

အနောက်နိုင်ငံတွေက ဒီဆန္ဒခံယူပွဲ ကျင်းပတဲ့နေရာတွေမှာ ရုရှားစစ်ဘက်က ရှိနေတဲ့အတွက် မလွတ်လပ် မမျှတလို့ တရားမဝင်ဘူးလို့ဆိုကြပါတယ်။ (ဆားဘီးယားကနေ ကိုဆိုဗို ခွဲထွက်တုန်းကတော့ တရားဝင်တယ်လို့ ထောက်ခံခဲ့ကြပါတယ်)။ ကရိုင်းမီးယားက ရုရှားပင်လယ်နက်ရေတပ်ဌာနချုပ်ဖြစ်နေတော့ စစ်သားတွေရှိနေတာကို ရှောင်လွဲှလို့ရမှာ မဟုတ်ပါဘူး။ ကိုဆိုဗိုမှာလည်း KLA တပ်ဖွဲ့တွေရှိနေခဲ့တာပါပဲ။ ဒါပေမဲ့ သူ့လူ ကိုယ့်လူ ကွာတာပေါ့လေ။ ဆိုတော့ ကရိုင်းမီးယားကို ဘယ်သူပိုင်သလဲဆိုတာ နိုင်ငံတကာတရားရုံးက မဆုံးဖြတ်နိုင်သ၍( ICJ ကိုလည်း တင်မထားသေးပါဘူး) ဒီကိစ္စက မပြတ်နိုင်သလို၊ ယူကရိန်းပိုင်လို့ ဆုံးဖြတ်ခဲ့ရင်တောင် ရုရှားလို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့နိုင်ငံက အရေးမလုပ်ရင် ဘာမှလုပ်လို့မရပါဘူး။ ယူကရိန်းက ပြန်လိုချင်ရင် ရုရှားဆီက စစ်ပြန်တိုက်ယူဖို့ပဲရှိမှာပါ။ ဒါကတော့ အားကြီးသူနိုင်စတမ်းဆိုတဲ့ သဘာဝတောရိုင်းဥပဒေပါပဲ။ နိုင်တကာရေးရာမှာတော့ အင်အားနိုင်ငံရေးပေါ့လေ။
အဲဒီတော့ အင်အားနိုင်ငံရေးအရကြည့်ရင် ဒီကိစ္စမှာ ဗြိတိသျှဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အကြောင်းပြပြီး တင်းတင်းမာမာတုန့်ပြန်ခဲ့ရင် ဘာဖြစ်လာမလဲ။ ရုရှားကလည်း ရန်လိုတဲ့ ကျူးကျော်မှုဆိုပြီး တိုက်ခိုက်တော့မှာပါ။ ဗြိတိသျှသင်္ဘောက အဝေးကွင်းမှာ တစ်ယောက်တည်းသွားကန်ရတဲ့ ဘောလုံးသမားလိုမျိုး ဝိုင်းပြီး အတွယ်ခံရတော့မှာဖြစ်ပါတယ်။ ဗြိတိသျှတော်ဝင်ရေတပ်ကြီးက စစ်ကူလာမယ်ဆိုရင်တောင် အဝေးကြီးလာရမှာဖြစ်သလို မြေထဲပင်လယ်ကနေ ပင်လယ်နက်ထဲကိုဝင်ဖို့တောင် တူရကီရဲ့ခွင့်ပြုချက် လိုဦးမှာဖြစ်ပါတယ်။ တူရကီကလည်း နေတိုးဆိုပေမဲ့ ရုရှားနဲ့ ပိုအဆင်ပြေပြီး ရုရှားဆီက S400 ဒုံးခွင်းစနစ်တွေ ဝယ်ထားတာဆိုတော့ ဖြစ်လာရင် ဘယ်လိုရပ်တည်မလဲ မသိနိုင်ပါဘူး။ ဗြိတိသျှနဲ့ရုရှား မရှောင်သာလို့စစ်ဖြစ်ကြပြီဆိုရင် ရုရှားဆီက ဓာတ်ငွေ့ဝယ်သုံးနေရတဲ့ ဂျာမနီတို့က ဝင်ပါပါ့မလား။

ရုရှားကတော့ တရုတ်လို အစရှိအနောင်နောင်တော့ အဖြစ်ခံမယ့်ပုံမရှိပါဘူး။ " နောက်တစ်ခါ ဒီလို မပြောဘဲဝင်ရင် သင်္ဘောပေါ်တည့်တည့် ဗုံးကြဲပစ်မယ်လို့ မယ် " လို့ ပေါ်တင် ပြောလာတာ တွေ့ရပါတယ်။ ဘောရစ်ဂျွန်ဆင်ကတော့ တပင်ရွှေထီး ငယ်စဉ်တုန်းက ရန်သူဝိုင်းထားတဲ့ ရွှေမော်ဓောဘုရားပုရဝိုဏ်ထဲဝင်ပြီး နားထွင်းပြတာမျိုးလား၊ မရဲဘဲနဲ့ ကျွဲပြဲစီးချင်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်မျိုးလားဆိုတာကိုတော့ နောင်မှာပေါ်ပေါက်လာမယ့် အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဆောင်းပါးရှင် ကိုလှိုင်သည် နစက၏အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်ပြီး နိုင်ငံရေးသုတေသီတစ်ဦးလည်း ဖြစ်ပါသည်)

Related news

© 2021. All rights reserved.