ဖူးခက်ကို လျော့ပေါ့စည်းကမ်းများနဲ့ ခရီးသွားများ ဝင်ရောက်ခွင့်ပြုပြီးနောက် ထိုင်းမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်
380
ရောင်နီ (NP News) - ဇူလိုင် ၄
ထိုင်းနိုင်ငံဟာ ဖူးခက်ကျွန်းကို ကန့်သတ်ချက် လျော့ရဲစွာနဲ့ ပြန်လည်ဖွင့်လှစ်ကာ အပန်းဖြေဧည့်သည်တွေကို ကာကွယ်ဆေးထိုးနှံပေးနေတဲ့ကြားက ဘန်ကောက်ကဲ့သို့ အဆိုးရွားဆုံး ကူးစက်မှုခံစားနေရတဲ့ ပြည်နယ်တွေမှာ Semi Lockdown များ ချမှတ်ခြင်းနဲ့အတူ နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများအကြား ရုန်းကန်နေရပါတယ်။
ကာကွယ်ဆေးထိုးနှံမှု နှေးကွေးခြင်းကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တစ်နိုင်ငံလုံး အနှံ့အပြား Delta virus ကူးစက်မှုများလျှင်မြန်စွာ ကူးစက်ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ (ဇူလိုင် ၃ ရက်) က ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၆၂၃၀ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူ ၄၁ ဦးကို အစီရင်ခံခဲ့ပါတယ်။ သို့ပေမယ့် အဆိုးဆုံး တတိယလှိုင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံအတွက် ဒီကူးစက်မှုအရေအတွက်တွေဟာ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို မတားဆီးနိုင်ခဲ့ပါ။ ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကို ရက်ပေါင်း ၁၂၀ အတွင်း သို့မဟုတ် အောက်တိုဘာလလယ်မှာ ပြန်လည်ဖွင့်လှစ်ဖို့ ကတိပြုခဲ့ပါတယ်။ ကြာသပတေးနေ့က ဖူးခက်အပန်းဖြေစခန်းမှာ ကာကွယ်ဆေးထိုးနှံပြီးသား နိုင်ငံခြားသား ဧည့်သည် ရာပေါင်းများစွာကို ဝင်ရောက်ခွင့် ပြုခဲ့ပြီးနောက် စနေနေ့မှာ ယင်းစခန်းမှ ကူးစက်လူနာသစ် ၇ ဦး ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် များစွာမှီခိုနေရတဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့သည့်နှစ်က နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု ၈၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေဒေါ်လာ ၅၀ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၂၇၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၁၀၀ ကျော်ထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။