အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူ နဲ့ NUG အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
1893
ဂျန်ဇက် (NP News) – သြဂုတ် ၅
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ NUG ကိုယ်စားလှယ်နဲ့ သြဂုတ်လ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အခုတွေ့ဆုံမှုဟာ အမေရိကန်အစိုးရနဲ့ မြန်မာပြည်ပြေးအစိုးရ NUG အဖွဲ့ကြား ပထမတွေ့ဆုံဆွေးနွေးမှုဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ယူထားတဲ့ ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ NUG ဟာ ရွေးကောက်ခံအစိုးရအဖွဲ့က အဖွဲ့ဝင်တွေအပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ပြိုင်ဘက်အဖွဲ့ဝင်တွေ နဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။
"Wendy Sherman နဲ့ ဇင်မာအောင်တို့ဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရှိရေးကိစ္စတွေ ကို ဆွေးနွေးခဲ့တယ်။ ဒါ့အပြင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အမေရိကန်အစိုးရ ကူညီပေးရေး၊ မြန်မာနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမြင့်တက်မှုတွေကို တိုက်ဖျက်နိုင်ဖို့နဲ့ မြန်မာပြည်သူ တွေကို လူသားချင်းဆိုင်ရာ အကူအညီတွေပေးဖို့ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့(၆) လကျော်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စီးပွားရေးပြိုလဲခဲ့တဲ့အပြင် ကျန်းမာရေးစနစ်ပါ ကမောက်ကမဖြစ်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ခံရသူ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့လတွေမှာ လူသားချင်းဆိုင်ရာအခက်အခဲများစွာဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေပေမယ့် အမေရိကန်အစိုးရအဖွဲ့ထံကနေတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ လက်ခံရရှိတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ အာဏာ သိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆို ခဲ့ဖူးပါတယ်။
#NPNews