မလေးရှားအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားသူများကို အပြည့်အဝသွားလာလှုပ်ရှားခွင့်ပေးမယ်လို့ ပြော
762
ဂျန်ဇက် (NP News) - သြဂုတ် ၉
မလေးရှားအစိုးရအနေနဲ့ ပြည်နယ် (၈) ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားတဲ့ပြည်သူတွေကို
ကိုဗစ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုဖြေလျော့ပေးမယ်လို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်က နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် လျော့ကျလာသလို ကာကွယ်ဆေးထိုးထားသူ အရေအတွက်များလာတဲ့အတွက် ပြည်နယ် (၈) ခုမှာ ဖြေလျော့ပေးဖို့အစီအစဉ် တွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေဖြေလျော့ပေးမယ့်အစီအစဉ်အရ စားသောက်ဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေသို့ သွားရောက်ခြင်းကို သြဂုတ်လ ၁ဝ ရက်နေ့မှစတင်ပြီး ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
"လူအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်ပြီး အလွန်မောပန်းခဲ့ရတာကို နားလည်ပါ တယ်" လို့ ဝန်ကြီးချုပ် Muhyiddin Yassinက က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်ခဲ့တဲ့အတွက် ဇွန်လ ၁ ရက်နေ့ကတည်းက စတင် ပြီး ပြည်နယ်အများအပြားမှာ Lockdown ချမှတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက် ဖြေလျော့ပေးမယ့်အစီအစဉ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နှုန်းမြင့်နေဆဲဖြစ်တဲ့ မြို့တော် ကွာလာလမ်ပူနဲ့အနီးတဝိုက်မြို့တွေကတော့ လတ်တလောအခြေအနေအရ မပါဝင်သေးဘူးလို့ သိရပါတယ်။
မလေးရှားအစိုးရအနေနဲ့ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီးသားသူများ နဲ့ Quarantine ဝင်ထားတဲ့ ပြည်တော်ပြန်များကို ထိုကန့်သတ်မှုဖြေလျော့တဲ့အစီအစဉ်ထဲထည့်သွင်းခဲ့ပြီး လွတ်လပ်စွာသွားလာ လှုပ်ရှားခွင့် ပေးဖွယ်ရှိနေပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍအများအပြားကို ကန့်သတ်မှု လျော့ချပေးမယ့်အစီအစဉ်ထဲ ထည့်သွင်းစဉ်းစားနေပြီး မကြာမီအချိန်မှာ ပုံမှန်အတိုင်းပြန်လုပ်ခွင့် ပေး ဖွယ်ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ၂၈ ရက်ကြာရှိနေသူများနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီး ၁၄ ရက်ကြာရှိနေသူများကိုလည်း ကန့်သတ်မှုဖြေလျော့ပေးမယ့် အစီအစဉ်တွေထဲ ထည့်သွင်းသွား မယ်လို့ မလေးရှားဝန်ကြီးချုပ်ကဆိုပါတယ်။
#NPNews