ဂျပန်နိုင်ငံမှာတွေ့ရမယ့် စိတ်ဝင်စားစရာအချက်များ

 696

ဝတီ (NP News) - သြဂုတ် ၃ဝ
ဂျပန်နိုင်ငံကို ရောက်မယ်ဆိုရင် အောက်မှာပြောပြသွားမယ့် စိတ်ဝင်စားစရာအချက်တွေ တွေ့ရမှာဖြစ်ပြီး ဒီအချက်တွေကြောင့်လည်း ဂျပန်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့မတူဘဲ တမူထူးခြားနေတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေက ကလေးသူငယ်ဦးရေထက်ပိုများပါတယ်။ ဒီအချက်ကတော့ ဂျပန်နဲ့ပတ် သက်လာရင် စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အထူးဆန်းဆုံးအချက်ပါပဲ။ ဂျပန်နိုင်ငံကို တမူထူးခြားစေတဲ့အချက်တွေထဲမှာ ဒီအချက်ကထိပ်ဆုံးက ပါပါတယ်။ ကလေးမွေးဖွားမှု အရမ်းနည်းတာကြောင့် ဂျပန်နိုင်ငံလူဦးရေအချိုး အစားဟာ အဲဒီလိုဖြစ်နေရတာပါ။ အချိန်မရှိတာရယ်၊ ကလေးစရိတ်စက အရမ်းကြီးတာရယ်ကြောင့် ဂျပန်နိုင်ငံက အိမ်ထောင်သည်တွေ ကလေးယူဖို့တွန့်ဆုတ်လာကြတဲ့အတွက် ကလေးသူငယ်ဦးရေက သက်ကြီးရွယ်အိုဦးရေထက်နည်းလာတာဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာလူကြီးအတွက်သေးခံ ( လူကြီးသုံးဒိုင်ပါ ) ဟာ ကလေးသေးခံ ( ကလေးဒိုင်ပါ ) ထက် ရောင်းအားပိုကောင်းပါသတဲ့။

ရာဇဝတ်မှု အနည်းဆုံးနိုင်ငံ။ ဂျပန်နိုင်ငံဟာ ဘေးကင်းလုံခြုံမှုအရှိဆုံးကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဂျပန်မှာ ရာဇဝတ်မှုဖြစ်ပွားနှုန်း သိပ်နည်းပြီး အဲဒီနိုင်ငံရောက်ရင် ကြုံရနိုင်တဲ့ ရာဇဝတ်မှုဆိုလို့ စက်ဘီးအခိုးခံရတာ ဒါမှမ ဟုတ် စတိုးဆိုင်အပြင်ဘက်မှာ ထားခဲ့တဲ့ ထီးအခိုးခံရတာလောက်ပဲ ရှိပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ရထားစီးတဲ့အ ချိန်ပေါင်ပေါ်မှာ ဖုန်းချထားပြီး အိပ်ငိုက်နေလည်းဘာမှမဖြစ်ပါဘူး။ အဲဒီနိုင်ငံက လူတွေဟာ အများအားဖြင့် အိမ်တံခါးဖွင့်ထားလေ့ရှိပြီး အိတ်ပွင့်နေလျက်နဲ့ လူအုပ်ကြားထဲ လျှောက်သွားလည်း ဘာပစ္စည်းမှ အနှိုက်မခံရပါဘူး။

စက်ထဲ ပိုက်ဆံထည့်လိုက်တာနဲ့ သောက်စရာတွေ အလိုအလျောက်ထုတ်ပေးတဲ့စက်။ ဂျပန်နိုင်ငံမှာ အဲဒီလိုစက်တွေ လက်ညှိုးထိုးမလွဲရှိပါတယ်။ စက်တွေ ပေါလွန်းလို့ အဲဒီစက်တွေဟာ ခေတ်ပေါ်ဂျပန်ယဉ်ကျေးမှုများလားလို့တောင် နိုင်ငံခြားသားတွေထင်သွားနိုင်ပါတယ်။ ဒီစက်တွေနဲ့ဆိုရင် ဝန်ထမ်းစရိတ် မကုန်တော့လုပ်ငန်းရှင်တွေအ တွက် အရမ်းအဆင်ပြေပါတယ်။ ဂျပန်နိုင်ငံက မြို့ကြီးတွေမှာဆိုရင် စားသောက်ဆိုင်တွေမှာတောင် အဲဒီစက်တွေ စထားလာပါပြီ။ ဝယ်သူက စက်ထဲပိုက်ဆံထည့်လိုက်တာနဲ့ စက်ထဲကနေ ကော်ဖီဘူးဖြစ်ဖြစ်၊ အအေးဘူးဖြစ်ဖြစ် အော်တို ထွက်ကျလာတော့ အဲဒီစက်ကနေ သောက်စရာ ဝယ်သောက်၊ စားစရာကိုတော့ ဆိုင်ကမှာစားဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဆိုင်တွေမှာပါ အဲဒီစက်တွေ တွဲထားလာကြတာပါ။

ဂျပန်နိုင်ငံဟာ ကျွန်းပေါင်း (၆၈၅၂) ကျွန်းနဲ့ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံပါ။ တစ်နိုင်ငံတည်းမှာ ကျွန်းတွေ အဲဒီလောက်များနေပေမယ့် ကျွန်းအများစုက သေးသေးလေးတွေဖြစ်ပြီး လူမနေပါဘူး။ ဂျပန်မှာ အဓိက ကျွန်းကြီး လေးကျွန်းရှိပါတယ်။ အဲဒါတွေကတော့ ဟိုကိုင်ဒို၊ ဟွန်ရှူ၊ ရှီကော့ကူ၊ ကျူရှူတို့ပဲဖြစ်ပါတယ်။ အဲဒီကျွန်းကြီး လေးကျွန်းကို ပြည်မကြီးလို့ သဘောထားပါတယ်။ အိုကီနာဝါဆိုတဲ့ကျွန်းမှာတော့ အပူပိုင်းဒေသ ရာသီဥတုကို ခံစားရမှာဖြစ်ပြီး သူ့ကမ်းခြေတွေက ရင်သပ်ရှုမောစရာကောင်း လောက်အောင် လှတဲ့အတွက် နိဗ္ဗာန်ဘုံလေးအတိုင်းပါပဲ။

သန့်ရှင်းရေးလုပ်တာကို ကျောင်းသင်ခန်းစာထဲမှာ ထည့်သင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုဟာ အရမ်းအရေးကြီးတယ်လို့ ဂျပန်နိုင်ငံသားတွေက ခံယူထားပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်တတ်အောင် ငယ်ငယ်ကတည်းက ကျောင်းမှာ သင်ပေးပါတယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ကျောင်းသူတွေကို ရေချိုးခန်း၊ အိမ်သာ ဆေးခိုင်း၊ စာသင်ခန်းသန့်ရှင်းရေးလုပ်ခိုင်း၊ ကျောင်းဝင်းထဲမှာလည်း သန့်ရှင်းရေးလုပ်ခိုင်းပါတယ်။ ဒီတော့ ကျောင်းသန့်ရှင်းရေးအတွက် သန့်ရှင်းရေးဝန်ထမ်းတွေ အများကြီးခေါ်စရာလည်း မလိုတော့ဘူးပေါ့။

တက်တူးထိုးထားရင် ရေပူစမ်းမှာ ရေဆင်းချိုးလို့မရပါဘူး။ တက်တူးထိုးထားရင် ကြည့်ရဆိုးတယ်၊ လူမိုက်လိုလို ဘာလိုလိုနဲ့လို့ ဂျပန်တွေကယူဆလေ့ရှိပြီး တက်တူးနဲ့ ရေထဲဆင်းမယ်ဆိုရင်လည်း ရေညစ်ပတ်သွားလိမ့်မယ်လို့ သူတို့က ယူဆလေ့ရှိပါတယ်။ ဒါပေမဲ့ ခေတ်ကာလတွေပြောင်းလာတော့ ရေပူစမ်းပိုင်ရှင်တွေက တိုးရစ်တွေအ တွက် အဆင်ပြေအောင် ရှာကြံပေးလာကြပါတယ်။ အဲဒါကတော့ တက်တူးထိုးထားတဲ့နေရာကို အသားရောင် ပလာစတာတွေ ကပ်ပေးလိုက်တာပါပဲ။ ဒီတော့ တက်တူးတွေ ဖုံးသွားတာပေါ့။
#NPNews

Related news

© 2021. All rights reserved.