အိုးဘိုထောင်၌ အချုပ်သားများက သီချင်းများ အော်ဟစ်သီဆိုခဲ့သဖြင့် တာဝန်ခံအရာရှိက ဥပဒေနှင့်မညီကြောင်း သတိပေးတားမြစ်ခဲ့ရဟု ဆို

 853

Iris (NP News) - သြဂုတ် ၉
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း၌ သြဂုတ်လ(၈)ရက်ညပိုင်းက အချုပ်သားအချို့က ကြွေးကြော်၍ သွေးသစ္စာသီချင်းကို သီဆိုခဲ့သဖြင့် ထောင်တာဝန်ခံများက အကျဉ်းထောင်ဥပဒေနှင့်အညီ သွားရောက်တားမြစ်သတိပေးမှုများ လုပ်ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။

သြဂုတ်လ(၈)ရက် ညပိုင်း(၉)နာရီခန့်က (၈)လေလုံးအထိမ်းအမှတ်ဆန်ဆန်သဘောမျိုးဖြင့် အချုပ်သားများက အော်ဟစ်ကြွေးကြော်သီချင်းဆိုခြင်းများလုပ်ခဲ့သည်ကို လူမှုကွန်ရက်စာမျက်နှာထက်၌ တွေ့ခဲ့ရပြီး ယင်းဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနဘက်ကလည်း သြဂုတ်လ(၉)ရက်တွင် အသိပေးပြောကြားသည်။ “ ညဘက်(၉)နာရီမှာ မီးပိတ်ဖို့ သံချောင်းခေါက်တဲ့အချိန်မှာ အကျဉ်းထောင်အိပ်ဆောင်(၃)ဘက် အပေါ်ထပ်အခန်း(၁-၂-၃)မှာ ထိန်းသိမ်းထားတဲ့ ပုဒ်မ(၅၀၅)နဲ့ တရားစွဲခံထားရတဲ့ အချုပ်သားတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ အကျဉ်းသားလွတ်မြောက်ရေးကို ကြွေးကြော်ပါတယ်။ သွေးသစ္စာသီချင်းကို ဆိုတယ်။ သူတို့လုပ်တာကို ကြားကြားချင်း အိပ်ဆောင်မှူးကနေပြီးတော့ တားမြစ်ခဲ့ပါတယ်။ အကျဉ်းထောင်စည်းကမ်းနဲ့ မညီကြောင်း ပြောပါတယ်။ အိပ်ဆောင်မှူးရဲ့အမိန့်ကို မနာခံတဲ့အခါမှာ တာဝန်ခံအရာရှိကို သတင်းပို့ပါတယ် ” ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောသည်။ တာဝန်ခံအရာရှိထံ တင်ပြမှုကြောင့် အရာရှိက အော်ဟစ်သီဆိုနေကြသူများအား ဖြစ်ချင်သည့်အကြောင်းအရာကို မေးမြန်းပြီးသည့်နောက် သီချင်းဆိုခြင်းများလည်း ရပ်သွားခဲ့ကြောင်း သိရသည်။ “ ဖြစ်စဉ်ကတော့ ငါးမိနစ်လောက်ပါပဲ။ သူတို့က (၈)ရက်(၈)လကို အကြောင်းပြုပြီး ဒါလေး လုပ်လိုက်တဲ့သဘောမျိုးပါ။ တကယ်တမ်းကျတော့ အကျဉ်းထောင်စည်းကမ်းနဲ့ မညီဘူးဆိုတာကို သိသွားတော့ ချက်ခြင်းရပ်သွားကြပါတယ် ” ဟု ဦးချမ်းအေးကျော်က ပြောသည်။

တာဝန်ခံအရာရှိနှင့် အချုပ်သားများ စကားပြောပြီးချိန်တွင် တောင်းဆိုချက်များကိုလည်း သိပြီးသည့်နောက် သီချင်းဆိုခြင်းျားကို ရပ်တန့်သွားခဲ့ကြောင်း၊ ယင်းအချိန်တွင် ပုံမှန်ဖွင့်နေကျအတိုင်း ပဌာန်းတရားတော်များကို ဖွင့်ပေးခဲ့ကြောင်းနှင့် အော်ဟစ်ခဲ့ကြသူများတွင် အပေါ်ထပ်အိပ်ဆောင်ရှိ အချုပ်သားအားလုံးမဟုတ်ဘဲ (၄၀)ခန့်သာ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Related news

© 2021. All rights reserved.