ပြည်လမ်း မြန်မာအသံဝင်းဂိတ်ပေါက်ကို အကြမ်းဖက်သမားက လာရောက်ပစ်ခတ်မှု၌ အရပ်သားတစ်ဦး ဒဏ်ရာရ
1781
Iris (NP News) - သြဂုတ် ၈
ပြည်လမ်းမပေါ်ရှိ မြန်မာအသံဝင်းဂိတ်ပေါက်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်သားများအား အမည်မသိအကြမ်းဖက်သမားများက Mark II ကားဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရသွားခဲ့ကြောင်း သတင်းရရှိသည်။
အခင်းဖြစ်စဉ်မှာ သြဂုတ်လ(၇)ရက်ည(၉)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဟု သိရပြီး ကနဦးထွက်ပေါ်လာခဲ့သော သတင်းများ၌ ကားတစ်စီးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များဘက်ကလည်း ပြန်လည်ပစ်ခတ်မှုဖြင့် အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း၌ အရပ်သားတစ်ဦးအပြင် စစ်သားတစ်ဦးလည်း ဒဏ်ရာရသွားသည်ဟု ဖော်ပြကြသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးက သြဂုတ်လ(၈)ရက်၌ သတင်းထုတ်ပြန်မှု၌ “ အကြမ်းဖက်သောင်းကျန်းသူများ မောင်းနှင်လာသည့် Mark II အဖြူရောင်ယာဉ်တစ်စီးသည် သြဂုတ်လ(၇)ရက် ည(၉)နာရီခန့်တွင် ပြည်လမ်းအတိုင်း မြောက်မှတောင်ဘက်သို့ မောင်းနှင်လာပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရေး ဝင်ပေါက်ဂိတ်ကို သေနတ်ဖြင့် ပစ်ခတ်၍ ဦးဝိစာရလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည် ” ဟု ဖော်ပြထားသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်သောဆေးဝါးများ ကုသပေးနေကြောင်းလည်း ဖော်ပြထားသည်။ ယင်းအပြင် အကြမ်းဖက်ပစ်ခတ်သွားသူကို မြို့နယ်အလိုက် ပိတ်ဆို့ရှာဖွေမှုများ စတင်လုပ်ဆောင်နေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားကြောင်း ထုတ်ပြန်အသိပေးထားသည်ကို တွေ့ရသည်။
လူမှုကွန်ရက်မီဒီယာများတွင် ဖော်ပြချက်၌ ဒဏ်ရာရသွားသူမှာ အဆိုပါလမ်းပေါ်တွင် ကားမောင်းလာသည့် လမ်းမတော်မြို့နယ်နေ အသက်(၃၂)နှစ်အရွယ် ဒေါက်တာ ပြေသိန်းဆိုသူဖြစ်ပြီး ဝမ်းဗိုက်ရှပ်ထိ(ပွန်းပဲ့) ဒဏ်ရာတစ်ချက်၊ ဝဲဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။