မြန်မာနိုင်ငံအတွက် အထူးသံတမန် ရွေးချယ်ဖို့ အာဆီယံသုံးနိုင်ငံကြား ညှိမရ ဖြစ်နေပြန်
734
ရောင်နီ (NP News) - ဇူလိုင် ၈
အာဆီယံဟာ မြန်မာရဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ တင်းမာမှုတွေကို ဖြေလျော့ပေးရန်အတွက် အထူးကိုယ်စားလှယ် သံတမန်ထားရှိမယ်လို့ ပြောခဲ့တာ သုံးလလောက်ရှိလာခဲ့ပေမယ့် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ထဲက တစ်ဦးဦးကို ရွေးချယ်ဖို့ကိစ္စမှာတောင် အချင်းချင်း ညှိမရဖြစ်နေပြန်ပါတယ်။
ယင်းဟာ မြန်မာစစ်တပ်ကို အုပ်ချုပ်မှု ခိုင်မာစေဖို့ အထောက်အကူ ပြုနေသလို ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြဿနာတွေအကြား ညှိနှိုင်းမှု ပြုလုပ်လိုတဲ့ အာဆီယံတွင်းရှိ အချို့နိုင်ငံတွေဟာ ကျေနပ်မှုမရှိ ဖြစ်လာပါတယ်။ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ၁၀ နိုင်ငံမှ ခေါင်းဆောင်များဟာ ငါးချက်သဘောတူညီချက်ကို သဘောတူ လက်ခံခဲ့ကြပါတယ်။ အာဆီယံ မျှော်မှန်းထားတဲ့ သံတမန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာအရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေမှာ နိုင်ငံတွင်းရှိ နိုင်ငံရေး ပါတီများကို တွေ့ဆုံကာ ဖျန်ဖြေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အာဆီယံ သတင်းရပ်ကွက်များမှ အဆိုအရ သံတမန်အဖြစ် စာရင်းတင်သွင်းထားသူ သုံးဦးရှိပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hassan Wirajuda နဲ့ ၂၀၀၀ ပြည့်နှစ်များက မလေးရှား ကုလသမ္မဂ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတွင်း ရင်ကြားစေ့သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်မှုတွေကို ပံ့ပိုးပေးခြင်း တာဝန်ထမ်းဆောင်ခဲ့သူ Razali Ismail ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံအားလုံးက ၎င်းတို့လူကိုသာ သံတမန်ဖြစ်စေချင်ကြပါတယ်။ အာဆီယံသတင်းရပ်ကွက်တစ်ခုမှ အဆိုအရ အဆိုပါနိုင်ငံများက ၎င်းတို့ အဆိုတင်သွင်းထားသူကိုသာ သံတမန်ဖြစ်စေလိုကြောင်း ခေါင်းမာနေခြင်းကြောင့် အာဆီယံသံတမန်ခန့်အပ်မှု နှောင့်နှေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက“ ဒီကိစ္စကို ဖြေရှင်းဖို့ နောက်ထပ်ဆွေးနွေးရဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေစဉ်မှာ မြန်မာစစ်တပ်အပေါ် သံတမန်အရေးကိစ္စနဲ့ ပတ်သတ်ပြီး မည်သည့်အရေးယူမှုမှ ဖိအားသက်ရောက်ခြင်း မရှိသေးပါ။ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝန် ပီဟင်ရူစွပ်(Erywan Pehin Yusof)ဟာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖို့ ဇွန်လအစောပိုင်းက မြန်မာနိုင်ငံကို လာရောက်စဉ် အဆိုပါ အထူးကိုယ်စားလှယ်အဖြစ် စာရင်းသွင်းခံရသူများ စာရင်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအတွက် စစ်တပ်ရဲ့ ရွေးချယ်မှု ပါဝင်ခဲ့လားဆိုတာတော့ တရားဝင်စာ မထွက်သေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံက သူတို့ရွေးချယ်ထားတဲ့ Hassan ဟာ အထူးကိုယ်စားလှယ်သံတမန်အဖြစ် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားကြပါတယ်။ သို့ပေမယ့် စစ်တပ်က ထိုင်းကိုယ်စားလှယ်လောင်းကို ရွေးချယ်ချင်ပုံရပါတယ်။ အကြောင်းကတေ့ာ တပ်မတော်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံကို စိတ်မဝင်စားတော့ဘဲ ထိုင်းနိုင်ငံရဲ့ ပိုမိုကောင်းမွန်သော နိုင်ငံရေးသြဇာနဲ့ မူဝါဒသြဇာလွှမ်းမိုးမှုရှိခြင်းကို ပိုမိုနှစ်သက်နေခြင်းကြောင့် ဖြစ်ပါတယ်။
အာဆီယံနိုင်ငံများအကြား မညီညွတ်ခြင်း လက္ခဏာဟာ ဧပြီလမှာ ပြုလုပ်တဲ့ အာဆီယ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ မတက်ရောက်ခြင်းမှ စတင်ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံအတွက် “ အောင်မြင်မှု” အဖြစ် သတ်မှတ်နိုင်ပေမယ့်လည်း အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိရတဲ့ မူဝါဒကြောင့် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဖို့ ခက်ခဲလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ Gadjah Mada တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ Muhadi Sugiono က ဆိုပါတယ်။ မလေးရှားကတော့ သံတမန်အတွက် စိတ်ဝင်စားနေပေမယ့် အင်ဒိုနီးရှားလို အင်အားမကောင်းတာကြောင့် ခိုင်ခိုင်မာမာ တွန်းအားမပေးနိုင်သေးကြောင်း သတင်းရပ်ကွက်များက ဆိုပါတယ်။ စင်ကာပူနိုင်ငံကတော့ ယခုအချိန်အထိ မည်သည့်သံတမန်လောင်းကိုမှ ရွေးချယ်တင်မြှောက်ခြင်း မရှိသေးပါဘူး။ ဒီအတောအတွင်း ဘရူနိုင်းနိုင်ငံဟာ လက်ရှိအာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာစစ်တပ်ကို အာဆီယံ သံတမန်သုံးဦးမှ ရွေးချယ်မှုတစ်ခုတည်းကိုသာ ရွေးချယ်ဖို့အတွက် စည်းရုံးသိမ်းသွင်းဖို့ တွန်းအားပေးနေပါတယ်။
သို့ပေမယ့် အာဆီယံနဲ့ မြန်မာအတွက် အထူးသံတမန်နဲ့ ပတ်သက်တဲ့ နောက်ဆုံးသဘောတူညီချက် အခုထိ မရသေးဘူးလို့ အမည်စာရင်းတင်သွင်းရန် အဆိုပြုထားတဲ့ နိုင်ငံသုံးနိုင်ငံမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ "အခုအချိန်အထိတုန့်ပြန်မှုမရှိပါဘူး" လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အထူးကိုယ်စားလှယ် ပြဿနာဟာ အမည်စာရင်း တင်သွင်းထားတဲ့နိုင်ငံများရဲ့ပြည်တွင်းရေးနဲ့ ရောယှက်နေပုံရပါတယ်။ ၎င်းတို့ရဲ့ရည်မှန်းချက်ဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ထက် ပိုနိုင်တယ်လို့ အာဆီယံသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ အင်ဒိုနီးရှားတက္ကသိုလ်မှ နိုင်ငံတကာဥပဒေပါမောက္ခ Hikmahanto Juwana က အထူးသံတမန်အခန်းကဏ္ဍမှာ မြန်မာပြည်သူများရဲ့အသံကို နားထောင်ရန်နဲ့ အာဆီယံ စောင့်ကြည့်ရတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် ကြားဖြတ်အစိုးရတည်ထောင်ဖို့ အဆိုပြုရန် လိုအပ်ကြောင်း ထောက်ပြပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကိုတွန်းအားပေးရန်အတွက် အခြားနိုင်ငံများ၊ အထူးသဖြင့် မြန်မာနိုင်ငံက အားကိုးအားထားပြုနေရတဲ့ တရုတ်နိုင်ငံနဲ့လည်း ဆက်သွယ်မှုပြုရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မယ့်အစား အာဆီယံရဲ့ လုပ်ဆောင်နိုင်မှုများကို ပြသရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။