မြို့နယ်အလိုက် အောက်ဆီဂျင်ထောက်ပံ့ရေးလုပ်ငန်းစဉ်များ စတင်ပြီဟု ရန်ကုန်စစ်ကောင်စီဥက္ကဋ္ဌ အသိပေး

 1103

အေဝိုင်အီး (NP News) - ဇူလိုင် ၂၄
မြို့နယ်အလိုက် အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များကို ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး စက်ရုံသုံးရုံမှတစ်ဆင့် နေ့စဉ်ကိုယ်စားဖြည့်ပေးမည့်အစီအစဉ်ကို ဇူလိုင်(၂၄)ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်စစ်ကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အသိပေးသည်။

ရန်ကုန်တိုင်းဒေသကြီးစစ်ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ဇူလိုင်လ(၂၄)ရက် နံနက်ပိုင်းတွင် အသိပေးလိုက်ခြင်းဖြစ်ပြီး အောက်ဆီဂျင်ထောက်ပံ့ပို့ဆောင်ပေးမှုကို နံနက်ပိုင်းလာအပ်ပြီး ညနေပိုင်း ယူရမည့်အစီအစဉ်မျိုးဖြစ်ကြောင်းလည်း ဆိုသည်။ “ မြို့နယ်အလိုက်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့တွေဖွဲ့ပြီးပါပြီ။ လူနာအတွက်အမှန်တကယ်လိုသူတွေအနေနဲ့အောက်ဆီဂျင်ထည့်ဖို့ ဆလင်ဒါ အိုးလွတ်များ အမှတ်အသားပြုပြီးပေးပို့ထားပါ။ မြို့နယ်အဖွဲ့က Liquid Oxygen ကို ဓါတ်ငွေ့ဖျော်ပေးတဲ့စက်ရုံ ၃ ရုံကို မိဘပြည်သူတွေကိုယ်စား အပင်ပန်းခံပြီးသွားရောက်ဖြည့်တင်းပေးပါမယ်။ မနက်ပို့ ညနေယူ။ ညနေပို့ နောက်နေ့မနက် ပြန်ယူစနစ်ပါ။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များနဲ့ပူးပေါင်းဖွဲ့စည်းထားပါတယ်။ မြို့နယ်အလိုက် အများပြည်သူသွားလာဖို့လွယ်ကူတဲ့နေရာမှာ အောက်ဆီဂျင်ဝေတဲ့စခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ မြို့နယ်ထွေအုပ်ရုံးကို ဖုန်းနဲ့စုံစမ်းနိုင်ပါတယ် ” ဟု ဦးလှစိုးက ရေးသားထားသည်။ ယင်းလုပ်ငန်းစဉ်တွင်လည်း တန်းစီတိုးပြီးအမြတ်တင်ရောင်းသူရှိပါက မြို့နယ်အဖွဲ့က ထောက်လှမ်းစုံစမ်း၍ အရေးယူမည်ဖြစ်ကြောင်း၊ လိုရမယ်ရ အပိုသိမ်းထားမည့်သူများကိုလည်း ပေးမည် မဟုတ်ကြောင်း၊ အောက်ဆီဂျင်အမှန်တကယ်လိုအပ်သူများအနေဖြင့် ထောက်ခံစာယူလာရန် မလိုသည့်အပြင် ထောက်ခံစာအတွက်သော်လည်းကောင်း၊ အခြားသောအကြောင်းပြချက် တခုခုဖြင့် သော်လည်းကောင်းငွေပေးရန် မလိုကြောင်းလည်း ဆိုသည်။ အောက်ဆီဂျင်အမှန်တကယ် အသုံးပြုမည့် လူနာအမည်၊ မှတ်ပုံတင်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကို မှတ်တမ်းရေးသွင်းရန်ပြောပြရမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် လိုသလောက်မရနိုင်သေးသော်လည်း အမှန်တကယ်လိုအပ်နေသူများကို ရစေရမည်ဖြစ်ကြောင်းလည်း ဦးလှစိုးက ရေးသားထားသည်။ အောက်ဆီဂျင်ဖြန့်ဝေမှုလုပ်ငန်းစဉ်၏ အစပိုင်း၌ ခက်ခဲနိုင်မည်ဖြစ်သော်လည်း စနစ်မှန်သွားပါက ချောမွေ့သွားလိမ့်မည်ဖြစ်ကြောင်း၊ ပုံမှန်အောက်ဆီဂျင်အိုး ထုတ်လုပ်နေသည့် စက်ရုံများအားလုံးကို မည်သည့်ထိန်းချုပ်မှုမှ လုပ်မထားဘဲ အများပြည်သူကို ပုံမှန်ဈေးဖြင့် လွတ်လပ်စွာရောင်းချနိုင်ကြောင်းလည်း ဆိုသည်။

အောက်ဆီဂျင် အိုးမရှိသေးသူများ သို့မဟုတ် အိုးမဝယ်နိုင်သည့်သူများအတွက်လည်း မြို့နယ်အလိုက် ပရဟိတအဖွဲ့များနှင့်ပေါင်းစပ်၍ ကူညီဖြေရှင်းပေးသွားရန်လည်းစီစဉ်ထားကြောင်း ဦးလှစိုး၏ရေးသားထားချက်များအရ သိရသည်။

Related news

© 2021. All rights reserved.