မြောက်ကိုရီးယားတွင် စံချိန်တင် အပူလှိုင်းများ ဖြစ်ပေါ်နေ
484
ရောင်နီ (NP News) - ဇူလိုင် ၂၃
မြောက်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် စံချိန်တင် အပူလှိုင်းများဖြစ်ပေါ်နေကြောင်း အစိုးရ သတင်းမီဒီယာက ဇူလိုင် ၂၁ ရက်နေ့က သတိပေးပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီ၌ နိုင်ငံ၏အပူချိန်သည် ပျှမ်းမျှရှိနေကြ ၃၅ ဒီဂရီ စင်တီဂရိတ်ထက် စံချိန်တင် မြင့်တက်လာ ကြောင်းသိရသည်။ ဇူလိုင်လ ၂၁ ရက်က ပြုံယမ်းအဓိကလမ်းများပေါ်တွင် လမ်းလျှောက်သွားလာနေကြသော ဒေသခံများက ထီးများနှင့် လက်ကိုင်ပန်ကာများ၊ ရိုးရာ ရေခဲမုန့်များစားသုံးကာ ပူပြင်းလှသည့် အပူချိန်ကို အံတုသွားလာနေခဲ့ကြရသည်။။
ရာသီဥတု ဆိုးရွားနေသော်လည်း Covid-19 ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် လူတိုင်းသည် ကိုဗစ်စည်းကမ်းအတိုင်း နှာခေါင်းစည်း တပ်ဆင်ထားကြဟုသိရသည်။ လူဦးရေ၏ ၃ ပုံ ၁ ပုံသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီး၊ မြောက်ကိုရီးယားတွင် ဆင်းရဲနွမ်းပါး အိမ်အများစုမှာမူ လေအေးပေးစက် မသုံးနိုင်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတော်သတင်းမီဒီယာများမှ အန္တရာယ်ရှိသည့် အပူချိန်မြင့်မားမှုနှင့်ပတ်သက်၍ သတိပေးချက်များစွာထုတ်ပြန်ကြေညာခဲ့သည်။
တိုင်းပြည်တစ်ဝှမ်းရှိ နယ်ပယ်များစွာ၊ ဒေသများစွာရှိ အရာရှိများနှင့် အလုပ်သမားများသည် ပြင်းထန်သည့် အပူချိန်နှင့်မိုးခေါင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ကာကွယ်ပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း Rodong Sinmun သတင်းစာက ဖော်ပြခဲ့သည်။
သစ်တောရေးရာ တာဝန်ရှိသူများအနေဖြင့် တောမီးလောင်မှုကို စောင့်ကြည့်သင့်ကြောင်း၊ စိုက်ပျိုးရေးလုပ်သားများမှ ပိုးမွှားများနှင့် အပူကြောင့် သီးနှံများပျက်စီးမှုကို သတိပြုသင့်ကြောင်းကို သတင်းစာ၌ ထပ်လောင်းဖော်ပြခဲ့ပြန်သည်။ မြောက်ကိုရီးယား၌ ယခုလကုန်ပိုင်းတွင် အပူလှိုင်းကျရောက် မှုနှင့် ထပ်မံကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ပြီးခဲ့သော နွေရာသီကလည်း တိုင်ဖွန်းမုန်တိုင်းများကြောင့် နိုင်ငံအတွင်း လယ်ယာမြေများ ဆုံးရှုံးခဲ့ရပြီး ထောင်နှင့်ချီသော နေအိမ်များ ပျက်စီးခဲ့ရသည်။ ဇွန်လပိုင်းလောက်ကလည်း ခေါင်းဆောင်ကင်ဂျုံအန်သည် ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံမှုမရှိကြောင်းဝန်ခံခဲ့ပြီး သဘာဝဘေးအန္တရာယ် သက်ရောက်မှုများ လျှော့ချနိုင်ရန်အတွက် လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့သည်။
#NPNews