ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းအား ကုလပဋိဉာဏ်ကိုချိုးဖောက်သည့် ကျင့်ဝတ်မလိုက်နာသူဟူ၍ အိမ်စောင့်အစိုးရ တုံ့ပြန်

 1460

Iris (NP News) - သြဂုတ် ၁၂
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရ်နာဘာဂ်နာသည် ကုလသမဂ္ဂ၏ ပဋိဉာဏ်စာတမ်းပါအခြေခံမူများကို ချိုးဖောက်သည့် ကျင့်ဝတ်လိုက်နာမှုမရှိသော ကိုယ်စားလှယ်ဖြစ်ကြောင်း အိမ်စောင့်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်တုံ့ပြန်လိုက်သည်။

ခရစ္စတင်း ရှာရ်နာက သြဂုတ်လ(၁၀)ရက်တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ယင်းတွင် အခြေအမြစ်မရှိ စိစစ်ခြင်းမရှိသည့်အချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သြဂုတ်လ(၁၂)ရက်တွင် ပြန်လည်တုံ့ပြန်ထားခြင်း ဖြစ်သည်။ ခရစ္စတင်းအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့် သတင်းအချက်အလက်များအပေါ် အခြေခံကာ တစ်ဖက်သတ်စွပ်စွဲ ပြောကြားထားပြီး အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ အစိုးရ၏ ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များမှ ပုံမှန်ထုတ်ပြန်အသိပေးနေသည့် သတင်းအချက်အလက်များကို လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဖွဲ့စည်းစေလိုကြောင်းဖြင့် အဆိုပြုမှုများသည် မြန်မာနိုင်ငံအပေါ် မလိုလားအပ်သော နိုင်ငံရေးဖိအားပေးသည့် သဘောသက်ရောက်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း ပြသသည့်အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်မှုကို လက်ခံခဲ့ပြီးဖြစ်သည့်အတွက် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အားခန့်အပ်သည့်အဆိုကို လက်မခံ ပယ်ချခဲ့သော်လည်း ကုလသမဂ္ဂ နှင့်အပြုသဘောပူးပေါင်းဆောင်ရွက်မှုကိုပြသသည့်အနေဖြင့် အထူးကိုယ်စားလှယ်နှင့် ၂၀၁၈ ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတော် တာဝန်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အိမ်စောင့်အစိုးရဖွဲ့စည်းခဲ့ပြီးဖြစ်ကာ အိမ်စောင့်အစိုးရအနေဖြင့် တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီသို့ နိုင်ငံတော်တာဝန်အား ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အပြည့်အဝ ကတိကဝတ်ပြုမှုကို သိသာထင်ရှားစွာ ထုတ်ဖော်ကြေညာထားပြီးဖြစ်သည်ဟု ထပ်လောင်းပြောကြားထားသည်။
အိမ်စောင့်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး အစီအစဉ်အား နိုင်ငံတစ်ဝှမ်း ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw- CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Government- NUG) နှင့် ၎င်းတို့ကို ထောက်ခံသူများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများတွင် တိုက်ခိုက်မှုများရှိကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိရသည်ဟု တုံ့ပြန်သည်။ ယင်းအချိန်၌ အထူးကိုယ်စားလှယ်အနေဖြင့် ပြောကြားရာတွင် အကြမ်းဖက်တိုက်ခိုက်မှု နှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံ၏အခြေအနေကို ပြင်ပမှ ဝင်ရောက်စွက်ဖက်လိုသူများဘက်မှ ချဲ့ကား ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

ယင်းအတွက်ကြောင့် အထူးကိုယ်စားလှယ်အနေဖြင့် သူမအား ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက်သွားရန် တိုက်တွန်းသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ပြောကြားချက် များသည် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအပါအဝင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများကို ချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်သည်ဟု အတိအလင်းပြန်လည်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Related news

© 2021. All rights reserved.