အမေရိကန်က အီရတ်နှင့်ဆီးရီးယားကို လေကြောင်းမှတိုက်ခိုက်

597

ဝတီ (NP News)- ဇွန် ၂၈
အီရတ်နှင့် ဆီးရီးယားတွင် အီရန်က ကျောထောက်နောက်ခံပြုပေးထားသည့် လက်နက်ကိုင်အဖွဲ့များရှိပြီး ယင်းလက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်က ကြေညာလိုက်သည်ဟု ဇွန်လ ၂၇ ရက်ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်တပ်ဖွဲ့ကို ယင်းလက်နက်ကိုင်အဖွဲ့တို့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် ယင်းအဖွဲ့တို့၏လက်နက်သိုလှောင်ရာနေရာများကို ထိုသို့လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်ချက်တွင် ပြော သည်။ ''အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးရမယ်လို့ သမ္မတဘိုင်ဒန်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်''ဟု ပင်တဂွန်က ပြောသည်။
ယခုတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုသည် သမ္မတ ဖြစ်လာပြီးနောက် ဂျိုးဘိုင်ဒန် ခွင့်ပြုချက်ပေးသည့် ဒုတိယအ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။ အီရတ်တွင်အခြေစိုက်သည့် အမေရိကန်တပ်ဖွဲ့သည် ပြီးခဲ့သည့်လပိုင်းအတွင်းတွင် ဒရုန်းဖြင့်အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး အထက်ပါတိုက်ခိုက်မှုများတွင် ၎င်းတို့ ပယောဂ မပါကြောင်း အီရန်က ပြောသည်။ အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၅ဝဝ ခန့် တပ်စွဲထားပြီး အိုင်အက်စ် ဆိုသည့်အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို ချေမှုန်းတိုက်ဖျက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကြီးတွင် အမေရိကန် ပါ ဝင်သဖြင့် အမေရိကန်တပ်ဖွဲ့ဝင်များ အီရတ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ခုခံကာကွယ်သည့်အနေဖြင့်တိုက်ခိုက်သည့် ယင်းလေကြောင်းတိုက်ခိုက်မှုသည် ပစ်မှတ်ကို အတိအကျထိမှန်သည့် တိုက်ခိုက်မှု အမျိုးအစားဖြစ်ပြီး ဆီးရီးယားရှိ ပစ်မှတ်နှစ်ခုနှင့် အီရတ်ရှိ ပစ်မှတ်တစ်ခုကို ထိမှန်ခဲ့သည်ဟု ပင်တဂွန်ထုတ်ပြန်ချက်တွင် ပြောသည်။
ယင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားတွင် လက်နက်ကိုင်ဘက်မှ တိုက်ခိုက်ရေးသမားငါးဦး သေဆုံးသွားပြီး တိုက်ခိုက်ရေးသမားပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
#NPNews