မြန်မာလူငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန် အမြတ်ထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသား ထောင်ဒဏ် (၁၂) နှစ် ပြစ်ဒဏ်ပေးခံရ
2182
ဂျန်ဇက် (NP News) - ဇူလိုင် ၉
ဗြိတိန်နိုင်ငံ Chelmsford Crown တရားရုံးက မြန်မာကလေးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်အမြတ်ထုတ်သည့်အတွက် ဗြိတိန်နိုင်ငံသား Christopher Behnကို ဇူလိုင်လ (၈)ရက်နေ့တွင် ထောင်ဒဏ်(၁၂)နှစ်ပြစ်ဒဏ်ပေးခဲ့ကြောင်း CPS ၏ ထုတ်ပြန်ချက်အရသိရသည်။
ဗြိတိန်အာဏာပိုင်များသည် အသက် ၆၆နှစ်အရွယ်ရှိ Christopher Behn ၏ Garmin device အတွင်းမှအချက် အလက်ဒေတာများကို သက်သေအဖြစ်ရရှိခဲ့ပြီးနောက် ရာဇာဝတ်မှုနှင့်စွဲချက်တင်ခဲ့ကာ တရားရုံးကထောင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Christopher Behn သည် ၂ဝ၁၆ခုနှစ် နိုဝင်ဘာလက စက်ဘီးစီးခရီးစဉ်တစ်ခုတွင်ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက် ငပ လီကမ်းခြေတွင် လေးညကြာတည်းခိုနေထိုင်ခဲ့ရာ နွမ်းပါးသည့် လူငယ်လေးများကိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် အသက် (၁၃) နှစ်အောက်မြန်မာနိုင်ငံသားလူငယ် (၁၁)ဦးကိုကိုယ်လုံးတီးချွတ်ပုံစံဖြင့် ဓါတ်ပုံရိုက်ကူးကာလူမူကွန်ရက်ပေါ်တွင် တင်ခဲ့ပြီး အဆိုပါ လူငယ်များထဲမှတစ်ဦးကိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့ကြောင်းသိရသည်။ နိုင်ငံတကာ တရားမျှ မှုနှင့်ရာဇာဝတ်မှုများကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေများအဖွဲ့(CPS) မှ ရှေ့နေဖြစ်သူ Giorgina Venturella က" မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို ကျူးလွန်တဲ့ Christopher Behn ရဲ့လုပ်ရပ်ဟာ ယုတ်မာတဲ့လုပ်ရပ်ဖြစ်တယ်။ ကလေးငယ်ကို လိင်ပိုင်းဆိုင်ကျူးလွန်စော်ကားရုံတင်မကဘဲ ကိုယ်လုံးတီးချွတ်ပုံတွေကိုဓါတ်ပုံရိုက်ကာလူမူကွန်ရက်မှာတင်ခဲ့တယ်။ အဲဒီအပြုအမှုတွေဟာ ဆိုး ရွားလွန်းတယ်။ သူရဲ့ကျူးလွန်စော်ကားမှုတွေဟာ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုလည်း များစွာထိခိုက်စေတယ်"ဟု ပြောသည်။
Christopher Behnကို ၂ဝ၂ဝ ခုနှစ်ဖေဖော်ဝါရီလက နောက်ထပ်ခရီးစဉ်တစ်ခုမထွက်ခွာမီ Gatwick လေဆိပ်တွင် ၎င်း၏ပစ္စည်းများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#NPNews