ကိုဗစ်လူနာတွေအတွက် ယာယီစင်တာ(၅၃)ခုကို ဘန်ကောက်မှာ ဖွင့်မှာဖြစ်ပြီး ဆေးနောက်ကျခဲ့ခြင်းအတွက် ထိုင်းတာဝန်ရှိသူများက တောင်းပန်
657
မိုးတိမ် (NP News) - ဇူလိုင် ၂၃
ထိုင်းအစိုးရ ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ဟာ ကိုဗစ်ကြောင့် ဆေးရုံကိုတက်ရောက်ကုသမှု ခံယူရမယ့်သူတွေ စောင့်ဆိုင်းမှုမှာအဆင်ပြေစေဖို့အတွက် ယာယီကုသရေးစင်တာ(၅၃)ခု ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး(၂၃)ခုကိုတော့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ ကိုဗစ်တတိယလှိုင်းနဲ့အတူ ကူးစက်မှုနှုန်းက ပြန်လည်ကြီးထွားလာနေတာကြောင့် ကုသရေးအပိုင်းမှာပါ အကြပ်အတည်းတွေ စတင်ဖြစ်ပေါ်လာနေပါတယ်။ ဒီအခြေအနေတွေကြောင့် ဆေးရုံတင်ရမယ့်လူနာတွေဟာ ဆေးရုံကိုမရောက်မီ ကြားဖြတ်အရေးပေါ်ကုသရေးဆိုင်ရာ စင်တာတွေလည်း လိုအပ်လာနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးစီမံခန့်ခွဲသူတွေဟာ အရေးပေါ်ယာယီကုသရေးစင်တာ(၅၃)ခုကို စီစဉ်ထားပြီဖြစ်သလို ဇူလိုင်(၂၃)ရက်မှာတော့ စင်တာ(၂၃)ခုကို စတင်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ စင်တာ(၂၃)ခုကနေ ဆေးရုံမတင်မီ ကိုဗစ်လူနာပေါင်း(၃၃၉၀)ဦးစာ ကုတင်ပြင်ဆင်ထားပြီး ယာယီကုသမှုပေးနိုင်မှာဖြစ်သလို လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုလုပ်ပြီးတာနဲ့ ဆေးရုံဆီကို ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ ဆေးရုံတွေမှာ တန်းစီစောင့်နေရတဲ့လူနာတွေ များပြားလာချိန်မှာ မလိုလားအပ်တဲ့အသက်ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် ဒီစင်တာတွေကနေ ယာယီထိန်းထားပေးမှာ ဖြစ်ပါတယ်။ မြို့တော်ဝန် Aswin Kwanmuang က ဇူလိုင်လ(၂၃)ရက်မှာ အသိပေးလိုက်တာကတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့ စင်တာ(၃၀)ကိုလည်း လာမယ့်လအတွင်း အပြီးသတ်ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။ စုစုပေါင်း စင်တာ(၅၃)ခုကနေ လူနာပေါင်း(၆၀၁၃)ဦးအထိ ယာယီထိန်းထားပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းအစိုးရအမျိုးသား ကာကွယ်ဆေးထုတ်လုပ်မှုအဖွဲ့က ထိုင်းပြည်သူတွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကုသပေးနိုင်မယ့်ဆေးဝါးထုတ်လုပ်မှုအပိုင်းမှာ နှေးကွေးခဲ့ခြင်းကြောင့် ပြည်သူတွေ ရောဂါခံစားရတာဖြစ်တဲ့အတွက် ဒီတာဝန်ဟာ သူတို့မှာသာ ရှိတယ်လို့ ထိုင်းအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ဆေးထုတ်လုပ်မှုအဖွဲ့ ညွှန်ကြားရေးမှူး Nakorn Premsri က မီဒီယာတွေကနေတစ်ဆင့် ပြည်သူတွေကို တောင်းပန်စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဆေးထုတ်လုပ်မှုကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း ကတိပေးခဲ့သလို ပြည်ပကနေတင်သွင်းလာမယ့်ဆေးတွေကိုလည်း စစ်ဆေးမှုအပိုင်းမှာ မြန်မြန်လုပ်ပေးပြီး ပြည်သူတွေကို မြန်မြန်ထိုးပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။