မကြာခင် ပွဲပြီးတော့မည်ဟု ဒေါက်တာ ဇော်ဝေစိုး ထပ်မံပြောကြား

9161

Iris (NP News) - သြဂုတ် ၁၈
မကြာခင် ပွဲပြီးတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီဘက်မှခေါင်းဆောင်များက တော်လှန်ရေးကိုအရှုံးပေးရန်လိုအပ်သည့်အချိန်ကိုရောက်နေပြီဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း သေချာစဉ်းစားရန်လိုအပ်ပြီဖြစ်ကြောင်း နောက်ဆုံးသတိပေးလိုသည်ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်သည်။
NUG မှ ဒေါက်တာဇော်ဝေစိုးက သြဂုတ်လ(၁၆)ရက်တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အရေးတော်ပုံအောင်တော့မည်ဖြစ်ပြီး မကြာခင်ပွဲပြီးတော့မည်ဟုလည်း အတိအလင်း ထပ်မံပြောကြားခဲ့သည်ကို တွေ့ရသည်။ “ မကြာတော့ဘူး။ ဒီပွဲက ပြီးတော့မယ်။ သူတို့ကို နောက်ဆုံးအနေနဲ့သတိပေးချင်တယ်။ အသိပေးချင်တယ်။ ဒီဟာတွေကို ရပ်တန်းကရပ်ပြီး ဒီအချိန်မှာ ဒီတော်လှန်ရေးကို အရှုံးပေးလိုက်ဖို့ကောင်းပြီလို့ မြင်တယ် ” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။ အိမ်စောင့်အစိုးရ(စစ်ကောင်စီ)ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့်လည်း လက်ရှိအချိန်တွင် သေချာစွာထိုင်စဉ်းစားသင့်ပြီဖြစ်ပြီး အရေးတကြီးဆုံးဖြတ်ရတော့မည်ဖြစ်ကြောင်းလည်း ဆိုသည်။ “ ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ လုပ်ငန်းရှင်တွေ၊ သူဌေးတွေ၊ Non CDM တွေကိုလည်း သေချာစဉ်းစားပြီး ဆုံးဖြတ်ရမယ့်အချိန်တစ်ခုကို ရောက်နေပြီလို့ ပြောချင်တယ် ” ဟု ၎င်းက ကြိမ်းဝါးပြောဆိုသည်။
၎င်းတို့ လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များအပေါ် နိုင်ငံတကာက ထောက်ခံကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ထောက်ခံကြောင်းနှင့် မကြာခင်တွင် အောင်ပွဲရတော့မည်ဖြစ်ကြောင်းလည်း ပြောသည်။ ဒေါက်တာဇော်ဝေစိုးဘက်က မကြာခင်ပွဲပြီးတော့မည်၊ အောင်ပွဲရတော့မည်ဟု မကြာခဏပြောကြားနေသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့အောင်မြင်မှု ရသည် သို့မဟုတ် ဒေသတစ်ခုခုကို အပြီးတိုင်သိမ်းပိုက်ထားနိုင်မှု ရှိမရှိကိုမူ အသေးစိတ်ချပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။