ကျွမ်း သဒ္ဓါလန် အာဖဂန် သို့မဟုတ် ( အမေရိကန်အထွက် တာလီဘန်အဝင်နဲ့ ကမ္ဘာ့ရေးရာ နောက်ဆက်တွဲများအကြောင်း)

 1448

ကျွမ်း သဒ္ဓါလန် အာဖဂန် သို့မဟုတ်
( အမေရိကန်အထွက် တာလီဘန်အဝင်နဲ့ ကမ္ဘာ့ရေးရာ နောက်ဆက်တွဲများအကြောင်း)
ကိုလှိုင် (NP News) - သြဂုတ် ၁၆
အာဖဂန်နစ္စတန်နိုင်ငံကတော့ တာလီဘန်တွေရဲ့ လက်အောက်ကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်သွားပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေ ဩဂုတ်လကုန်မှာ အပြီး ဆုတ်ခွာမှာဖြစ်ပြီး ဗီယက်နမ်တုန်းကလို ထွက်ပြေးရမှာ မဟုတ်ပါဘူးလို့ ပြောပြီးမကြာခင်မှာပဲ ဩဂုတ်လ ၁၅ ရက်နေ့မှာ အမေရိကန် သံရုံးဝန်ထမ်းတွေ လျို့ဝှက်စာရွက်စာတမ်းတွေကို မီးရှို့ပြီး ဗီယက်နမ်တုန်းကလိုပဲ ရဟတ်ယာဉ်နဲ့ ထွက်သွားကုန်ကြပါပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ အာဖဂန်က အမေရိကန်တွေ ဆုတ်ခွာတာ စနစ်တကျဖြစ်ပြီး ဗီယက်နမ်လို မဟုတ်ပါဘူးလို့ အကျောက်အကန်ပြောပါတယ်။ ဗီယက်နမ်တုန်းကလောက် ကသုတ်ကရက်နဲ့ ပွဲမပျက်ဘူးဆိုတာက တာလီဘန်တွေဟာ ကဘူးမြို့တော်ကို ဝိုင်းထားပေမယ့် မြို့ထဲကိုမဝင်သေးပဲ စောင့်ပေးထားလို့ဖြစ်ပါတယ်။ သူက အဲဒီလိုပြောပေမယ့် ကဘူးလေဆိပ်မှာတော့ ဝန်ထမ်းတွေလည်း အလုပ်မလုပ်တော့ဘဲ ထွက်ပြေးကုန်ကြပြီဖြစ်ပြီး အပြင်ဘက်က အရပ်သားလေကြောင်းလိုင်းတွေလည်း မဆင်းနိုင်တော့ပါဘူး။ နိုင်ငံက ထွက်ပြေးချင်တဲ့ အာဖဂန်အရပ်သားတွေကတော့ လေဆိပ်မှာရပ်ထားတဲ့ အမေရိကန်စစ်လေယာဉ်တွေပေါ်ကို အလုအယက် စုပြုံတိုးတက်နေကြပြီး ဗီယက်နမ်တုန်းက ဆေးဂုံမြို့ကျဆုံးခန်း Fall of Saigon အကြီးစား ပုံစံမျိုး ဖြစ်နေပါတယ်။

အာဖဂန်သမ္မတ အာရှရက်ဖ် ဂါနီကတော့ ဩဂုတ်လ ၁၅ ရက်နေ့မှာ တိုင်းပြည်က ထွက်ခွာသွားပြီး ဘယ်ကို ထွက်သွားလဲဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။ အယ်လ်ဂျာဇီရာ သတင်းဌာနကတော့ ဂါနီဟာ အိမ်နီးချင်း ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကင့်ကို ထွက်ပြေးသွားတယ်လို့ ဂါနီရဲ့ လက်ထောက်တစ်ယောက်ကို ကိုးကားပြီး ပြောပါတယ်။(တကယ်ကတော့ ဂါနီကို ဥဇဘက်တွေက သိပ်ကြည်လင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်းကြောင်းက သူရဲကောင်း တိမူးကို အာဖဂန်ရှေး ရေသွယ်မြောင်းစနစ်တွေ ဖျက်ဆီးခဲ့လို့ဆိုပြီး တိမူးခြေကျိုးလို့ ငယ်ကျိုးငယ်နာဖော်ပြီး အပုတ်ချခဲ့လို့ဖြစ်ပါတယ်။) ဂါနီက သူမထွက်ခွာခင် အာဖဂန်ပြည်သူတွေကို ရည်ညွှန်းပြီး ဖေ့ဘွတ်ကနေ ရေးသားရာမှာတော့ တခြား အာဖဂန်နိုင်ငံရေးသမားတွေကို အပြစ်တင်ခဲ့ပြီး ကဘူးမှာ သွေးချောင်းစီးတာ မဖြစ်စေချင်လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဂါနီနေရာမှာ ဘယ်သူမဆို ရှိနေရင်လည်း ဒီလိုပဲ ဆုံးဖြတ်ကြမှာပါပဲ။ သူ့မှာ အားကိုးစရာ လုံခြုံရေးအင်အားကလည်း မရှိတော့ပါဘူး၊။ အာဖဂန်အစိုးရတပ်တွေအားလုံးလိုလိုက စိတ်ဓာတ်ပျက်ပြားပြီး လက်နက်ချထွက်ပြေးနေကြတဲ့ အချိန်မှာ အရင်က တာလီဘန်တွေကို ဆန့်ကျင်တဲ့ မြောက်ပိုင်း စစ်ဘုရင်တွေကလည်း ဒီတစ်ခါ ထွက်မလာတော့ပါဘူး။ သူဆက်နေရင်လည်း အမေရိကန်ရဲ့ လက်ပါးစေအဖြစ်နဲ့ စွပ်စွဲပြီး တာလီဘန်တွေက သူ့ကို အရှင်ထားမယ့်သဘော မရှိပါဘူး။ တာလီဘန်တွေက သဘောထားပြင်းထန်တဲ့ ဂါနီကို အရင်ထဲက ကြည့်လို့ရတာမဟုတ်လို့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာတောင် ထည့်ထားဖို့ လက်ခံခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ဒီလိုအချိန်မှာ အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးကြရမှာပါပဲ။ သူ့အတွက်ကတော့ အာဖဂန်ကထွက်သွားရလည်း စိုးရိမ်စရာမရှိပါဘူး။ အမေရိကန်ရောက်သွားရင် နိုင်ငံသားပြန်ခံယူပြီး အာဖဂန်လွတ်မြောက်ရေး လှုပ်ရှားမှုမှာ အဝေးရောက်ခေါင်းဆောင်လုပ်နေလို့လည်း ရပါသေးတယ်။ အမေရိကန်က ဘာဖြစ်ဖြစ် သူ့ကို မွေးထားရဦးမှာပါ။

ဒါပေမဲ့ သူ့လိုကံမကောင်းနိုင်တာကတော့ နိုင်ငံခြားသားတွေဆီမှာ အလုပ်လုပ်ခဲ့တဲ့ အာဖဂန်တွေပါ။ သူတို့ဆရာတွေတောင် သေပြေးရှင်ပြေး ပြေးနေရချိန်မှာ သူတို့အားလုံးကို ခေါ်သွားရလောက်အောင် အခြေအနေက မပေးတော့ပါဘူး။ ဒါကြောင့်လည်း လေဆိပ်မှာ အသည်းအသန် တိုးဝှေ့ပြီး ထွက်မယ့်လေယာဉ်တွေနဲ့ အပါလိုက်နိုင်ဖို့ ဗီယက်နမ်တုန်းကလို ကြိုးစားနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ပတ်လောက်က အာဖဂန်ကနေ အမေရိကန်တွေ ထွက်တော့မယ်ဆိုတာကို ကျွန်တော် သုံးသပ်ခဲ့တုန်းက " ၁၉၇၅ ခုနှစ်က အမေရိကန်တွေ ဗီယက်နမ်ကနေ ဆုတ်ခွာရတုန်းက သံရုံးခေါင်မိုးပေါ် ရဟတ်ယာဉ်ဆင်းပြီး လူတွေကို ဒရောသောပါးတင်ပြီး ထွက်သွားရတဲ့ ပုံကို သတိရပါတယ်။ အခုလည်း အမေရိကန်အတွက် ဒုတိယဗီယက်နမ်လို့ ပြောနိုင်တဲ့ အနေအထားပါပဲ " လို့ရေးခဲ့ပါတယ်။ ပြီးတော့ " တာလီဘန်တွေကတော့ အခုဆိုရင် သူတို့က မကြာခင် ကဘူးလ်ကို သိမ်းပိုက်နိုင်တော့မယ့် ပုံစံမျိုးနဲ့ ပြုမူလာတာတွေတွေ့ရပါတယ်။ တာလီဘန်ဘက်က ထိုးစစ်တွေလည်း စတင်နေပြီး နယ်စပ်မှာ အစိုးရတပ်ဖွဲ့တွေ လူတစ်ထောင်လောက် ကာဇက်စတန်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သတင်းလည်းတွေ့ရပါတယ်။ အဲတော့ အစိုးရတပ်တွေက အင်အားများတယ်ဆိုပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နောက်က အမာခံဆရာသမားတွေ မရှိတော့ဘူးဆိုတော့လည်း ဗီယက်နမ်မှာလိုပဲ (ဆရာတွတ်ပီ မရှိရင် တပည့်ဗိုက်ကလေးလည်း ပြေးတော့မယ့်) သဘောမျိုး ဖြစ်လာနိုင်ပါတယ် " လို့ ရေးခဲ့ပါသေးတယ်။

ပြောလို့မှ မဆုံးခင် အဲဒီအတိုင်းပဲဖြစ်လာကာ ၃ ပတ်အတွင်းမှာပဲ ကဘူးကျပြီး သမ္မတပါ ထွက်ပြေးရပြီဆိုတော့ တစ်ကမ္ဘာလုံးမှာ အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြရပါတော့တယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းအထိရတဲ့ သတင်းတွေအရတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့နဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးနေကြပြီး အရင်အစိုးရဘက်က သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးတာဝန်ခံ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗ္ဗဒူလာတို့က ဦးဆောင်နေတယ်လို့ဆိုပါတယ်။ တာလီဘန်တွေ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်တာနဲ့ပတ်သက်ပြီး အများဆုံးအပြစ်တင်ခံရတာကတော့ အင်အား ၃ သိန်းကျော်ရှိတယ်ဆိုတဲ့ အာဖဂန်အစိုးရတပ်မတော်ပါပဲ။ အမေရိကန်က နှစ်စဉ်ဒေါ်လာ ဘီလျံနဲ့ချီ ထောက်ပံ့ထားပြီး ကြည်းတပ်ရော လေတပ်ပါ တောင့်တောင့်တင်းတင်း လက်နက်တပ်ဆင် ဖွဲ့စည်းထားတဲ့ကြားက အခုလို ပိုးစိုးပက်စက် လက်နက်ချ ထွက်ပြေးကုန်ကြတာကလည်း ပြောစရာပါပဲ။ လေ့လာသူတွေကတော့ အာဖဂန်တပ်မတော် အပါအဝင် အစိုးရထဲမှာ အကျင့်ပျက်ခြစားမှု ကြီးမားလွန်းတာကို ထောက်ပြကြပါတယ်။
ဒါကလည်း အခုမှဖြစ်တာမဟုတ်ပါဘူး။ အမေရိကန်တွေ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ပြီး သူတို့လူယုံ ဟာမစ်ကာဇိုင်းကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့ အချိန်ကတည်းက စခဲ့တဲ့ ဇာတ်လမ်းဟောင်းကြီးပါ။ ဟာမစ်ကာဇိုင်းဆိုတာ အစကတည်းက အိန္ဒိယမှာ ပညာသင်၊ ပါကစ္စတန်မှာနေပြီး ဆိုဗီယက်တွေ အာဖဂန်ကို ဝင်လာချိန်ကတည်းက ဆိုဗီယက်ဆန့်ကျင်ရေးအတွက် အမေရိကန်တွေနဲ့ လက်တွဲအလုပ်လုပ်ခဲ့တဲ့ စီအိုင်အေ သတင်းပေးကြီးပါ။ သူ့ရဲ့ ဖအေတူမအေကွဲညီ အာမက် ဝါလီကာဇိုင်းကလည်း အာဖဂန်တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်က မူးယစ်ရာဇာဖြစ်ပြီး သူ့အစ်ကိုလက်ထက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါတယ်။ ( ၂၀၁၁မှာ လုပ်ကြံခံခဲ့ရပါတယ်။) သမ္မတ ဟာမစ်ကာဇိုင်းရော၊စီအိုင်အေက ထောက်ပံ့ထားတဲ့ သူ့လက်ထောက်တစ်ယောက်ရော မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ဆက်နွယ်တဲ့ အဂတိလိုက်စားမှုတွေရှိခဲ့တာ ဒီအီးအေ အပါအဝင် တော်တော်များများသိကြပါတယ်။

အခုထွက်ပြေးသွားတဲ့ သမ္မတ ဂါနီကလည်း အာဖဂန်နစ္စတန်က ဘရိုမိုက်သတ္တုတူးဖော်ခွင့်ကို သူ့ညီတစ်ယောက်နဲ့ အမေရိကန်စစ်ဘက် ကုမ္ပဏီပူးပေါင်းပြီး ထုတ်ခွင့်ချပေးခဲ့လို့ အတော်နာမည်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာတွေ ဘယ်လောက်ပဲဖြစ်ဖြစ်၊ ဟာမစ်ကာဇိုင်းရော ဂါနီပါ သမ္မတသက်တမ်း နှစ်ဆက်စီအနိုင်ရအောင် ရွေးကောက်ပွဲ မသမာမှုတွေပါသုံးပြီး လုပ်ခဲ့ကြတာကို ဘာဖြစ်လို့ အမေရိကန်တွေက နောက်ကွယ်ကနေ အင်တိုက်အားတိုက် ထောက်ပံ့ကူညီခဲ့ရတာလဲဆိုတာ အဖြေကရှင်းပါတယ်။ သူတို့ရဲ့ လူယုံတွေမို့ပါ။ ဂါနီဆိုရင်လည်း အမေရိကန်မှာ ပညာသင်၊ အလုပ်လုပ်၊ နိုင်ငံသားခံယူထားပြီး ၂၀၀၉ ခုနှစ်ကျမှ အာဖဂန်မှာ သမ္မတ အရွေးခံဖို့ နိုင်ငံသားပြောင်းလဲခံယူခဲ့သူဖြစ်ပါတယ်။ အမေရိကန်တွေအနေနဲ့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးတဲ့နောက် ရေရှည်မှာ ဆက်ပြီးထိန်းချုပ်နိုင်ဖို့ ကိုယ်ပိုင်အခြေခံဥပဒေနဲ့ရွေးကောက်ပွဲ ပြုလုပ်ပေးပြီး ကိုယ်ပိုင်အစိုးရတင်မြှောက်ပေးတယ်ဆိုတဲ့ အပြင်ဘက်က ပုံဖော်ပေးမှုနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး outside imposed democractization လုပ်ပေးခဲ့တယ်ဆိုပေမယ့် သူ့လူတွေကိုပဲ ဘုရင်ခံအဖြစ် နန်းတင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဘုရင်ခံသာသာ သမ္မတတွေကိုတော့ နောက်ကနေ အမေရိကန်တပ် အများစုပါဝင်တဲ့အပေါင်းပါ နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ လုံခြုံရေး ကျောထောက်နောက်ခံပြုပေးထားခဲ့သလို နောက်ပိုင်းမှာ အာဖဂန်ကိုယ်ပိုင်တပ်မတော်တစ်ခုကိုလည်း လေ့ကျင့်လက်နက်တပ်ဆင် ဖွဲ့စည်းပေးခဲ့ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးနဲ့ အစိုးရဖွဲ့စည်းရေးအတွက်လည်း ဘာမှပူစရာမလိုအောင် အစိုးရအသုံးစရိတ်တွေကို အမေရိကန်တွေကပဲ တာဝန်ယူထောက်ပံ့ပေးခဲ့သလို၊ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း USAID နဲ့ နိုင်ငံတကာအဖွ့ဲ အစည်းတွေက ဒေါ်လာဘီလျံပေါင်းများစွာ ပံ့ပိုးနေခဲ့တာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကစပြီး အခု အနှစ်၂၀ ကြာတဲ့အထိ အမေရိကန်က အာဖဂန်မှာ သုံးစွဲခဲ့တဲ့ စစ်စရိတ်နဲ့ အကူအညီတွေပေါင်းလိုက်ရင် ဒေါ်လာသန်းပေါင်း တစ်သန်းကျော် (တစ်ထရီလျံကျော်) ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအနှစ်၂၀ အကြာမှာ အာဖဂန်နစ္စတန်ရဲ့ တစ်နှစ် တစ်ဦးကျဝင်ငွေဟာ ဒေါ်လာ ၅၇၀ ပဲရှိပြီး ကမ္ဘာ့အဆင့်မှာ နောက်ဆုံးနားမှာ ဖြစ်နေတုန်းပါပဲ။ ဒီအနေအထားက အာဖဂန်မှာ အထောက်အပံ့အကူအညီတွေဟာ လက်ကြားရေယိုဖြစ်နေပြီး၊ အောက်ခြေကို မရောက်ဘဲ ဓနဥစ္စာဖြန့်ဝေမှု ကွာဟချက်ကြီးမားနေတာနဲ့၊ ပေးသမျှ သုံးသမျှတွေက ဘုံသောက်တဲ့ရေအိုးစင်လို ဝိုင်းပြီး ဆွမ်းကြီးလောင်းပွဲတွေ့နေကြတာကို ပြသနေပါတယ်။
လက်တွေ့မှာလည်း အာဖဂန်နစ္စတန်က လူ့မလိုင်မိသားစုတွေဟာ အရှေ့အလယ်ပိုင်းက ဒူဘိုင်းလိုနေရာမျိုးမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စံအိမ်တွေ ဝယ်ယူပိုင်ဆိုင်ထားကြတာတွေ ဖော်ထုတ်ထားတာရှိပါတယ်။ အမေရိကန် စစ်ဘက် စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဘက် ကုမ္ပဏီနဲ့ ပုဂ္ဂလိက လုံခြုံရေး ကြေးစားစစ်သားတွေပါမကျန် အာဖဂန်ကို အမှီပြုပြီး ကြီးပွားနေကြတာကိုတော့ ထည့်ပြောစရာမလိုတော့ပါဘူး။ ကုန်ကုန်ပြောရရင် တာလီဘန်တွေတောင်မှ တစ်ဘက်လှည့်နဲ့ ဒီအထဲမှာ ဝေစုပါပါသေးတယ်။ ဥပမာ လမ်းတစ်ခုဖောက်ချင်ရင် ကန်ထရိုက်က လုံခြုံရေးဝန်ဆောင်မှု ငှားရတယ်ဆိုတာ နယ်မြေခံအပိုင်စားတာလီဘန်တွေကို ဆက်ကြေးပေးရတာပါ။ အမေရိကန်စစ်တပ်အတွက် ရိက္ခာကို ပါကစ္စတန်ကနေ အရပ်ကားတွေနဲ့ ငှားပြီးပို့တဲ့အခါ လမ်းကြောင်းလုံခြုံရေး ကုန်ကျစရိတ်ဆိုတာလည်း တာလီဘန် ဂိတ်ကြေးပါပဲ။
ပြောချင်တာက အာဖဂန်မှာ အကျင့်ပျက်ခြစားမှု ဆိုတာ " ခုမှ မမည်း၊ ရှေးကမည်းသည့် မည်းမည်းတူတူ မမည်းတူကို မောင်ဖြူ ကွာသင့် မကွာသင့်" ဆိုတဲ့ ခုံတော်မောင်ကျဘမ်း လျှောက်ထုံးလိုပါပဲ။ သိသိကြီးနဲ့ လွှတ်ပေးထားတာဖြစ်ပါတယ်။ လွှတ်ပေးတာကြာတော့ အာဖဂန်အစိုးရယန္တရားကြီး တစ်ခုလုံးက ခြစားလို့ ယဲ့ယဲ့ပဲကျန်တဲ့ ထင်းရူးသေတ္တာပုံးကြီးလိုဖြစ်နေပြီး အမေရိကန်က စစ်အင်အား၊ငွေအင်အား၊ ဩဇာတိက္ကမအားနဲ့ ထောက်ကန်ပေးထားလို့သာ ဟန်မပျက်ဖြစ်နေရတဲ့ အခြေအနေပါ။ ဒီကျောထောက်နောက်ခံကို သမ္မတ ဘိုင်ဒင်က ရုတ်တရက် ဆွဲဖြုတ်လိုက်တော့ ဝုန်းကနဲပြိုကျသွားတော့တာပါပဲ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ ဒီလိုဖြစ်ရတာကို ဒေါ်နယ်ထရမ့်ရဲ့ အရင်အစိုးရအပေါ် အပြစ်ပုံချပါတယ်။ ထရမ့်က တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး ကိုယ်လွတ်ရုန်းခဲ့လို့ အခုလို ထိန်းမနိုင်သိမ်းမရ ဖြစ်ရတာလို့ဆိုပါတယ်။ တကယ်တော့ သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒုသမ္မတဘဝကတည်းက အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်ဖို့ အဲဒီတုန်းက သမ္မတ အိုဘားမားကို အတင်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အိုဘားမားက ဒရောသောပါးနဲ့ ချက်ချင်းပြန်ဆုတ်လို့မဖြစ်ဘူးဆိုတာသိလို့ ဘိုင်ဒင်ကို ဆန့်ကျင်ပြီး အာဖဂန်မှာ တပ်အင်အားကို ယာယီထပ်ဖြည့်တိုးမြှင့် surge လုပ်ဆောင်ခဲ့တာပါ။ မဟုတ်ရင် အိုဘားမားတက်ခါစကတည်းက ပွဲပြတ်သွားမှာပါ။ သမ္မတဘိုင်ဒင်ကတော့ သူ့ရဲ့ ဆုတ်မိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ရာမှာ အာဖဂန်ကို အမေရိကန်က တစ်သက်လုံးကာကွယ်ပြီး အဆုံးမဲ့စစ်ပွဲကို တိုက်မနေနိုင်ဘူး။ နောက် ၅ နှစ် ၁၀ နှစ် ဆက်နေမယ်ဆိုရင်တောင် ဘယ်အမေရိကန်တွေကမှ သဘောတူမှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုး ပြောခဲ့တာတွေ့ပါတယ်။ သူပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဘယ်တုန်းကမှ နိုင်ငံခြားကျူးကျော်မှုကို လက်မခံဘဲ တွန်းလှန်ခဲ့တဲ့ အာဖဂန်နစ္စတန်လိုနိုင်ငံကို အချိန်တိုအတွင်း ဒီမိုကရေစီဇာတ်သွင်းပြီး ရာသက်ပန် ဩဇာခံဖြစ်အောင် အတင်းအကြပ် ငွေအားလူအားသုံး လုပ်ဆောင်လို့ရမယ်ထင်နေတာက အမေရိကန်တွေရဲ့ အားနည်းချက်ဖြစ်နေတာပါ။

အမေရိကန် နေတိုးစစ်ဦးစီးချုပ်ဟောင်း ဝက်စလီကလပ်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမေရိကန်အစိုးရအဆက်ဆက်ဟာ အခြေအနေကို သေချာမသိဘဲ ဆုံးဖြတ်ချက်အမှားတွေ တသီကြီးချခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။ တကယ်ကတော့ ဒုတိကမ္ဘာစစ်အပြီးကစပြီးတော့ အမေရိကန်အစိုးရအဆက်ဆက်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ထိပ်ဆုံးက အကျိုးစီးပွားအုပ်စု deep state ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တာကြောင့် ဗီယက်နမ်၊ အီရတ်၊ ဆီးရီးယား၊လစ်ဗျား၊ယီမင်နဲ့ အခု အာဖဂန်ကိစ္စတွေအထိ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ သုံးသပ်ရင် မှားမယ်မထင်ပါဘူး။

ဘာဖြစ်ဖြစ် အာဖဂန်မှာ တာလီဘန်တွေ အာဏာရလာရင် တရုတ်တို့ ရုရှာတို့လို ဘေးနားက နိုင်ငံကြီးတွေအတွက် အကောင်းရော အဆိုးပါ ရင်ဆိုင်ရဖို့ရှိလာမှာပါ။ ကောင်းတာကတော့ ဒေသတွင်းမှာ အမေရိကန် အင်အားဩဇာ လျော့ကျသွားတာဖြစ်ပြီး တရုတ်အတွက်ဆိုရင်လည်း စီးပွားရေးအရ သူ့ရဲ့ ရင်းနီးမြှုပ်နှံမှုတွေ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုးတာကတော့ အစ္စလမ္မစ် အစွန်းရောက် အကြမ်းဖက်တွေ ခေါင်းထောင်လာမယ့် ပြဿနာပါ။ ပါကစ္စတန်ကတော့ သူမွေးထားတဲ့တာလီဘန်တွေ အာဏာရလာမှာကို ကြိုဆိုမှာဖြစ်ပြီး အိန္ဒိယကတော့ သူထောက်ခံတဲ့အစိုးရ ပြုတ်ကျသွားလို့ ကြေကွဲနေရမှာဖြစ်ပါတယ်။ တာလီဘန်ကိုပျိုးထောင်ခဲ့တဲ့ ဆော်ဒီအာရေဗျက အမေရိကန်ဖိအားကြောင့် တာလီဘန်ကို ပေါ်တင် ထောက်ခံဖို့ ခက်နေချိန်မှာ OIC ပြိုင်ဘက် တူရကီကတော့ ပါကစ္စတန်ကတစ်ဆင့် တာလီဘန်ကိုချိတ်ဖို့ ကြိုးစားလာတာကိုတွေ့နေရပါတယ်။

တာလီဘန်တွေကတော့ လက်ရှိအနေအထားအရ သူတို့အစိုးရကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် လက်ခံလာရေးအတွက် ဦးစားပေးပြိုးပမ်းမယ့်ပုံရှိပါတယ်။ ဒါကြောင့် ဘေးနားက အင်အားကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို ခေါင်းဆောင်တွေသွားရောက်ပြီး အစွန်းရောက် အကြမ်းဖက်တွေ မဝင်လာစေရပါဘူးလို့ အာမခံချက်ပေးခဲ့တာတွေ တွေ့ရသလို ကဘူးမြို့ကို အတင်းဝင်သိမ်းလို့ရပေမဲ့ နိုင်ငံတကာ မီဒီယာတွေရှေ့မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ အရပ်သားသေကြေတာတွေ မပြချင်လို့ အမေရိကန်တွေ ထွက်ခွာချိန်ပေးပြီး အေးအေးဆေးဆေး သိမ်းယူဖို့ လုပ်ခဲ့တာ တွေ့ရပါတယ်။ အများက ထင်ထားသလို အရှေ့အလယ်ပိုင်းက IS ပုံစံ သတ်ဖြတ် လုယက် ဘာသာရေးအစွန်းရောက် တင်းကြပ်တာမျိုးတွေ မလုပ်ဘဲနဲ့ CNN သတင်းဌာနကိုတောင် သူတို့သိမ်းပိုက်ခဲ့တဲ့ အမေရိကန်စစ်စခန်းကို ခေါ်ပြခဲ့တာ၊ အာဖဂန်မိန်းကလေးတွေ စာသင်နေပုံကို ပြသခဲ့တာတွေ့ရတော့ ဝါဒဖြန့်ချိရေးအရ သေချာပြင်ဆင်ထားတာကို သတိပြုမိပါတယ်။

ဒါပေမဲ့ အစ္စလာမ္မစ်ဥပဒေနဲ့ နိုင်ငံကို အုပ်ချုပ်သွားမယ့် သူတို့ရဲ့ရည်ရွယ်ချက်ကိုတော့ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ မေးမြန်းခန်းတစ်ခုမှာ တာလီဘန်ခေါင်းဆောင်တစ်ယောက်က အစ္စလာမ္မစ်ဥပဒေကို ဒီနိုင်ငံမှာတင်မကဘူး။ တစ်ကမ္ဘာလုံးမှာပါ ကျင့်သုံးလာအောင် လုပ်ရမှာပါ။ ဒါပေမဲ့ ဒါက အချိန်ယူ လုပ်သွားရမယ့်ကိစ္စဖြစ်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အုပ်ချုပ်သူဖြစ်လာမယ့် တာလီဘန်တွေ ရင်ဆိုင်ရမယ့်ပြဿနာတွေကတော့ အများကြီးဖြစ်မှာပါ။ နိုင်ငံတကာဆက်ဆံရေးမှာ အနောက်အုပ်စုရဲ့ ဖိအားတွေ ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ချွတ်ခြုံကျနေတဲ့ စီးပွားရေးနဲ့ ကိုဗစ်ကပ်ရောဂါဒဏ်ကိုလည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အစိုးရယန္တရားတစ်ခုလုံးကို ပုံစံပြောင်းပစ်ရမှာဖြစ်ပြီး အနောက်တိုင်းပုံ လစ်ဘရယ်ယဉ်ကျေးမှု လွှမ်းမိုးထားပြီဖြစ်တဲ့ မြို့ပြနေ အာဖဂန်တွေရဲ့ ဆန့်ကျင်မှုတွေကိုလည်း တွေ့ကြုံရဖွယ်ရှိပါတယ်။ အစဉ်အလာအရ ဗဟို ထိန်းချုပ်မှုကို မနာခံတဲ့ မြောက်ပိုင်း လူမျိုးစု စစ်ဘုရင်တွေရဲ့ အာခံဆန့်ကျင်မှုနဲ့ လူများစု ပုရှ်တွန် (ပထန်) တွေကြားမှာလည်း မူးယစ်ဆေးဝါးလုပ်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေက သူတလူ ငါတမင်း ထောင်ထားခြားနားလာမှာ၊ အမေရိကန်က ထောက်ပံ့အားပေးတဲ့ လက်နက်ကိုင်တွေပေါ်လာပြီး အာဖဂန်မှာဖြစ်နေကျအတိုင်း နောက်ထပ်ပြည်တွင်းစစ် ပုံစံသစ်တစ်မျိုးပေါလာမှာလည်း မှန်းဆရပါတယ်။

ဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့အတွက် တာလီဘန်တွေအနေနဲ့ စီးပွားရေးအရ သူတို့ရဲ့သဘာဝသယံဇာတတွေကို အားပြုမှီခိုရဖွယ်ရှိပြီး အပြန်အလှန်အားဖြင့် ရပ်ဝန်းလမ်းကြောင်း အစီအစဉ်ကို ချဲ့ထွင်ချင်တဲ့ တရုတ်အပေါ် ပိုပြီး အားပြုလာရဖွယ်ရှိပါတယ်။ တရုတ်ကတော့ အခုဆိုရင် မဟာဗျူဟာအရ အာဖဂန်မြောက်ပိုင်း လမ်းကြောင်းတွေကတဆင့် အီရန်ကို နောက်ကျောကနေ ဆက်သွယ်ထောက်ပံ့လို့ရပြီဖြစ်လို့ တရုတ်-အီရန် ဆက်ဆံရေးကို ပိုပြီးအင်အားတောင့်တင်းအောင် တည်ဆောက်လာနိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အတွက်တော့ အိပ်မက်ဆိုးဖြစ်လာနိုင်ပါတယ်။ အာဖဂန်အပြောင်းအလဲကြောင့် ပါရှန်ပင်လယ်ကွေ့နဲ့ အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးအပေါ် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ အာရုံစိုက်မှုက ပိုများလာနိုင်ပါတယ်။ အခုကိုပဲ အာဖဂန်အရေးကြောင့် အမေရိကန်တွေ အရန်ထားတဲ့ အမှတ်(၈၂) လေကြောင်းချီတပ်မက အင်အားတစ်ချို့ကို အရှေ့အလယ်ပိုင်းပို့ထားရတာတွေ့ပါတယ်။ အရှေ့အလယ်ပိုင်းကို အမေရိကန် ပြန်ပြီး အာရုံစိုက်လာရရင် သူတို့ရဲ့ အခုခေတ်စားနေတဲ့ အင်ဒို ပစိဖိတ် မဟာဗျူဟာကြီးက ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ လုံးဝဥဿုံ နားသွားမှာမဟုတ်ပေမယ့် တပ်အင်အားခွဲဝေရေးနဲ့ ဘတ်ဂျက်ခွဲဝေရေးမှာ အမေရိကန်တွေ အတော်တော့ အကြပ်ရိုက်သွားနိုင်ပါတယ်။ ဒါကလည်း တရုတ်ဘက်က မျှော်လင့်ထားမယ့် အချက်ပါပဲ။

ယေဘုယျအားဖြင့်တော့ ဒီလို အရင်းအမြစ်အကြပ်အတည်းအခြေအနေမှာ အမေရိကန်တွေ အနေနဲ့ မဟာမိတ်တွေရဲ့အားကို ပိုယူလာရဖွယ်ရှိသလို တရုတ်ကို ထိန်းချုပ်ရေးမှာ အင်အားအမာထက် သူ့ရဲ့ အားသာချက်ဖြစ်တဲ့ အင်အားအပျော့ဘက်ကို ပိုပြီးအားပြုလာနိုင်ပါတယ်။ တရုတ်နိုင်ငံ အတွင်းနဲ့ ဘေးပတ်လည်မှာ မတည်မငြိမ်ဖြစ်အောင် အဖျက်အမှောက်တွေ၊ ဆိုင်ဘာကွန်ရက်နဲ့ မီဒီယာသုံးလံှု့ဆော်မှုတွေ၊ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ အနောက်ပုံစံ လစ်ဘရယ် အတွေးအခေါ်ပုံသွင်းမှုတွေ၊ ကိုယ်စားစစ်ပွဲ proxy war နဲ့ စစ်ပွဲငယ် small war တွေ၊ နိုင်ငံရေးမှာ ဩဇာခံမွေးမြူ အားပေးထောက်ပံ့မှုတွေ၊ စီးပွားရေးအတွင်းသူလျိုတွနဲ့ တခြား သတင်းထောက်လှမ်းရေးကွန်ရက်တွေသုံးပြီး လျို့ဝှက်စစ်ဆင်မှု covert operation တွေ စတဲ့ ဘက်စုံ ပေါင်းစပ် စစ်ဆင်မှု hybrid warfare တွေကို ပိုပြီးတွေ့မြင်လာရဖွယ်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် အိမ်စောင့်အစိုးရ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်)

Related news

© 2021. All rights reserved.