နိုင်ငံရေးခွဲခြားမှုဆက်ဆံမှုတွေဖယ်ရှားပြီး ကိုဗစ်ကို Great Wall Immunity ဆန်ဆန် ကမ္ဘာ့နိုင်ငံအားလုံးက ဝိုင်းဝန်းတွန်းလှန်ရမယ်လို့ တရုတ်ပြော

 518

မိုးတိမ် (NP News) - ဇူလိုင် ၄
ကိုဗစ်ကပ်ရောဂါဆိုးဟာ ကမ္ဘာတစ်ဝန်းက နိုင်ငံတိုင်းလိုလိုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးမားတဲ့အန္တရာယ်ဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ နိုင်ငံရေးအရခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပြီး Great Wall ကြီးလိုမျိုး ထုထည်ကြီးမားတဲ့တည်ဆောက်မှုမျိုး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပြီလို့ တရုတ်နိုင်ငံရဲ့ထားရှိတဲ့ မူဝါဒအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားလိုက်ပါတယ်။

Tsinghua တက္ကသိုလ်မှာ ဇူလိုင်လ(၃)ရက်က ကျင်းပတဲ့ ကမ္ဘာ့ငြိမ်ချမ်းရေးဖိုရမ်အခမ်းအနား မိန့်ခွန်းကနေတစ်ဆင့် ကမ္ဘာတစ်လွှားကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သတင်းစကားပါးခဲ့တာလည်း ဖြစ်ပါတယ်။ “ ဒီလောက်စိန်ခေါ်မှုကြီးမားတဲ့အန္တရာယ်ကို ကျွန်တော်တို့တွေ အတူတကွ ရင်ဆိုင်ရပါမယ် ” လို့ ဝမ်ရိက ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံတစ်ခုတည်းရဲ့ပြသနာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကို တစ်နိုင်ငံချင်းစီက ကိုယ့်နည်းကိုယ်ဟန်တွေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြတာထက် အားလုံးပူးပေါင်းအဖြေရှာရင်းနဲ့ ဝိုင်းဝန်းတွန်းလှန်သွားရမှာဖြစ်တယ်လို့ အတိအလင်းပြောကြားလိုက်တာပါ။ “ အရေးကြီးဆုံးနဲ့အမြန်ဆုံးလုပ်ရမယ့် တည်ဆောက်မှုကြီးကတော့ Great Wall Immunity လိုမျိုးပါပဲ။ ဒီဗိုင်းရပ်စ်ကို ကာကွယ်တိုက်ထုတ်ဖို့အရေးမှာ နိုင်ငံရေးအရခွဲခြားဆက်ဆံမှုတွေ မလုပ်ကြဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုနေတာပါ ” လို့ ဝမ်ရိက ဆက်လက်ပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးခံတပ်ကြီးအဖြစ် Great Wall ကို တည်ဆောက်ခဲ့ရာမှာ ပူးပေါင်းလုပ်ဆောင်မှုစိတ်ဓါတ်ခွန်အားတွေကို အပြည့်အဝသုံးခဲ့ရသလို Great Wall ကြီးကြောင့်သာလျှင် အဲဒီခေတ်က တရုတ်နိုင်ငံသားတွေရဲ့ဘဝက လုံခြုံမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကိုဗစ်ကို ကာကွယ်တားဆီးရေးမှာ Great Wall Immunity လိုမျိုးက အရေးတကြီးလိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဥပမာပေး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကို စတင်ရင်ဆိုင်ခဲ့ရတဲ့ တရုတ်နိုင်ငံမှာတောင် ယနေ့အထိ နိုင်ငံသားအားလုံးကို ဆေးထိုးနှံမှုမပြီးသေးကြောင်း၊ ဒါပေမဲ့လည်း ကိုဗစ်ထိုးဆေးပေါင်း သန်း ၄၈၀ ကျော်ကို ကမ္ဘာ့နိုင်ငံအသီးသီးဆီ ထောက်ပံ့လှူဒါန်းမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ဆေးလည်း ထုတ်နိုင်သလို ဖွံ့ဖြိုးတိုးတက်ပြီးလည်း ဖြစ်နေတဲ့ ဓနအင်အားတောင့်တင်းမှုရှိတဲ့နိုင်ငံတွေဘက်ကနေ ဦးဆောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ ကိုဗစ်ကာကွယ်ဆေးတွေ များများနဲ့မြန်မြန်ဖြန့်ဝေပေးသွားဖို့ လိုအပ်နေတယ်လို့ တရုတ်မီဒီယာတွေကို ကိုးကားပြီး Reuters က ရေးသားဖော်ပြထားပါတယ်။

Related news

© 2021. All rights reserved.