ကလေး-ဂန်ဂေါကားလမ်းတွင် တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့် သတင်း အမှားဟု စစ်ကောင်စီပြော

3079

NP News - သြဂုတ် ၂ဝ
သြဂုတ်လ (၁၈) ရက်က ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ဘက်သုံးယာဉ်ဟုယူဆရသည့် မော်တော်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသည့် ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်တွင်ပျံ့နှံ့လာခဲ့ပြီး တပ်မတော်သား ၃ဝ ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂန့်ဂေါ-ကလေးကားလမ်းအတိုင်းမောင်နှင်လာသည့် တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် တပ်မတော်သား (၃ဝ) ဦးခန့်ကျဆုံးပြီး ဒဏ်ရာအများအပြားရခဲ့သည်ဆိုသည့် သ တင်းသည် သတင်းအမှားဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် မိုင်းစထိမှန်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စိစစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါရက်က ယင်းမာပင်မြို့နေ လမ်းပြုပြင်လုပ်သားများလိုက်ပါလာသည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းမှ HINO အမျိုးအစား (၆)ဘီးယာဉ်သည် ကလေး-ဂန်ဂေါကားလမ်းအတိုင်း ကလေးမြို့သို့ မောင်းနှင်လာစဉ် ရဲလှကျေးရွာလမ်းဆုံအနီးသို့အရောက် ကားလမ်း၏ ဝဲ/ယာမှ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်သူ (၅ဝ) ခန့်မှ လက်လုပ်ကားမိုင်း နှစ်လုံးဖောက်ခွဲ၍ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လမ်းလုပ်သား ငါးဦး မိုးစထိမှန်ဒဏ်ရာရရှိကာ မော်တော်ယာဉ် အနည်းငယ်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီဘက်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ဟံသာဝတီကျေးရွာ တိုက်နယ်ဆေးရုံမှ တပ်မတော်ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#NPNews