ရန်ကုန်တွင် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သူ (၁၉) ဦးကို ဆက်စပ်ပစ္စည်းများဖြင့်ဖမ်းဆီးရမိကြောင်းထုတ်ပြန်

 2299

NP News - ဩဂုတ် ၃ဝ
ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ “လရိပ်ချို” တည်းခိုခန်းသို့ ရောက်ရှိနေသည့် အမျိုးသား (၃)ဦးကို ဩဂုတ်လ (၂၂)ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်ကြောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသား ၁၅ ဦးနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ဆက်လက်ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီသတင်းမှန်ပြန် ကြားရေးအဖွဲ့က ဩဂုတ်လ (၂၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများသည်ဧပြီလတွင် လက်နက်ကိုင်အဖွဲ့များထံ၌ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များတွင် လက်လုပ်မိုင်း (၄) ကြိမ်ဖောက်ခွဲခဲ့ကာ လုပ်ကြံပစ်ခတ်မှု (၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖောက်ခွဲရေးများ လုပ်ဆောင်ခဲ့သူတရားခံ (၁၉) ဦးအား ပစ္စတို သေနတ် (၆) လက်၊ ကျည်အိမ် (၈) ခု၊ (၉) မမ ကျည် (၁၁၉) တောင့်၊ လက်လုပ်ဂက်စ်သေနတ် (၁) လက်၊ လက်လုပ်ပွိုင့် -၂၂ သေနတ် (၁) လက်၊ ကျည်မျိုးစုံ (၉၇) တောင့်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ လက်လုပ်မိုင်း (၁၂) လုံး၊ ဒီတိုနေတာ (၁) ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၄င်းတို့အနက် အမျိုးသားတစ်ဦးသည် အဖမ်းမခံဘဲတိုက်အမိုးပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးစဉ် ခြေချော်၍ တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး အခြားဆက်စပ်တရားခံများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန်အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက စစ်ကောင်စီထံသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကိုလည်း ထိုက် တန်စွာ လျှို့ဝှက်၍ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
#NPNews

Related news

© 2021. All rights reserved.