ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် တရုတ်နှင့် ရုရှားသမ္မတ သဘောတူ

 594

ဝတီ (NP News) - ဇွန် ၂၉
ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အတူတကွလုပ်ဆောင်သွားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် ဇွန်လ ၂၈ ရက်နေ့က သဘောတူညီလိုက်ကြကြောင်း တရုတ်အာဏာရကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သည့်သတင်းစာတစ်ခုက သတင်းတင်ဆက်သွားသည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ် ၁ဝဝ ပြည့်နှစ်ပတ်လည်နေ့ မရောက်မီသုံးရက်အလိုတွင် ရှီနှင့် ပူတင်က အွန်လိုင်းဆွေးနွေးပွဲများ လုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်းကျန်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနေသည်ဟု ဒီမိုကရေစီနိုင်ငံအများစုက တရုတ်အစိုးရကို စွပ်စွဲပြောဆိုထားပြီး ဟောင်ကောင်တွင်ဖိနှိပ်ဖြိုခွဲမှုများ ရှိနေခြင်းအစရှိသည့် ပြဿနာများကြောင့် ဒီမိုကရေစီနိုင်ငံများက တရုတ်အစိုးရကို ဝေဖန်ပြောဆိုလျက်ရှိသည်။

ဇွန်လ ၂၈ ရက် အွန်လိုင်းဆွေးနွေးပွဲသည် အထက်ပါထိပ်သီးခေါင်းဆောင်နှစ်ဦး သီတင်းပတ်ခြောက်ပတ်အတွင်း ဒုတိ ယအကြိမ် ဆွေးနွေးပြောဆိုကြခြင်းဖြစ်သည်ဟု The Global Times သတင်းစာက ပြောသည်။ အဆိုပါခေါင်း ဆောင်ကြီးနှစ်ဦး မကြာခဏ တွေ့ဆုံဆွေးနွေးနေခြင်းသည် နှစ်ဦးနှစ်ဖက် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာသည်ကို ပြသနေသည့်အပြင် တရုတ်-ရုရှား ရင်းနှီးချစ်ကြည်မှုကို ပျက်ယွင်းအောင်လုပ်နေသည့် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုများကို အရှိုက်ထိုးလိုက်ရာလည်းရောက်ကြောင်း ယင်းသတင်းဌာနက ထည့်သွင်းသတင်းတင်ဆက်သွားသေးသည်။

အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးဆိုသည့် တရုတ်-ရုရှားစာချုပ်ကို ယင်းနှစ်နိုင်ငံက ၂၀၀၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုစာချုပ်ကို ခေါင်းဆောင်ကြီးနှစ်ဦးက တရားဝင် သက် တမ်းတိုးလိုက်သည်ဟုလည်း သိရသည်။ ကမ္ဘာကြီးတွင် မတည်မငြိမ်မှုများနှင့် အခြေအနေအပြောင်းအလဲများဖြစ်ပေါ်နေပြီး လူသားဖွံ့ဖြိုးတိုးတက်မှုမှာလည်း အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုအချိန်တွင် တ ရုတ်နှင့်ရုရှားက ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို အားအင်ဖြည့်သွင်းပေးလျက်ရှိကြောင်း ရှီက ပူတင်ကို ပြောသွားသေးသည်။
#NPNews

Related news

© 2021. All rights reserved.